စစ်တွေတွင် ည ၉နာရီမှစ၍ ညမထွက်ရကြောင်း စစ်ကောင်စီ ကြေညာ

By Western News / 2024 February     1

ပုံစာ- စစ်တွေမြို့ အတွင်းသို့ စစ်ကောင်စီတင့်ကားများ ၂၀၂၃ ခုနှစ်အတွင်းက ရောက်ရှိလာစဉ်။

ရခိုင်ပြည်၊ မြို့တော် စစ်တွေမြို့တွင် ည ၉ နာရီမှ နံနက် ၄နာရီအတွင်း ပြည်သူများအပြင် ထွက်သွားလာခြင်းမပြုလုပ်ကြရန် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေပိုင်း စစ်ကောင်စီက မြို့တွင်း လိုက်လံကြေညာခဲ့သည်။

အဆိုပါအမိန့်ကို စစ်ကောင်စီက ယနေ့ ညနေပိုင်း စစ်တွေမြို့အတွင်း လော်စပီကာများဖြင့် လိုက်လံကြေညာခဲ့ခြင်းဖြစ်ပြီး မလိုက်နာပါက ပြင်းထန်သည့် အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း စစ်ကောင်စီ ကြေညာချက်တွင် ပြောဆိုသွားသည်။

အမည်မဖော်လိုသည့် စစ်တွေဒေသခံတစ်ဦးက “ရပ်ကွက်ထဲမှာ လော်စပီကာနဲ့ လိုက်ပြီးကြေညာသွားတာ။ လူတွေက လက်နက်ကြီးပစ်သံတွေ သေနတ်ပစ်သံတွေကြောင့် ကြောက်လန့်နေကြချိန်မှာ အခုလို ထပ်ကြေညာတော့ စိုးရိမ်စိတ်တွေပိုဖြစ်ရတာပေါ့ “ ဟု ပြောသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သော ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီခရိုင်အုပ်ချုပ်ရေးမှူး ရုံးသို့အစည်းအဝေးခေါ်ယူကာ စစ်တွေမြို့ကို ရက်အကန့်အသတ်မရှိ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့သည်။

အမည်မဖော်လိုသည့် စစ်တွေမြို့ အုပ်ချုပ်ရေးမှူး တစ်ဦးက”အရင်ကတည်းက ပြောထားတာကို အခု ထပ်ပြီး လိုက်ကြေညာတဲ့သဘောပါ။ ကျွန်တော်တို့က ညွှန်ကြားချက်အတိုင်း လုပ်ရတဲ့သဘောပါပဲ “ ဟု ဆိုသည်။

လက်ရှိတွင် စစ်တွေမြို့အဝင်ဝရှိ အမှတ် ၃၅၄ တပ်ရင်းမှလည်း နေ့စဥ်နီးပါးဆိုသကဲ့သို့ လက်နက်ငယ်များ ပစ်ခတ်သံကြားနေရကြောင်းနှင့် ၃၅၄ တပ်ရင်းဘက်မှ စစ်ကောင်စီတပ်သားများစွာပါဝင်သည့် ကားများသည် နေ့စဥ်ဆိုကဲ့သို့ အမှတ် ၁၂ ရဲတပ်ရင်းဘက်ကို သွားလာနေသည်ကိုလည်း တွေ့မြင်နေကြရကြောင်း ဒေသခံများကဆိုသည်။အမည်မဖော်လိုသည့် မင်းဂံရပ်ကွက် နေဒေသခံတစ်ဦးက “၃၅၄ တပ်ရင်းထဲမှာဆိုရင် စစ်သားမိန်းမတွေကို သေနတ်ပစ် လေ့ကျင့်နေကြတယ်လို့ကြားတယ်။ နေ့တိုင်းနီးပါး အဲ့ဒီဖက်က သေနတ်ပစ်သံတွေကို ကြားနေရတယ်။ အခုညမထွက်ရဘူးလို့လိုက်ကြေညာနေလည်းကြားလိုက်ရတယ်။ အမှန်က ညဘက်ဆိုရင် သူတို့ကိုကြောက်လို့ ဘယ်သူမှအပြင်မထွက်ကြပါဘူး။ သူတို့ပဲထွက်နေကြတာ “ ဟုဆိုသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့တိုက်ပွဲ အရှိန်မြင့်တက်လာချိန်တွင် စစ်ကောင်စီဘက်မှ ယခုကဲ့သို့ ထုတ်ပြန်လာခြင်းသည် ပြည်သူများအပေါ် အကြောက်တရားပေးခြင်းသာဖြစ်ပြီး စစ်ကောင်စီ၏ စိုးရိမ်စိတ်ကို ပြည်သူများအပေါ် ပုံချနေခြင်းသာဖြစ်ကြောင်း စစ်တွေမြို့မိဖ တစ်ဦးက ဆိုသည်။

“ပြည်သူတွေကို သက်သက်မဲ့ မကြောက်ကြောက်အောင်လုပ်နေတာ။ အပြင်ကို သတ်မှတ်ချိန်မှထွက်ရင်လည်း သူတို့ဖမ်းချင်ရင် ဖမ်းနေတာ။ သူတို့ပစ်ချင်ရင်ပစ်နေတာ။ သူတို့ စိတ်ထဲမှာဖြစ်နေတဲ့အကြောက်တရားတွေကို ပြည်သူတွေဆီကို ပုံချနေကြတာ “ဟု သူကဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ရက်နေ့မှ စတင်ကာ စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်နယ်ရှိ ကုန်းလမ်းရေလမ်းများကို သွားလာခွင့်ပိတ်ပင်ထားပြီး အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခြင်း၊ လမ်းသွားလမ်းလာများကို ပတ်ခတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်လျှက်ရှိကြောင်း ဒေသခံများကဆိုသည်။

https://www.facebook.com/westernnewsagency/posts/829579085848186

Leave a Reply

Your email address will not be published.