၁၀၂၇ စစ်ဆင်ရေးနှင့် အပစ်ရပ်ခြင်း၊ မရပ်ခြင်း ဝိရောဓိ

By Narinjara / 2024 January     22

နိဒါန်း

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” သည် ဟိုင်ဂင်သဘောတူညီချက် နှင့်အတူ အမှန်တကယ်ရပ်တန့်သွားခဲ့ပြီလားဟု အမေးရှိလာခဲ့ပါမူ “နိုး” ဟုသာ တလုံးတည်း ဖြေဆိုရမည် ဖြစ်သည်။ အကြောင်းမူ “၁၀၂၇ စစ်ဆင်ရေး” ၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များသည် ရာနှုန်းပြည့် ပြီးမြောက်သွားပြီဟု မဆိုနိုင်သကဲ့သို့ ဆိုခဲ့ပါသဘောတူညီချက် ရရှိပြီးနောက်ပိုင်း တွေ့ရှိရသော ပဋိပက္ခတိုက်ပွဲများက သက်သေပြနေပါသည်။

BNI-Myanmar Peace Monitor ၏ နှစ်ပတ်တကြိမ်ထုတ်ဝေသော သတင်းသုံးသပ်ချက်တွင် ၁၀၂၇ စစ်ဆင် ရေးနှင့်အတူ တွေ့ရှိရသော အကြောင်းအချက်၊ ဖြစ်စဉ်ဖြစ်ရပ်များအပေါ် အခြေပြုကာ အပစ်ရပ်ခြင်း၊ မရပ်ခြင်း ဝိရောဓိကို ချဉ်းကပ်တင်ပြသွားပါမည်။

ဟိုင်ဂင်သဘောတူညီချက်များ

တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုကြောင့် ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်၊ ၁၁ ရက်နေ့များတွင် တတိယအကြိမ် တွေ့ဆုံမှုအဖြစ် ဆွေးနွေးခဲ့ကြသည်။ တရုတ်နိုင်ငံ ကူမင်းမြို့ရှိ ဟိုင်ဂင်ဟိုတယ်တွင် ဆွေးနွေးခဲ့ခြင်းကြောင့် နောက်ဆက်တွဲရလာဒ်များအား ဟိုင်ဂင်သဘောတူညီချက်များဟု ညွှန်းဆိုထုတ်ပြန်ခဲ့သည်။သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁၂) ရက် ည ၉ နာရီခွဲတွင် ထုတ်ပြန်သော ညီနောင်မဟာမိတ် (၃) ဖွဲ့၏ “Haigeng Agreement” ဟိုင်ဂင်သဘောတူညီမှု ဆွေးနွေးပွဲ၏ နောက်ဆက်တွဲရလဒ်”[1] ကြေညာချက်ကို လေ့လာကြည့်ပါက သဘောတူညီချက် (၇) ချက် ရှိပြီး တစ်ဖွဲ့ချင်းစီမှ လိုက်နာရမည့်အချက် (၂) ချက်၊ ဆွေးနွေးဘက် နှစ်ဘက်စလုံးမှ လိုက်နာရမည့်အချက် (၃) ချက်နှင့် နောက်ဆက်တွဲသဘောတူညီချက် (၂) ချက်ဟု ခွဲခြမ်းနိုင်ပါသည်။

တစ်ဖွဲ့ချင်းစီမှ လိုက်နာရမည့်အချက် (၂) ချက်တွင် “ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ရှမ်းမြောက်ရှိ စစ်ကောင်စီ၏ စခန်းများ၊ ဗျူဟာကုန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင် မပြုလုပ်ရန် သဘောတူခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ရှမ်းမြောက်ဒေသရှိ မိမိတို့၏ ထိန်းချုပ်၊ သိမ်းပိုက်ထားသော နေရာများအားလုံးသို့ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူခဲ့ကြသည်” ဟု ဖော်ပြထားသည်။

ဆွေးနွေးဘက် နှစ်ဘက်စလုံးမှ လိုက်နာရမည့်အချက် (၃) ချက်တွင်မူ “(၁) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်၊ ညနေ (၉) နာရီခန့်မှ စတင်၍ နှစ်ဘက်တပ်များ ချက်ချင်းအပစ်ရပ်စဲရေး၊ (၂) နှစ်ဘက်တပ်ဖွဲ့ဝင် အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှု မရှိစေရေး၊ (၃) အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်ဖြင့် ဖြေရှင်းရေး” ဟူ၍ သဘောတူညီခဲ့ကြသည်ဟု ဆိုပါသည်။

ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပါဝင်သော ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတို့ အနေဖြင့် တရုတ်-မြန်မာ နယ်စပ်ဒေသရှိ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုံခြုံရေးအား မထိခိုက်စေရန်၊ မဖျက်ဆီးကြရန်နှင့် နှစ်ဦးနှစ်ဖက်စလုံးမှ ချက်ချင်းအပစ်ရပ်စဲရေးဆိုင်ရာ အစီအမံနှင့် အခြားကိစ္စရပ်များကို ဆက်လက် ဆွေးနွေးသွားရန်ဟူသော သဘောတူညီချက် (၂) ချက်ကိုမူ နောက်ဆက်တွဲ သဘောတူညီချက်များ အဖြစ် မှတ်ယူနိုင်ရမည် ဖြစ်သည်။

ဆိုရသော် ဟိုင်ဂင်သဘောတူညီချက်များသည် ရှမ်းမြောက်ဒေသရှိ အရပ်သားပြည်သူများ၏ လုံခြုံရေးနှင့် အသက်ရှင်သန်ရေးအတွက် ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ တရုတ်အစိုးရ၏ စိုးရိမ်ပူပန်မှုကိုသာ ပေါ်လွင် ထင်ရှားနေသည်ဟု ရှုမြင်ရပါသည်။

၁၀၂၇ စစ်ဆင်ရေး၏ ဦးတည်ရာ

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်ရေး၊ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေး၊ မိမိတို့ ဒေသကို  ယခုထက်ပိုမိုထိန်းချုပ်နိုင်ရေး၊ မိမိတို့အဖွဲ့အစည်းများအပေါ် စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်မှုများအပေါ် ဟန့်တားမှု ရရှိနိုင်ရေး၊ မြန်မာပြည်သူတရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ လက်ရှိ တရုတ်-မြန်မာ နယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာသည့် အွန်လိုင်းလောင်းကစားလိမ်လည်မှု ပပျောက်ရေး၊ Online Game (ကျဖျင်) ကုမ္ပဏီများနှင့် အဆိုပါလုပ်ငန်းများကို လုပ်ကိုင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နှင်းနိုင်ရေး စသည့် ရည်ရွယ်ချက်များသည် “၁၀၂၇ စစ်ဆင်ရေး” ၏ ဦးတည်ချက်များ ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တရုတ်-မြန်မာနယ်စပ်ဒေသများမှ စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအရ အရေးပါ သော မြို့ပေါင်း (၁၇) မြို့ကို “၁၀၂၇ စစ်ဆင်ရေး” အတွင်း တော်လှန်ရေးအင်အားစုများဘက်မှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။[2] စစ်ဆင်ရေးကာလအတွင်း ရာနှင့်ချီသော စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများကို ညီနောင်မဟာမိတ် (၃) ဖွဲ့က သိမ်းပိုက်နိုင်ခဲ့သကဲ့သို့ သံချပ်ကာကားများ၊ လေယာဉ်ပစ်လက်နက်များ အပါအဝင် မြောက်များစွာသော စစ်လက်နက်ပစ္စည်းမျိုးစုံကိုလည်း စစ်ကောင်စီတပ်များထံမှ သိမ်းဆည်း ရမိခဲ့သည်။ ရာနှင့်ချီသော စစ်ကောင်စီတပ်သားများသည် ညီနောင်မဟာမိတ် (၃)ဖွဲ့ထံ အစုလိုက်အပြုံလိုက် လက်နက်ချ အညံ့ခံခဲ့ကြသည်။ ထိုအနက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်၊ လောက်ကိုင်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တခုလုံး လက်နက်ချအညံ့ခံမှုသည် အာဏာသိမ်းစစ်အုပ်စု၏ အကြီးမားဆုံးသော ကျရှုံးမှုကို ထင်ရှားစေခဲ့ပါသည်။ ထိုနေ့က ကိုးကန့်တပ်မတော် (MNDAA) ထံ လက်နက်ချအညံ့ခံခဲ့ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် ဗိုလ်မှူးချုပ်အဆင့်ရှိသူ (၆) ဦး၊ အရာရှိအဆင့် ၂၂၈ ဦး၊ ရဲဘော်အဆင့် ၁၈၉၅ ဦး အထိ ရှိခဲ့ပါသည်။[3]

