By Western News / 2024 February 3
ကုန်းလမ်းရေလမ်းသွားလာခွင့် ကန့်သတ်ခံ ထားရခြင်း နှစ်လကျော်လာသည့် ရခိုင်ပြည်တွင် အခြေခံစားသောက်ကုန် အပါအဝင် ကုန်စည်များအားလုံး စံချိန်တင်စျေးမြင့်တက်လျှက်ရှိကြောင်း ဒေသခံများက ပြောသည်။
ရက္ခိုင့်တပ်တော်နှင့် တစ်ကျော့ပြန်တိုက်ပွဲ ပြန်လည်စတင်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့နံနက်ပိုင်းမှ စတင်ပြီး ရခိုင်ပြည်ရှိ ကုန်းလမ်းများကို သွားလာခွင့် စတင်ပိတ်ပင်ခဲ့ပြီး နောက်ပိုင်းတွင် ရေလမ်းသွားလာခွင့်ကိုပါ ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။
ထိုသို့ပိတ်ပင်ထားသည်မှာ နှစ်လကျော် ကြာမြင့်လာနေပြီဖြစ်ပြီး ဒေသတွင်း ကုန်စျေးနှုန်း စံချိန်တင်မြင့်တက်မှုနှင့် ကုန်စည်ပြတ်လပ်မှုဒဏ်များကိုပါ ခံစားလာနေကြရကြောင်း ဒေသခံများက ဆိုသည်။
“ကုန်စည်တွေကို တစ်မြို့နဲ့တစ်မြို့ သယ်လို့မရတော့ အရင်က ဝယ်ထားတဲ့ ကုန်တွေကို လက်ထဲရှိသလောက်ပဲ ရောင်းနေရတယ်။ စျေးမှာရှိတဲ့ လက်ကားဒိုင်တွေကလည်း စျေးတွေထိုးတက်သွားတော့ ဒီနေ့ရောင်းရတဲ့ငွေက မနက်ဖြန်အတွက် အရင်းတောင်ပြန်မရတာမျိုးနဲ့ ကြုံနေရပါတယ်” ဟု စစ်တွေမြို့မှ ကုန်စုံဆိုင်ရောင်းချသူ ဒေါ်သန်းသန်းမြင့် ကပြောသည်။
ကုန်သည်များ အနေဖြင့် ပြည်သူများကို စျေးနှုန်းသက်သက်သာသာဖြင့် ရောင်းချပေးလိုသော်လည်း စစ်ကောင်စီမှ ကုန်စည်သယ်ယူခွင့်ကို ကန့်သတ်ထားသည့်အတွက် ကုန်စည်ဝယ်လိုအားများလာချိန်တွင် ယခုကဲ့သို့ စံချိန်တင်စျေးနှုန်းမြင့်တက်လာရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် စားသုံးကုန်ရောင်းဝယ်နေသူတစ်ဦးက ဆိုသည်။
“ကုန်တွေက လက်ထဲရှိတာကိုထုတ်ရောင်းနေကြတော့ စျေးက ရောင်းတဲ့သူရဲ့ ပါးစပ်မှာပဲ ရှိနေသလိုဖြစ်နေတယ်။ ဒီနေ့မနက် စျေးတစ်မျိုး ဆိုရင် နေ့တောင်မကူးသေးဘူး နောက်တစ်မျိုးထပ်တက်သွားတာမျိုးတွေတောင်ရှိတယ်။ နောက်ပြီး လူတွေက ကုန်တွေပြတ်မှာစိုးရိမ်ပြီး အလုအယက်ဝယ်ကြတော့ အခုလို စျေးနှုန်းတွေမြင့်တက်ကုန်တာပေါ့၊ ကျွန်တော်တို့မှာဆိုရင် တစ်ချို့နာမည်ကြီး ဆီသန့်တံဆိပ်တွေဆိုရင်ကုန်နေတာကြာပြီ “ဟု ထောက်ပြပြောဆိုသည်။
စစ်ကောင်စီအနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ရက်နေ့က ရခိုင်ကုန်သည်ကြီးများအသင်းအား တန်ချိန် ၄၀၀၀ တင်ဆောင်နိုင်သည့် သင်္ဘောဖြင့် ရန်ကုန်မှ စစ်တွေသို့ ကုန်စည်သယ်ယူခွင့်တစ်ကြိမ် ခွင့်ပြုခဲ့သော်လည်း လက်ရှိမြေပြင်တွင်မူ အဆိုပါကုန်စည်များကြောင့် စျေးအနည်းငယ်သာ ပြန်လည်ကျဆင်းခဲ့ကြောင်း ဒေသခံများကဆိုသည်။
