၁၀၂၇ စစ်ဆင်ရေးကို ဘင်္ဂလားဒေ့ရှ်ဘက်က ဘယ်လိုတုံ့ပြန်သင့်သလဲ

By DMG / 2024 January             13

ရာဗီချန်ဒရာကူးမား ဘာသာပြန်သည်။

(The Diplomat တွင် ဖော်ပြထားသည့် The Rakhine Conundrum: How Should Bangladesh Respond to Operation 1027? ဆောင်းပါးကို ဘာသာပြန်ပါသည်။ ဆောင်းပါးပါ အသုံးအနှုန်းများနှင့် သဘောထားအမြင်များသည် ဆောင်းပါးရှင် Md. Himel Rahman ၏ အာဘော်သာဖြစ်ပါသည်။)

၁၀၂၇ စစ်ဆင်ရေး၏ ပိုမိုကျယ်ပြန့်သော အစိတ်အပိုင်းအဖြစ် ရခိုင်ပြည်တွင်လည်း ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက် နောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ရခိုင်လက်နက်ကိုင်တပ်အကြား တိုက်ပွဲများ အရှိန်မြင့်လာသည်ကို တွေ့ရသည်။ စစ်ပွဲက ရခိုင်အရပ်သားများအတွက် လူမှုဒုက္ခများ ဖန်တီးပေးလိုက်သလို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်အတွက်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာစေသည်။ ဘင်္ဂလားဒေ့ရှ်သည် ယခင်တည်းက ဒေသတွင်းပဋိပက္ခ၏ ပြဿနာအများအပြားကို လက်သင့်ခံထားရသည်ဖြစ်ရာ ပဋိပက္ခ ပိုမိုပြင်းထန်လာသည်နှင့်အမျှ ပြဿနာများ ပိုမိုရင်ဆိုင်လာရဦးမည် ဖြစ်သည်။

■ ပဋိပက္ခအပေါ် နားလည်ခြင်း

လူမှုအချက်အလက်များအရ ဆိုလျှင် မြန်မာနိုင်ငံသည် ဗမာတိုင်းရင်းသား လူဦးရေထူထပ်သည့် နိုင်ငံဗဟိုချက် ဒေသနှင့် တိုင်းရင်းသားလူနည်းစုများတည်ရှိရာ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်း အစွန်အဖျား ဒေသများအဖြစ် ကွဲပြားလျက်ရှိသည်။ နိုင်ငံ လွတ်လပ်ရေးရခဲ့သည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နောက်ပိုင်းမှစတင်၍ ဗမာလူထုသည် မြန်မာ့ နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေးတို့ကို လွှမ်းမိုးထားခဲ့သည်။ တိုင်းရင်းသား လူနည်းစုများမှာမူ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် စစ်ရေးတို့တွင် စနစ်တကျ အဆင့်နှိမ့်ဆက်ဆံမှုနှင့် ကြုံတွေ့ခဲ့ရသည်။ နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ လက်နက်ကိုင် ပုန်ကန်မှုကို ၁၉၄၈ ခုနှစ် ဧပြီလ ၂ ရက်တည်းက ကြုံတွေ့ခဲ့ရတော့သည်။

လတ်တလောတွင် ၁၀၂၇ စစ်ဆင်ရေးကြောင့် လက်ရှိအချိန်ထိ မြန်မာစစ်တပ်၏ စစ်စခန်းပေါင်း ၃၀၀ ကျော် လက်လွတ်ဆုံးရှုံးထားရသလို သေဆုံး သို့မဟုတ် ဖမ်းဆီးခံခဲ့ရသည့် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ အရေအတွက် ထောင်ပေါင်းများစွာ ရှိသည်။ ၁၀၂၇ တွင်ပါဝင်သည့် လက်နက်ကိုင်တပ်များသည် အရေးပါသည့် မြို့အချို့နှင့် တရုတ်နယ်စပ်ဂိတ်များကိုပါ ထိန်းချုပ်ထားသည်။

