By Narinjara / 2024 February 4

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ပုဂ္ဂလိက ဆေးရုံဆေးခန်းများ၊ ဆေးဆိုင်များ အနေဖြင့် မည်မျှ အရေးကြီးသည့် လူနာပင်ဖြစ်စေ ဆေးသုံးရက်စာထက် ပိုမရောင်းရန် စစ်ကောင်စီက အတင်း လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ဖေဖော်ဝါရီလ ၃ ရက်က ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံအုပ်အပါအဝင် ပုဂ္ဂလိကဆေးရုံဆေးခန်းများမှ ဆရာဝန်များကိုအစည်းအဝေးခေါ်ယူကာ စစ်ကောင်စီက လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကျန်းမာရေးအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
ကျောက်ဖြူမြို့ရှိဆေးရုံဆေးခန်းများသို့ ရောက်လာသည့် မည်မျှအရေးပေါ်အခြေအနေလူနာဖြစ်စေ (ဆီးချိုနှင့်တီဗီရောဂါသည်များမှအပ) ဆေးသုံးရက်စာထက်ပိုမရောင်းရန်၊ ဆေးတမျိုးကို တစ်ကတ်ထက်ပိုမရောင်းရန် လက်မှတ် ထိုးခိုင်းခဲ့ကြောင်း သိရသည်။
” မနေ့က ဆေးရုံအုပ်ကြီးရယ်။ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေက ဆရာဝန်တွေကိုခေါ်ပြီးတော့ လက်မှတ် ထိုးခိုင်းပါတယ်။ ဆေးကုသခွင့် ကန့်သတ်လိုက်တာပေါ့။ ဘယ်လူနာပဲဖြစ်ဖြစ် ဆေးသုံးရက်စာထက် ပိုမရောင်းရဘူး။ ဆေးတစ်မျိုးကိုတစ်ကတ်ထက်ပိုမရောင်းရဘူးဆိုတာတွေပါ” ဟု ကျန်းမာရေးအသိုင်းအဝိုင်းမှ သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြော။
စစ်တပ်ဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူနှစ်ဦး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ကျောက်ဖြူမြို့မ ရဲတပ်ဖွဲ့ဝင်များက ဆေးရုံတွင်အစည်းအဝေးခေါ်ယူက လက်မှတ်ထိုးခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“အခုလို ကန့်သတ်တာက ဘာကြောင့်လည်းဆိုတာသူတို့ ရှင်းမပြဘူး။ ဒါပေမယ့် ရက္ခိုင့်တပ်တော်ဆီကို ဆေးတွေ မရောက်ရအောင် သူတို့ တားမြစ်တယ်လို့တော့ မြင်ပါတယ်”ဟု၎င်းက ပြောဆိုသည်။
အလားတူ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးတွင်လည်း ဆီးချိုနှင့်တီဗီရောဂါသည်များ ကိုသာ ဆေးတစ်လစာထုတ်ရောင်းခွင့်ပေးပြီး တခြားမည်သည့်လူနာမဆို ဆေးသုံးရက်စာထက်ပိုမရောင်းရဟု ညွှန်ကြားအမိန့်ထုတ်ထားသည်ဟု ကျန်းမာရေးအသိုင်းအဝိုင်းမှ သိရသည်။
” ဆေးရုံကြီးမှာလည်း တီဗီနဲ့ဆီးချိုရောဂါသည်တွေကိုလောက် ဆေးတစ်လစာ ထုတ်ရောင်းခွင့် ရတယ်။ ကျန်တဲ့လူနာတွေဆေးသုံးရက်စာထက် ပိုမရောင်းရဘူး” ဟု ကျန်းမာရေး အသိုင်းအဝိုင်းမှ သတင်းရင်းမြစ်ကပြောသည်။
ကျောက်ဖြူမြို့ပေါ်တွင်သာ လူနာများကို ဆေးသုံးရက်စာ ရောင်းချခွင့်ရပြီး မြို့ပေါ်မှဆေးများကို နယ်ကျေးရွာများသို့ သယ်ယူခွင့်ကိုလည်း ပိတ်ပင်ထားပြီး စစ်ဆေးရေးဂိတ်များက စောင့်ကြပ် ဖမ်းဆီးသဖြင့် ကျန်းမာရေးအတွက် အထူးအခက်အခဲဖြစ်နေကြသည်ဟု ဒေသခံကျေးရွာသားများက ပြောသည်။
ဂုံးချွိန်အုပ်စုက အမျိုးသမီးတစ်ဦးက” ဆေးသုံးရက်စာရောင်းလို့ဝယ်ရတယ်ဆိုတာ ကျောက်ဖြူမြို့ပေါ် တစ်ခုတည်းပါ။ နယ်ဘက်တွေကို ဘာဆေးဝါးမှယူလို့မရဘူး။ ယူရင်ယူလာတဲ့သူကိုဖမ်းတယ်။ နယ်က မကျန်းရေးမမာရေးဖြစ်နေတဲ့လူနာတွေလည်း မြို့မှာဆေးကုသဖို့သွားလို့မရအောင် တားဆီး ထားတယ်” ဟု ပြောသည်။
ရခိုင်တိုက်ပွဲစတင်သည့်နေ့မှစ၍ ယနေ့အချိန်ထိ စစ်ကောင်စီက ကျောက်ဖြူမြို့ကို စစ်ဆေးရေး ဂိတ်များမှ သွားလာခွင့်ကို ပိတ်ဆို့ထားပြီး နယ်ကျေးရွာများဘက်မှ ဆေးရုံ တက်ရောက် ကုသခွင့်မရဘဲသေဆုံးသွားသည့် ဒေသခံ အနည်းဆုံး(၁၀) ဦးခန့်ထိရှိနေပြီဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။
ယနေ့ဖေဖော်ဝါရီလ ၄ ရက်၊ မနက်ပိုင်းတွင်လည်း ဂုံးချွိန်အုပ်စု၊ ရွာသာယာက အမျိုးသမီးငယ် တစ်ဦးမှာ မတော်တဆထိခိုက်ဒဏ်ရာရရှိ၍ မြို့ပေါ်ဆေးကုသနိုင်ရန်သွားရောက်ခဲ့ရာ စစ်ကောင်စီ၏ ကျောက်တလုံးစစ်ဆေးရေးဂိတ်က ပြန်လှည့်လာခဲ့ရကြောင်း သိရှိရသည်။
ရိုးရိုးဖျားနာသော သူများ ဆေးရုံသို့ တက်ရောက်ဆေးကုသလျှင်လည်း တောခို၍ ဖျားသလား စသည့်ဖြင့် မေးမြန်းစစ်ဆေးမှုများရှိပြီး သေချာစိစစ်ပြီးမှ ဆေးကုသခွင့် ပေးသည်ဟု လည်း သိရသည်။(NN-23)
https://www.facebook.com/narinjara.info/posts/789049819928816