၁၀၂၇ စစ်ဆင်ရေးသည် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ စစ်ဆင်ရေးဖြစ်သည့်တိုင် နွေဦးတော်လှန်ရေး ကာလတွင်မှ ပေါ်ပေါက်လာခဲ့ကြသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်တော် (PLA)၊ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)၊ အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) လက်အောက်ခံ မန္တလေး – ပြည်သူ့ကာကွယ်ရေး တပ်မတော် (MDY-PDF) စသည့် ခုခံတော်လှန်ရေးအင်အားစုများမှ တပ်ဖွဲ့ဝင်များလည်း ပူးပေါင်းပါဝင်နေပါသည်။ ထို့ပြင် အခြားသော နွေဦးတော်လှန်ရေးအင်အားစုအသီးသီး၏ ထောက်ခံကြိုဆိုမှု၊ အားပေးမှုတို့ကိုလည်း ထုနှင့်ထည်နှင့် ရရှိခဲ့သည်ကို တွေ့ရသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့ ကိုယ်တိုင်လည်း ၎င်းတို့၏ “၁၀၂၇ စစ်ဆင်ရေး” မှ စတင်ခဲ့သော တိုက်ပွဲများသည် “တစ်နိုင်ငံလုံးမှ ပြည်သူလူထုတစ်ရပ်လုံးပါဝင်သော စစ်ဆင်ရေး-Nationwide Operation” သို့ ကူးပြောင်းနိုင်မှသာ စစ်ဆင်ရေးအထမြောက်နိုင်မည်ဟု ဆိုထားပြီး ၁၀၂၇ စစ်ဆင်ရေးသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော စစ်ဆင်ရေးဖြစ်သည်ကို သတိမူကာ စစ်ဆင်ရေးထဲတွင် ပုံစံတမျိုးမျိုး ပါဝင်ကြရန် စစ်ဆင်ရေး (၁၉) ရက် မြောက်နေ့တွင် ထုတ်ပြန်တိုက်တွန်းခဲ့သည်။

“မြန်မာပြည်သူတရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး” ဟူသည် ၁၀၂၇ စစ်ဆင်ရေး၏ ရည်ရွယ်ချက်များထဲမှတခုဖြစ်ပြီး စစ်ဆင်ရေး၏ အပြန့်အကျယ်ကို မြင်သာစေသကဲ့သို့ ရှမ်းမြောက်ဒေသတခုတည်းတွင် ကန့်သတ်လှုပ်ရှားသည့် စစ်ဆင်ရေးမျိုးမဟုတ်ဟု ဆိုနိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုကြောင့် ထွက်ပေါ်လာသော ဟိုင်ဂင်သဘောတူညီချက်များသည် ၁၀၂၇ စစ်ဆင်ရေး၏ အရွေ့အဟုန်ကို ရာနှုန်းပြည့် ရပ်တန့်နိုင်မည်မဟုတ်ကြောင်း ရှုမြင်ရပါသည်။

အပစ်ရပ်ခြင်း၊ မရပ်ခြင်းဝိရောဓိ

ဟိုင်ဂင်သဘောတူညီချက်အရ ယာယီအပစ်ရပ်ခဲ့ပြီး နောက်တစ်ရက်ဖြစ်သော ဇန်နဝါရီ ၁၂ ရက်တွင်ပင် ရှမ်းမြောက်ဒေသရှိ လားရှိုးမြို့နယ် မခီနုရွာ၊ ကုန်ပေါင်ရွာနှင့် အီနိုင်းရွာ၊ ကျောက်မဲမြို့နယ် ပါးပုတ်ရွာ၊ သီပေါမြို့နယ် မန်ဟယ်ရွာ၊ မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းရွာ စသည့် ကျေးရွာများအား စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA) က ထုတ်ပြန်သည်။[4]

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဇန်နဝါရီ ၁၃ ရက်မှ စပြီး ညီနောင်မဟာမိတ်(၃)ဖွဲ့ အပေါ် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်လာခြင်းကြောင်း တိုက်ပွဲများ ဆက်ရှိနေသကဲ့သို့ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်မြင်တွေ့နေရဆဲဖြစ်ကြောင်း ဇန်နဝါရီ ၁၆ ရက်တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့က ထုတ်ပြန်ပါသည်။ ဇန်နဝါရီ ၁၆ ရက်၊ ညနေ ၄ နာရီ အချိန်တွင် MNDAA အခြေချတပ်စွဲရာ ကိုးကန့်ဒေသ ကချင်တောင်ဘက်၏ မီတာ (၃၀) အကွာအဝေးအတွင်း စစ်ကောင်စီတပ်များ ဝင်ရောက်ကာ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။[5]