■ ဘင်္ဂလားဒေ့ရှ်အတွက် စိန်ခေါ်မှုအသစ်များ

၁၀၂၇ စစ်ဆင်ရေးသည် မြန်မာနိုင်ငံရှိ ဒေသအများအပြားအပေါ် သက်ရောက်မှုရှိသည်။ အဆိုပါဒေသများတွင် ရခိုင်နှင့် ချင်းပြည်နယ်တို့လည်း ပါဝင်ပြီး ပြည်နယ်နှစ်ခုလုံးမှာ ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှ ရန်ဂါမာတီခရိုင်၊ ဘန်ဒါဘန်းခရိုင်နှင့် ကော့ဘဇားခရိုင်တို့သည် ရခိုင်ပြည်နှင့် နယ်စပ်ချင်း ထိကပ်နေသည်။ သမိုင်းကြောင်းအရ ဘင်္ဂလားဒေ့ရှ်သည် ရခိုင်တို့နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဝန်းကျင်၊ ယဉ်ကျေးမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ အပြန်အလှန် ဆက်ဆံရေးများ အားကောင်းစွာ ရှိခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင်လည်း ရခိုင်မျိုးနွယ်စုဝင် လူဦးရေ ၂၀,၀၀၀ ခန့် နေထိုင်လျက်ရှိသည်။

ရခိုင်ဒေသတွင် ကာလရှည်ကြာစွာ တည်ရှိခဲ့သော ပဋိပက္ခသည် နှစ်ဘက် ပထဝီအနေအထား နီးကပ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်၏ အမျိုးသားလုံခြုံရေး အပေါ်တွင်လည်း သိသိသာသာ သက်ရောက်လျက်ရှိသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ မြန်မာသည် ၁၉၇၈ ခုနှစ်တည်းက ရိုဟင်ဂျာလူမျိုးစုအပေါ် လူမျိုးတုံးရှင်းလင်းရေး စီမံကိန်းများ တောက်လျှောက် ဆောင်ရွက်လာခဲ့သည်။ ရခိုင်မြောက်ပိုင်းတွင် အဓိက ဆောင်ရွက်သည့် အဆိုပါစီမံကိန်းများကြောင့် ရိုဟင်ဂျာသိန်းပေါင်းများစွာသည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။ လက်ရှိအချိန်၌ ဘင်္ဂလားဒေ့ရှ်သည် ရိုဟင်ဂျာဒုက္ခသည် ၁.၃ သန်းထက်မနည်းကို ခိုလှုံခွင့်ပေးထားရပြီး ၎င်းတို့အတွက် နိုင်ငံရေး၊ ဘဏ္ဍာရေး၊ လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်အရေး ကုန်ကျစရိတ်မှာ သိသိသာသာကြီးမားသည်။

ရခိုင်ပြည်တွင် ယခုနောက်ဆုံး ဖြစ်ပွားလာသည့် တိုက်ပွဲများက ဘင်္ဂလားဒေ့ရှ်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူသားချင်းစာနာထောက်ထားရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ထပ်တိုး ပေါ်ထွက်လာစေသည်။

ပထမဆုံးအနေဖြင့် ရခိုင်ပဋိပက္ခသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်မှုအပေါ် ဆယ်စုနှစ်များစွာ ကြာအောင် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ၎င်းတို့အနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ဒုက္ခသည် တစ်သန်းကျော် စုပြုံဝင်ရောက်လာမှု၊ နယ်စပ်တလျှောက် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ အကြား လက်နက်ကိုင် ပဋိပက္ခများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ အသတ်ခံရမှုနှင့် မြန်မာစစ်တပ်၏ လက်နက်ကြီးများ ဘင်္ဂလားဒေ့ရှ်နယ်မြေတွင်းသို့ ကျရောက်မှု၊ မြန်မာလေတပ်က ဘင်္ဂလားဒေ့ရှ် လေပိုင်နက်တွင်းသို့ ကျူးကျော်ဝင်ရောက်မှုတို့ ပါဝင်သည်။ ရက္ခိုင့်တပ်တော်(AA)သည်လည်း ၂၀၁၅ ခုနှစ် သြဂုတ်လအတွင်းက ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့သေးသည်။

ဆိုခဲ့ပါ အကြောင်းကြောင်းကြောင့် ရခိုင်စစ်ပွဲ အရှိန်မြင့်လာခြင်းသည် ဘင်္ဂလားဒေ့ရှ်၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်ရေးအပေါ် ခြိမ်းခြောက်မှုအသစ်များ ဖန်တီးနိုင်ခြေ ရှိနေပေသည်။ သတိပြုရမည်မှာ ၎င်းပဋိပက္ခက လှုပ်လှုပ်ရွရွရှိနေသော စစ်တကောင်းတောင်တန်းဒေသနှင့် စစ်တကောင်းပြည်နယ်တို့တွင်ပါ မငြိမ်သက်မှုများ ဖန်တီးနိုင်သည့်အချက် ဖြစ်သည်။

