By Narinjara / 2024 February 22
မေး- လက်ရှိစစ်တွေမြို့ရဲ့အခြေအနေလေး တချက်ပြောပြပေးပါလား။
ဖြေ-စစ်တွေအခြေအနေက စစ်တပ်ဘက်က ညမထွက်ရ စာထုတ်ထားတဲ့အချိန်ကပဲ အခုထိတော့ ပုံမှန်ပါ။ လက်နက်ကြီးကတော့ ရံဖန်ရံခါပစ်ပါတယ်။ လက်နက်ကြီးကအရင်ကလည်း ပစ်တယ်လေ။ ပါဒလိတ်ဘက်နဲ့ စစ်တပ်တပ်ရင်းတွေကတော့ အခုလည်း လက်နက်ကြီးတွေကတော့ပစ်ပါတယ်။
မေး- စစ်တွေမြို့မှာ အခုရှိနေတယ်ဆိုတော့ စစ်ရေးအခြေအနေနဲ့ လေဆိပ်မှာ ဖမ်းခံထားရတဲ့သူတွေ အခြေအနေတွေ ဘယ်လို ရှိနေလဲ။
ဖြေ-ပတ်ဝန်းကျင်မှာတော့ စစ်ရေးသတင်းတွေကတော့ပုံမှန်ပါပဲ။ ဒါပေမယ့် ရန်ကုန်ကနေ စစ်တွေကို လာတဲ့ လူတွေကိုဖမ်းပါတယ်။ ဥပမာ ဒီနေ့လေယာဥ်လေးစီးဖမ်းတယ်ဆိုရင် ဖမ်းထားတဲ့ သူတွေကို တယောက်ကိုမှပြန်မလွှတ်ဘူး။ လောကနန္ဒာထဲက ဗိဗ္မာန် ထဲမှာထားပါတယ်။ ဖမ်းနေတာ နှစ်ရက် သုံးရက်ရှိပါပြီ။ ၁၉ ရက်နေ့ကပဲစပြီးဖမ်းနေတာ။ အဲဒီနေ့က ညဘက် ၉ နာရီလောက်က စစ်ဆေးပြီးတာနဲ့ အမျိုးသမီးတွေကိုပြန်လွှတ်ပေးလိုက်တယ်လို့ကြားတယ်။ ယောကျာ်းတွေကိုတော့ ဖမ်းထားလိုက်တယ်။ နောက်ထပ် ၂၀ ရက်နေ့လေယာဥ်နဲ့လာတဲ့လူတွေကိုလည်းဖမ်းတယ်။ ၂၁ ရက်နေ့လည်း ထပ်ဖမ်းတယ်။ ပြီးတော့ လွှတ်လည်းမလွှတ်ပေးသေးပါ။ စုစုပေါင်းအထဲမှာ ၁၂၀ ထက်များတယ်လို့သိရပါတယ်။ ပထမဖမ်းတဲ့နေ့ကဆိုရင် ထမင်းစားဖို့အပြင်ကိုထွက်လို့ရတယ်။ ညကနဲ့ ဒီနေ့မှာတော့ ဘယ်ကိုမှ ထွက်ခွင့်မပေးဘဲပိတ်ထားတယ်။ ညီမတို့ ဟိုနေ့က အဲဒီဘက် ရောက်တော့ သူတို့ဆီက ငါးသောင်းစီတောင်းနေတယ်လို့လည်း ကြားတယ်။ ဒါပေမယ့်အတွင်းက လူတွေကတော့အဲလိုပြောတာမရှိပါဘူး။
မေး- စစ်တွေမှာအခုလက်ရှိ ပြည်နယ်စစ်ကောင်စီဌာနဆိုင်ရာရုံးတွေအခြေအနေကဘယ်လိုရှိလဲ။
ဖြေ- ရုံးတွေကတော့ပုံမှန်ပါပဲ။ သူတို့ဌာနဆိုင်ရာဝန်ထမ်းတွေကို မြို့ကထွက်ခွင့်မပေးဘူး။ ဒီအတိုင်း ပုံမှန်ရုံးတက်နေကြပါတယ်။ သူတို့တွေကပုံမှန်ပါပဲ။ပြည်သူတွေသာ ကြောက်လို့နည်းနည်း နယ်ဘက်တွေကိုပြေးတယ်။ အခုက ရန်ကုန်ဘက်တွေလည်းပြေးလို့မရတော့ဘူးဆိုတော့ နယ်ဘက်တွေကိုပြေးကြတာတွေရှိတယ်။
မေး- အခုရက်ပိုင်း စစ်တွေမြို့က ပြည်သူတွေအခြေအနေကရောဘယ်လိုရှိလဲ ။ ရှောင်ပြေးသူတွေများနေလား။
ဖြေ- ရှောင်ပြေးတဲ့သူတွေက အရင်ကရန်ကုန်ဘက်ကိုပြေးပေမယ့် အခုနောက်ပိုင်း အဖမ်းဆီးတွေ ရှိလာတော့ နယ်ဘက်တွေကိုပြေးတာတွေရှိတယ်။ ဒီဘက်မှာ စစ်တွေမှာစစ်ဖြစ်မယ်ဆိုတဲ့အခါ ကြောက်လို့နယ်ဘက်တွေကိုပြေးကြတာပေါ့။
မေး- စစ်တွေ မြို့ဝန်းကျင်မှာ စစ်တပ်ဘက်ကဘာတွေပြင်ဆင်နေတာမျိုးရှိနေလဲ။
ဖြေ- အရင်ကဆို ရွှေပြည်သာရပ်ကွက်ဘက်ကိုသွားရင် အဲဒီဘက်မှာ တပ်စွဲထားတာမျိုး သိပ်မရှိခဲ့ဘူး။ အခုနောက်ပိုင်း ရွှေပြည်သာ၊ ကျေးတောပိုက်ဆိပ်ဘက်တွေမှာ စစ်တပ်တပ်ရင်းတွေကလာပြီးတော့ တပ်စွဲထားတယ်လို့သိရတယ်။
မေး-စစ်တွေ ရွှေပြားဘက်မှာ ဗုံးကွဲတယ်ဆိုတာကဘယ်လိုလဲ။
ဖြေ- အဲဒီဘက်မှာ ပေါက်ကွဲမှု ဖြစ်တာကတော့ ဟုတ်ပါတယ်။ ဗုံးကွဲတာလား။ လက်နက်ကြီး ကျပြီးကွဲတာလားဆိုတာတော့ မသိနိုင်ပါဘူး။ သွားလည်းမကြည့်ရဲဘူးလေ။
https://www.facebook.com/narinjara.info/posts/800721728761625