စစ်တွေမြို့တွင် အမျိုးသမီးငယ် ၁ဦးအပါအဝင်  ၁၄ဦးကို စစ်ကောင်စီက အဓမ္မဖမ်းဆီး

By Arakan Bay News / 2024 February      23

ဓာတ်ပုံ-ရခိုင်တွင် စစ်ကောင်စီစစ်ကြောင်း လှုပ်ရှားသွားလာနေသည်ကို တွေ့ရစဥ်/ABN

ရက္ခိုင်ပြည်၊ စစ်တွေမြို့ရှိ မင်းဂံရပ်ကွက်မှ အမျိုးသမီးငယ် ၁ဦးအပါအဝင် လူငယ် စုစုပေါင်း ၁၄ဦးကို ယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ၃နာရီခွဲခန့်အချိန့်တွင် အာဏာသိမ်းစစ်ကောင်စီက အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဖမ်းဆီးခံခဲ့ရသူများမှာ စစ်တွေမြို့၊ မင်းဂံ အကွက် ၁၇ မှဖြစ်ပြီး ဖမ်းဆီးခံရသူများ၏ အချက်အလက်များနှင့် ပတ်သက်၍ AB News  မှ ဆက်လက်စုံစမ်းလျက်ရှိသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ၃နာရီခွဲခန့်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီက စစ်တွေမြို့ရှိ မင်းဂံရပ်ကွက်မှ အမျိုးသမီး ၁ဦးနှင့် လူငယ်များအပါအဝင် စုစုပေါင်း ၁၄ဦးကို လူမဆန်စွာ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း စစ်တွေမြို့ခံ ၁ဦးက ပြောသည်။

“ဒီမှာ နေရတာက ငရဲကျနေသလိုမျိုးပါဘဲ။ အပြင်ကို ထွက်လို့လည်း မရဘူး။ ထွက်ရင် စစ်ကောင်စီက ဖမ်းဆီးနေတယ်။ ညမထွက်အမိန့် ထုတ်ပြန်ထားတယ်လို့ ကြားတယ်။ အတိအကျတော့ မသိဘူး။ သူတို့(စစ်ကောင်စီအဖွဲ့)ဟာ ကျနော်တိုကို့ အပြစ်သားတွေလို ပိတ်လှောင်ထားတယ်” ဟု ဆိုသည်။

ယမန်နေ့ ညနေ ၃နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များသည် စစ်ကား ၅စီးအပြင် ဆိုင်ကယ်များဖြင့် မင်းဂံအကွက် ၁၇ ရပ်ကွက်ရှိ ဘုန်းကြီးကျောင်း ၂ကျောင်းကို စီးနှင်းဝင်ရောက်ကာ အမျိုးသမီး ၁ဦးနှင့် လူငယ်များအပါအဝင် စုစုပေါင်း ၁၄ဦးကို  ဖမ်းဆီးခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီအဖွဲ့က စစ်မှုမထမ်းမနေရ ဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက် အကြောင်းအမျိုးမျိုးပြကာ အပြစ်မဲ့ပြည်သူများကို စစ်မှုထမ်းရန် ခေါ်ယူနေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် ရန်ကုန်မှ ပြန်လာသည့် ရက္ခိုင်ပြည်သူများကို ကျောက်ဖြူလေဆိပ်၊ စစ်တွေလေဆိပ်၊ အမ်းလေဆိပ်တို့တွင် ဖမ်းဆီးစစ်ဆေးခဲ့ပြီး သံတွဲ၊ တောင်ကုတ်မြို့များတွင်လည်း စစ်မှုထမ်းဆောင်ရန် စာရင်းကောက်ခံလျှက်ရှိသည်ဟု ဒေသခံများ သတင်းပေးချက်အရ သိရသည်။

https://www.facebook.com/arakanbaynewsinfo/posts/122124203642180219

Leave a Reply

Your email address will not be published.