ထို့အပြင် ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် စိတ်မပါတပါဖြင့် နှစ်ပေါင်းများစွာ ဒရွတ်ဆွဲ ပါလာသော မြန်မာသည် ဒုက္ခသည်များကို အရေအတွက်အနည်းငယ်စီ ခေါ်ယူပြီး ရခိုင်ပြည်မြောက်ပိုင်းတွင် နေရာချထားရန် ၂၀၂၃ ခုနှစ် ဧပြီလတွင် သဘောတူခဲ့သည်။ မြန်မာဘက်မှ ကိုယ်စားလှယ်တစ်ဖွဲ့သည်လည်း နေရပ်ပြန်မည့် ရိုဟင်ဂျာများကို စိစစ်ရန်အတွက် ၂၀၂၃ နိုဝင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိခဲ့သည်။ သို့သော်လည်း ရခိုင်တွင် စစ်ပွဲအရှိန် မြင့်တက်လာခြင်းက ဤလုပ်ငန်းစဉ်ကို နှောင့်နှေးစေမည့်အလားအလာ ရှိနေသည်။

ဒုတိယအချက်မှာ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား ကုန်သွယ်ရေးသဘောတူညီချက်သည် ရခိုင်ပြည်ထဲမှတစ်ဆင့် အဓိက ဖြတ်သန်းနေသည့်အချက် ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ဘင်္ဂလာနှင့် ရခိုင်အကြား လစဉ် ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂၄ သန်းဝန်းကျင်အထိ မြင့်တက်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာသို့ အဓိကအားဖြင့် အာလူး၊ ဘိလပ်မြေ၊ အဝတ်အထည်၊ ပယ်အထည် (Textile Wastage)၊ အချိုရည်၊ ဘီစကွတ်၊ ငါးနှင့်ငါးရှဉ့်အရှင်များ ပို့ပြီး မြန်မာထံမှ ငါးခြောက်၊ ရေခဲစိမ်ငါး၊ ချင်း၊ ကြက်သွန်နီ၊ ကျွန်းသစ်၊ ကညင်သစ်၊ ဆီးသီး၊ ငရုပ်သီးခြောက်နှင့် အုန်းသီးတို့ ပြန်သွင်းသည်။

ရခိုင်ပြည်တွင် ပဋိပက္ခ အရှိန်မြင့်လာချိန်၌ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ ကုန်သွယ်ရေးသည် ထိုးကျသွားပြီး ကြီးမားသော စီးပွားရေးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ခန့်မှန်းချက်တစ်ရပ်အရ နှစ်နိုင်ငံကုန်သွယ်ရေး ကျဆင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်သည် နေ့စဉ် ဆုံးရှုံးငွေ တာကာသန်း ၃၀ (အမေရိကန်ဒေါ်လာ ၂၇၂,၃၉၄) ရှိသည်ဟု သိရသည်။

တတိယအချက်မှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း AA ၏ အောင်မြင်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် မြန်မာစစ်တပ်က ရခိုင်ပြည်တွင် ‘ဖြတ်လေးဖြတ်’ စစ်ဆင်ရေးကို တစ်ကျော့ပြန် အသုံးပြုလာခြင်းဖြစ်သည်။ မြန်မာစစ်တပ်သည် ဤနည်းလမ်းကို ၁၉၆၀ အလွန်နှစ်များက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည်။ ဒုတိယကမ္ဘာစစ်ကာလက ဂျပန်တို့၏ ‘အစွမ်းကုန် သုံးရပ်’ မူဝါဒဖြစ်သော အကုန်သတ်၊ အကုန်မီးရှို့၊ အကုန်ယူ စနစ်ကို နမူနာယူထားသည့် ဤ ‘ဖြတ်လေးဖြတ်’ ဗျူဟာဖြင့် မြန်မာစစ်တပ်သည် EAO တို့၏ စားနပ်ရိက္ခာ၊ ရန်ပုံငွေ၊ သတင်းအချက်အလက်နှင့် တပ်သားသစ် ရင်းမြစ်များကို ဖြတ်တောက်ပြီး အင်အားကုန်ခန်းသွားစေရန် ရည်ရွယ်သည်။