ဆိုရသော် ဟိုင်ဂင်သဘောတူညီချက်များဖြင့် ရှမ်းမြောက်ဒေသအတွင်း ယာယီအပစ်ရပ်ခြင်းကို ၁၀၂၇ စစ်ဆင်ရေး၏ အရှိန်အဟုန်နှင့် ဆန့်ထွက်ဖြန့်ကျက်လာမှုကို ဟန့်တားနိုင်မလားဆိုသည်က သံသယများစွာ ရှိနေပါသည်။ ၁၀၂၇ စစ်ဆင်ရေး၏ ရည်ရွယ်ချက်များ မည်မျှပြီးမြောက်ခဲ့ပြီ လဲ၊ အာဏာသိမ်းစစ်အုပ်စုအနေဖြင့် ၎င်းတို့၏နယ်မြေ လက်လွှတ်ဆုံးရှုံးရမှုများကို ရိုးဖြောင့်စွာ လက်ခံနိုင်ပါ့မလား ဆိုသည့် မေးခွန်းနှစ်ခုသည် ဟိုင်ဂင်သဘောတူညီချက်များဖြင့် အပစ်ရပ်ခြင်း၊ မရပ်ခြင်း ဝိရောဓိကို ဖြေပေးနိုင်ပေလိမ့်မည်။ သို့သော် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများနှင့် အားကောင်းနေသည့် ၁၀၂၇ စစ်ဆင်ရေး၏ အရှိန်အဟုန်ကိုတော့ ဟိုင်ဂင်သဘောတူညီချက်များက ယာယီအားဖြင့် ရပ်တန့်ပစ်လိုက် နိုင်သည်ဟု ဆိုနိုင်ပါသည်။

ထို့ပြင် အာဏာသိမ်းစစ်အုပ်စုနှင့် မြောက်ပိုင်းဒေသရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း များအပေါ် တရုတ်အစိုးရ၏ လွှမ်းမိုးနိုင်မှုကိုလည်း ဟိုင်ဂင်သဘောတူညီချက်များက မြင်သာစေခဲ့ပါသည်။ “တရုတ်-မြန်မာ နယ်စပ်ဒေသရှိ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုံခြုံရေးအား မထိခိုက်စေရန်နှင့် မဖျက်ဆီးကြရန်” ဟူသော သဘောတူညီချက်သည် ရှမ်းမြောက်ဒေသ ယာယီ အပစ်ရပ်ခြင်း၊ မရပ်ခြင်းထက်ပင် တရုတ်အစိုးရအတွက် ပိုမိုအရေးပါနေနိုင်သည်မဟုတ်ပါလား။

သုံးသပ်တင်ပြချက်

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက် ဟိုင်ဂင်သဘောတူညီချက်များရရှိသည် အချိန်အထိ ရက်ပေါင်း (၇၇) ရက် အတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ဘက်မှ အသာစီးရရှိပြီး အာဏာသိမ်းစစ်အုပ်စုဘက်တွင်တော့ ဆုံးရှုံးမှု ကြီးမားခဲ့သည်ဟု သုံးသပ်နိုင်ပါသည်။

အကြောင်းမူ ညီနောင်မဟာမိတ် (၃) ဖွဲ့ အနေဖြင့် စစ်ဆင်ရေးအတွင်း ၎င်းတို့သိမ်းပိုက်ထိန်းချုပ်ထားသော နယ်မြေများတွင် အုပ်ချုပ်ရေးယန္တရားများ စနစ်တကျ ဖော်ဆောင်နိုင်ရန် အခွင့်အလမ်း ရရှိလာမည် ဖြစ်သည်။ အာဏာသိမ်းစစ်အုပ်စုအတွက်မူ မြို့ပေါင်း (၁၇) မြို့ လက်လွတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက် ဒေသအတွင်းမှ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ စစ်ရေးအရှိန်အဟုန်ကိုသာ ယာယီဟန့်တားနိုင်ခဲ့ခြင်းဖြစ်ပြီး အခြားသော တော်လှန်ရေးအင်အားစုများ၏ နိုင်ငံတဝှမ်းလုံးမှ ခုခံတော်လှန်စစ် အရှိန်အဟုန်အတွက် အာမခံချက် မရှိပေ။ ထို့အပြင် ၁၀၂၇ စစ်ဆင်ရေး၏ အကျိုးဆက်အဖြစ် မည်သည့်ဘက်မှမလိုက်ဟု ကြေညာထားသည့် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) အား ဟိုပန်နှင့် ပန်လုံ မြို့နှစ်မြို့ လွှဲအပ်ပေးလိုက်ရသည် မဟုတ်ပါလား။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်မှစပြီး ပြည်တွင်းရေး ဝင်မစွက်ဟုဆိုကာ နိုင်ငံတကာ ဇာတ်ခုံတွင် အာဏာသိမ်းစစ်အုပ်စုဘက်မှ ရပ်တည်ပေးခဲ့သော တရုတ်အစိုးရသည်လည်း ၁၀၂၇ စစ်ဆင်ရေး အရှိန်အဟုန်ကြောင့်ပင် ဟိုင်ဂင်သဘောတူညီချက်များရသည်အထိ ကြားဝင်စေ့စပ်သူအဖြစ် ရုပ်လုံးထွက်ပြ ခဲ့ရပါသည်။ ထိုလုပ်‌ဆောင်ချက်သည်ပင် အာဏာသိမ်းစစ်အုပ်စုနှင့် တော်လှန်ရေးအင်အားစုများအကြား တရုတ်အစိုးရ၏ လွှမ်းမိုးမှု၊ သြဇာညောင်းမှုကို ပေါ်လွင်စေခဲ့သည်။

