By Western News / 2024 February 1

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် ဓညဝတီ ရေတပ်ဌာနချုပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သား ၅ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့သည်။၊
ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လည် ၂ နာရီကျော်ခန့်တွင် ကျောက်ဖြူမြို့နယ်တွင် ဓညဝတီ ရေတပ်ဌာနချုပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျောက်ဖြူမြို့နယ် သိုင်းချောင်းကျေးရွာနှင့် ဇိုင်ချောင်ကျေးရွာ အတွင်းသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ ခြင်းဖြစ်သည်။
ယနေ့ ဖေဖော်ဝါရီ ၁ရက်နေ့ ကျောက်ဖြူမြို့နယ် ကားလမ်းနံဘေးရှိ ရွာတချို့ကို စစ်ကောင်စီက စစ်ကြောင်း ထိုးလာသည့် အတွက် ရက္ခိုင့်တပ်တော် AAနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲပြီး အဆိုပါ ဓညဝတီရေ တပ်ဌာနချုပ်ရှိ တပ်မ ၁၃ မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။
ယင်းသို့ စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ကျောက်ဖြူမြို့နယ် သိုင်းချောင်းကျေးရွာနှင့် ဇိုင်ချောင်ကျေးရွာအတွင်း လက်နက်ကြီးကျည် ၃ လုံးကျရောက်ပေါက်ကွဲခဲ့သလို အူချေကျေးရွာထဲကိုလည်း လက်နက်ကြီးကျည် ၄ လုံးကျရောက်ပေါက်ကွဲခဲ့သည်။
သိုင်းချောင်းနှင့် ဇိုင်ချောင်းပျက်စီးမှု ရှိမရှိမသိရသေးလို့ အူချေကျေးရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တလုံး မီးလောင်ပျက်စီးသွားခဲ့ကာ လူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတဦးက ဆိုသည်။
“ဒီနေ့နေ့လည် စစ်ကောင်စီတပ်သားတွေက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတယ်၊ အဲဒီမှာ ရခိုင့်တပ်တော်က လမ်းမှာကြားဖြတ်ဟန့် တားပစ်ခတ်မှုရှိခဲ့တယ်၊ ထိတွေ့မှုဖြစ်တာလောက်ပါပဲ။ သေနတ်တချို့ ပစ်ခတ်တာတော့ကြားရတယ်၊ တိုက်ပွဲဖြစ်တာတော့မဟုတ်ဘူး၊ ဒါကိုဓညဝတီ ရေတပ်ဌာနချုပ်ထဲမှာရှိတဲ့ ၁၃ တပ်ကနေ လက်နက်ကြီးနဲ့ ရွာတွေကို ရမ်းသမ်းပစ်ခတ်လို့ အူချေရွာမှာ လက်နက်ကြီးကျည် ၄ လုံးကျည်ရောက်ပေါက်ကွဲပြီး လူ ၅ ယောက်ဒဏ်ရာရသွားတယ်”ဟုပြောသည်။
ယင်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါ နေအိမ်များမှာ မီးလောင်ပျက်စီးခဲ့ပြီး အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ကျေးရွာသားများ ကြောက်လန့်ပြီး နီးစပ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“အိမ်တွေ မီးလောင်သွားတယ်၊ သိုင်းချောင်းရွာနဲ့ ဇိုင်ချောင်းရွာထဲကိုလည်း လက်နက်ကြီးကျည် ၃ လုံးကျတယ်လို့ သိရတယ်၊ ထိခိုက်မှုရှိမရှိတော့ မသိရသေးဘူး” ဟု ဒေသခံတဦးမှပြောသည်။
https://www.facebook.com/westernnewsagency/posts/829621592510602