စစ်တွေ – ရန်ကုန် လေယာဉ်လက်မှတ်ဈေး ခုနစ်သိန်းခန့်အထိ ရှိလာ

By RFA / 2024 February    6

ရန်ကုန်မြို့ကိုထွက်ခွာရန် စောင့်ဆိုင်းနေသည့် ဒေသခံအချို့အား စစ်တွေ လေဆိပ်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရခိုင်ပြည်နယ် စစ်တွေနဲ့ ရန်ကုန် လေယာဉ်လက်မှတ်တစ်စောင် နှစ်သိန်းဝန်းကျင်ကနေ လက်ရှိ လေးသိန်း နီးပါး ရှိလာပေမယ့် ပုံမှန်ခရီးစဉ်အတွက် လက်မှတ်ဝယ်မရတာကြောင့် ခုနစ်သိန်းခန့်အထိ တိုးပေးပြီး စင်လုံးငှား သွားနေရတယ်လို့ ခရီးသွားလာနေရတဲ့ ဒေသခံတွေက ဒီနေ့ ပြောပါတယ်။

အရင်နှစ်သိန်းခန့်သာရှိတဲ့ လက်မှတ်ခဟာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲစဖြစ်ချိန်ကစပြီး (၃၈၀,၀၀၀) အထိရှိလာသလို အခုဖေဖော်ဝါရီလနဲ့ မတ်လအထိလည်း လက်မှတ်တွေကုန်နေပြီလို့ ဆိုပါတယ်။

ဒါကြောင့် ပုံမှန်လက်မှတ် ဝယ်မရသူတွေဟာ လက်မှတ်တစ်စောင်ကို ခုနစ်သိန်းခန့်ပေးပြီး စင်းလုံးငှားထားတဲ့ လေယာဉ်တွေနဲ့ သွားနေကြရတယ်လို့ ကိုယ်တိုင် ခရီးသွားလာခဲ့ရသူတစ်ဦးက RFA ကို ပြောပါတယ်။

“အခုက လေယာဉ်လက်မှတ်တွေက မတ်လကုန်အထိ မရှိတော့ဘူး။ ဧပြီလလောက်မှပဲ ရတော့မယ်။ အဲဒီ ပုံမှန် လေကြောင်းလက်မှတ်က (၃၈၀,၀၀၀) ပါ။ ဒါပေမဲ့ အခုလူတွေက သွားတာများတော့ လူစုပြီး စင်းလုံးငှား သွားကြတယ်။ အဲဒီလက်မှတ်က ခုနစ်သိန်းလောက်ရှိပါတယ်။ လူတွေကလည်း တိုက်ပွဲဖြစ်ပြီး မြို့ထဲပိတ်မှာကို စိုးရိမ်တယ်လေ။ ဒါကြောင့် ခုနစ်သိန်းဆိုလည်း သွားကြရတာပေါ့။ တခြားရွေးစရာလမ်းတွေ မရှိဘူး”

စစ်ကောင်စီနဲ့အဆင်ပြေပြီး လေကြောင်းလိုင်းနဲ့နီးစပ်တဲ့ သူဌေးတွေဟာ ခရီးသည်တွေ ပုံမှန်လက်မှတ် ဝယ်မရချိန် လေယာဉ်တွေကို စင်းလုံးငှားပြီး လက်မှတ်တစ်စောင် ခုနစ်သိန်းခန့်နဲ့ ပြန်ရောင်းနေတာလို့ ခရီးသွား ဒေသခံတွေက ပြောပါတယ်။

ရခိုင်မှာ တိုက်ပွဲစဖြစ်ချိန်ကတည်းက ကုန်းလမ်း၊ ရေလမ်းအားလုံးကို စစ်ကောင်စီတပ်က ပိတ်ဆို့ထား တာကြောင့် လက်ရှိ လေကြောင်းလမ်းတစ်ခုသာ ကျန်တော့တာပါ။

လက်ရှိလည်း တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီး စစ်တွေမြို့ပေါ်အထိ တိုက်ပွဲဖြစ်လာနိုင်တာကြောင့် တစ်နေ့ကို ဒေသခံနှစ်ရာကျော် ရန်ကုန်ဘက်ကို နေ့စဉ် ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။

ရခိုင်မှာ လူသားချင်းစာနာမှု အကူအညီတွေပေးနေတဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့တွေရဲ့ ဝန်ထမ်း တွေလည်း လုံခြုံရေးအခြေအနေ စိုးရိမ်ရတာကြောင့် ရန်ကုန်ဘက်ကို ထွက်ပြေးနေရတယ်လို့ ကာယကံရှင် တွေနဲ့ အဖွဲ့အစည်းတာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရပါဘူး။

ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် သုံးသိန်းကျော်ရှိပြီး ရန်ကုန်နဲ့ တခြားတိုင်းနဲ့ ပြည်နယ်တွေကို ထွက်ပြေးနေရသူ တစ်သောင်းခန့်ရှိတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ 

_________

https://www.facebook.com/rfaburmese/posts/796730132488391

Leave a Reply

Your email address will not be published.