သို့သော် ၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းမြောက်ဒေသမှသည် မြန်မာနိုင်ငံတဝှမ်းလုံးသို့ ဆန့်ထုတ်ဖြန့်ထွက်လာခဲ့ ပြီ ဖြစ်သည်။ ညီနောင်မဟာမိတ် (၃) ဖွဲ့ အနက် ရက္ခိုင့်တပ်တော် (AA) သည် ရခိုင်ဒေသတခွင်တွင် အာဏာသိမ်း စစ်ကောင်စီတပ်များ ကင်းစင်ရေးအတွက် အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်လျက်ရှိသည်။ ချင်းပြည်နယ် ပလက်ဝမြို့ကိုပင် အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဟု ဆိုပါသည်။ ကျောက်ဖြူစီမံကိန်း ကဲ့သို့သော ကြီးမားသည့် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများရှိရာ ရခိုင်ဒေသတွင် ရက္ခိုင့်တပ်တော်နှင့် အာဏာသိမ်း စစ်အုပ်စုအကြား ယာယီအပစ်ရပ်ရေးအတွက် ကြားဝင်စေ့စပ်သူအဖြစ် တရုတ်အစိုးရ ရုပ်လုံးထွက်ပြလာနိုင်သလားဆိုသည်က စောင့်ကြည့်ရမည် ဖြစ်သည်။

မည်သို့ဆိုစေ “၁၀၂၇ စစ်ဆင်ရေး” မှ စတင်ခဲ့သော တိုက်ပွဲများသည် “တစ်နိုင်ငံလုံးမှ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်သော စစ်ဆင်ရေး- Nationwide Operation” သို့ ကူးပြောင်းနိုင်မှသာ စစ်ဆင်ရေး အထမြောက်နိုင်မည်ဟု ညီနောင်မဟာမိတ်(၃) ဖွဲ့က ကြေညာထားသည့်အတွက် ဟိုင်ဂင်သဘောတူညီချက်များဖြင့် ရှမ်းမြောက်ဒေသ ယာယီအပစ်ရပ်ခြင်းသည် ကြာရှည်ခံလိမ့်မည် မဟုတ်ပေ။ အလားတူ အာဏာသိမ်းစစ်အုပ်စုအနေဖြင့်လည်း ၎င်းတို့ လက်လွတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေများ၊ တပ်စခန်းများ ပြန်လည်ရရှိရေးအတွက် နည်းလမ်းမျိုးစုံဖြင့် လှုပ်ရှားနေဦးမည် ဖြစ်သည်။

ဟိုင်ဂင်သဘောတူညီချက်များနှင့် ရှမ်းမြောက်ဒေသ ယာယီအပစ်ရပ်ခြင်းသည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးတည်လျှောက်လှမ်းလျက်ရှိသော နွေဦးတော်လှန်ရေးအပေါ် ကြီးမားသည့် သက်ရောက်မှုမျိုး မမြင်တွေ့ရသေးသည့်တိုင် မြန်မာ့နိုင်ငံရေး၊ စစ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အတုံ့အလှည့်၊ အရွေ့အပြောင်းများတွင် ၎င်းတို့၏ သြဇာညောင်းမှု၊ လွှမ်းမိုးနိုင်မှုတို့ကို ရုပ်လုံးထွက်ပြလာသည့် တရုတ်အစိုးရ၏ လှုပ်ရှားဆောင်ရွက်ချက်များကိုမူ သတိကြီးစွာဖြင့် စောင့်ကြည့်ရမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ တစ်လနှစ်ကြိမ်ထုတ် သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၁၃၆ မှ ကူးယူ ဖော်ပြထားခြင်း ဖြစ်သည်။)

https://www.facebook.com/narinjara.info/posts/781084857391979

Leave a Reply

Your email address will not be published.