ဤဗျူဟာကို ကျင့်သုံးလျှင် ကျေးရွာများကို ဖျက်ဆီးခြင်း၊ ရွာသားများကို နေရာပြောင်းရွှေ့ခြင်းများ ပြုလုပ်ရသည်ဖြစ်ရာ အရပ်သား ပြည်သူလူထုကို တိုက်ရိုက် ပစ်မှတ်ထားရသည်။ မြန်မာစစ်တပ်သည် ဤဗျူဟာကို ကရင်၊ ကချင်၊ မွန်နှင့် ရိုဟင်ဂျာတို့ အပါအဝင် တိုင်းရင်းသားလူမျိုးစု အများအပြားအပေါ် ယခုအထိ ကျင့်သုံးနေဆဲ ဖြစ်သည်။

AA ၏ထိုးစစ်များစတင်ပြီးနောက် ချက်ချင်းဆိုသလိုပင် မြန်မာစစ်တပ်သည် ကမ်းရိုးတန်းဒေသဖြစ်သော ရခိုင်ပြည်တွင် ကုန်းလမ်း၊ရေလမ်းကို ပိတ်ဆို့ခြင်းဖြင့် တုံ့ပြန်လိုက်သည်။ ရခိုင်ကျေးရွာများနှင့် မြို့များအကြားက လမ်းများကို ပိတ်သည်။ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတွင်း အခြားနေရာများနှင့် ရခိုင်ပြည်ကို ချိတ်ဆက်ထားသည့် အဓိကလမ်းမကြီး သုံးခုကို ဖြတ်တောက်သည်။ တစ်ချိန်တည်း၌ မြန်မာရေတပ်သည် ရခိုင်ပြည်ရှိ ၎င်း၏ မြေပြင်တပ်များထံသို့ ရိက္ခာ၊ အင်အား၊ စစ်လက်နက်ကိရိယာများ ပေးပို့သည်။ ဤလုပ်ရပ်များသည် လက်ဟောင်း ‘ဖြတ်လေးဖြတ်’ စနစ်ကိုပင် ကျင့်သုံးနေသည့်ပုံစံ ပေါ်သည်။

ရလဒ်အဖြစ်  ရခိုင်ပြည်တွင် လူဦးရေ ၂၆,၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသလို လူသားချင်းစာနာမှု ကပ်ဘေးကြီးမှာလည်း ပို၍သာ ဆိုးလာတော့သည်။ ဤဖြစ်ရပ်က ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဒုက္ခသည်အသစ်များ စုပြုံဝင်ရောက်လာခြင်းဆီသို့ ဦးတည်သွားနိုင်သလို ဘင်္ဂလားဒေ့ရှ်အတွက်လည်း နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုအသစ်များ ထွက်ပေါ်လာစေနိုင်သည်။

နောက်ဆုံးတစ်ချက်မှာ ရခိုင်ပဋိပက္ခ အရှိန်မြင့်လာခြင်းက ဘင်္ဂလားဒေ့ရှ်၏ အမျိုးသားလုံခြုံရေးကို ပုံစံမျိုးစုံဖြင့် အားနည်းစေနိုင်ခြေ ရှိနေသည့်အချက် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် မြေပြင်နှင့် ဝေဟင်ပိုင်နက်ကို ကျူးကျော်ခံရမှုများ (အတိတ်တွင် ဖြစ်ခဲ့ဖူးသည်)ကဲ့သို့  စစ်ပွဲ၏ အဖိတ်အစဉ်များကို ခံစားရမှုများအပြင် မိမိတို့၏ အိမ်နီးချင်းနိုင်ငံတွင် ကာလရှည်ကြာပဋိပက္ခတစ်ရပ် ရှိနေခြင်းကြောင့်လည်း နိုင်ငံ၏ အရှေ့တောင်ပိုင်း ဒေသတွင် တည်ငြိမ်မှု ကျဆင်းလာမည်ဖြစ်သည်။

ယခုစစ်ပွဲတွင် AA သာ အနိုင်ရခဲ့ပါက ဘင်္ဂလားဒေ့ရှ်သည် တရားဝင်အသိအမှတ်ပြုခံရမှု မရှိသည့် နိုင်ငံခွဲတစ်ခုနှင့် နယ်စပ်ချင်း ထိစပ်နေတော့မည်။ အကယ်၍ AA သာရှုံးနိမ့်ခဲ့ပါက ထွက်ပြေးလာသည့် AA စစ်သားများ မိမိတို့ နယ်မြေထဲသို့ အလုံးအရင်း ဝင်ရောက်လာမှုမျိုး ဘင်္ဂလားဒေ့ရှ်အနေဖြင့် ကြုံရနိုင်သည်။ စစ်ပွဲက မတိုးသာမဆုတ်သာ ဖြစ်နေပါလျှင်လည်း ဘင်္ဂလားဒေ့ရှ်သည် သတိအနေအထားနှင့် ရှိနေသည့် စစ်မြေပြင်နှင့် နယ်စပ်ချင်း ထိစပ်နေရမည် ဖြစ်သည်။ ထို့ပြင် ပဋိပက္ခ ပိုမိုဆိုးရွားလာခြင်း၏ ရလဒ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ တရားမဝင် မူးယစ်ဆေးနှင့် လက်နက်များ ဝင်ရောက်မှု ပိုများလာနိုင်ခြေ ရှိနေပြန်သည်။