ယခင် တစ်ကျော့ပြန်တိုက်ပွဲမဖြစ်ပွားမီက ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ငွေကျပ် ၈၅၀၀၀ခန့်၊ စားသုံးဆီ တစ်ပိဿာလျှင် ၈၀၀၀ ခန့်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀၀ ခန့်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၄၀၀၀ ထောင်ခန့်နှင့် ချင်းစိမ်း တစ်ပိဿာလျှင် ၆၀၀၀ခန့်သာရှိခဲ့သော်လည်း လက်ရှိတွင် ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ငွေကျပ် ၁၈၀၀၀၀ခန့်၊ စားသုံးဆီ တစ်ပိဿာလျှင် ၂၆၀၀၀ခန့်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၃၀၀၀၀ခန့်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၂၀၀၀၀ခန့်နှင့် ချင်းစိမ်း တစ်ပိဿာလျှင် ၅၀၀၀၀ခန့်အထိ အဆမတန် စျေးမြင့်တက်လျှက်ရှိကြောင်း သိရသည်။
ထိုသို့ ကုန်စည်စျေးနှုန်း အဆမတန်မြင့်တက်သွားသည့်အတွက် ပြည်သူများအနေဖြင့် များစွာအခက်တွေ့နေကြရပြီး ကုန်ပစ္စည်းပြတ်လပ်မှုကိုလည်း ယခုထက်ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်မိကြောင်း ဒေသခံများကဆိုသည်။
စစ်တွေမြို့ ဒေသခံအိမ်ရှင်မတစ်ဦးက “အရင်တုန်းကဆိုရင် ငွေငါးထောင်ဆိုရင် မိသားစု တစ်နေ့စာရတယ်။ အခုက ကြက်သွန်ဖြူတစ်ဥကို တစ်ထောင်ဖြစ်နေပြီ၊ ချဥ်ပေါင်ရွက်တစ်စီးကို ၅၀၀၊ ခြောက်ရာဖြစ်နေပြီ။ ကုန်စျေးနှုန်းတက်လို့ ကြက်ဥနဲ့စားမယ်ဆိုရင်တောင် တစ်လုံးကို ၈၀၀နားကပ်နေပြီ။ ကြာရင် အဟာရပြတ်ပြီးသေရဖို့ပဲရှိတယ် “ဟု ဆိုသည်။
ရခိုင်ပြည် စစ်ကောင်စီအနေဖြင့် သွားလာခွင့်များကို ပိတ်ပင်စဥ်က လုံခြုံရေးအခြေအနေ အကြောင်းပြချက်ဖြင့်ပိတ်ပင်ခဲ့ပြီး မည်သည့်အချိန်တွင်ပြန်လည် ဖွင့်ပေးမညိကိုမူ တျကျစွာပြောဆိုထားခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ၂၀၁၈ – ၂၀၁၉ ခုနှစ်အတွင်းက ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲဖြစ်ပွားစဥ်ကာလကလည်း ရခိုင်ပြည် မြောက်ပိုင်းဒေသရှိ မြို့နယ် အချို့ကို သွားလာခွင့်နှင့် ကုန်စည်သယ်ယူခွင့်အချို့ ပိတ်ပင်မှုများရှိခဲ့သော်လည်း ယခုအကြိမ်တွင် တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ကာလရှည်ကြာစွာ သွားလာခွင့်ပိတ်ပင်ထားခြင်းလည်း ဖြစ်သည်။
ထို့အပြင် တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်အတွင်း မြို့အချို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နေ့နံနက်ပိုင်းမှ စ၍ အင်တာနက်၊ ဖုန်းလိုင်းများကို လည်း လက်ရှိအချိန် အထိ ဖြတ်တောက်ထားသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/830542935751801