သို့အတွက်ကြောင့် ရခိုင်ပြည်ရှိ ပဋိပက္ခ အရှိန်မြင့်လာခြင်းသည် ဘင်္ဂလားဒေ့ရှ်အတွက် အရေးကြီးသည့် ပြဿနာတစ်ရပ် အဖြစ် ရှိနေရခြင်း ဖြစ်သည်။

■ ဒါကာအတွက် ရှေ့ခြေလှမ်း

ရခိုင်ဖြစ်ရပ်က နိုင်ငံအတွက် အရေးပါနေသည်ကို ထည့်သွင်းစဉ်းစားမည် ဆိုလျှင် ဘင်္ဂလားဒေ့ရှ်အနေဖြင့်လည်း မြန်မာနှင့်ဆက်နွယ်နေသော နောင်လာမည့် အမျိုးသားအကျိုးစီးပွားများနှင့် ပတ်သက်သည့် မူဝါဒများကို သတိထားပြီး တွက်ချက်စီစဉ်ရပေမည်။

ပထမဆုံးအားဖြင့် မြန်မာ့အိမ်နီးချင်းဖြစ်သော ဘင်္ဂလားဒေ့ရှ်အနေဖြင့် ရခိုင်ပြည်မှ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ပြည်သူများ၏ ဒုက္ခဆင်းရဲများကို လျှော့ချပေးနိုင်ရေး ၎င်းတို့အတွက် အစားအစာနှင့် ဆေးဝါးများ အပါအဝင် လူသားချင်းစာနာမှု အကူအညီများ ပေးပို့ခြင်းဖြင့် အကောင်းဆုံး ကြိုးစားသင့်သည်။

ဒုတိယအနေဖြင့် စစ်တွေရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးနှင့် အခြားရင်းမြစ်များကို အသုံးပြုကာ ရခိုင်စစ်ပွဲ၏ အခြေအနေ အတိမ်အနက်ကို အနီးကပ်စောင့်ကြည့်သင့်သည်။ ထို့ပြင် ဒါကာအနေဖြင့် ထိလွယ်ရှလွယ်ရှိသည့် ဘင်္ဂလားဒေ့ရှ် – ရခိုင် နယ်စပ်တလျှောက်တွင် အသေးစိတ် လုံခြုံရေးအစီအမံများ ချမှတ်ကာ ပြည်တွင်းအခြေအနေ တည်ငြိမ်အောင် အစွမ်းကုန် အားထုတ်ဆောင်ရွက်သင့်သည်။

တတိယအားဖြင့်ကတော့ ရခိုင်ပြည်ရှိ စစ်ပွဲရလဒ်သည် တိတိပပ ခန့်မှန်းရန် ဝေးလွန်းသည့် အနေအထား ဖြစ်နေရာ ဒါကာအနေဖြင့် အခြေအနေကို အသေးစိတ်ဆန်းစစ်ပြီး ဆီလျော်သည့် အရေးပေါ်အစီအစဉ်များ ကြိုတင်ပြင်ဆင်ထားရန် ဖြစ်သည်။

နောက်ဆုံးအားဖြင့်ကတော့ ရခိုင်ပြည်သည် စိုက်ပျိုးမွေးမြူရေး ဖြစ်ထွန်းသည့် မြေယာနှင့် လောင်စာအရင်းအမြစ် (Hydrocarbon) အလုံးအရင်းရှိသည်။ ၎င်း၏ ပထဝီနိုင်ငံရေးအရ အရေးပါမှုကို တရုတ်နှင့် အိန္ဒိယတို့၏ ဒေသတွင်း အကျိုးစီးပွားများဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် ကုလားတန် သယ်ယူပို့ဆောင်ရေး ဘက်စုံစီမံကိန်းတို့ကလည်း ထပ်လောင်း အားဖြည့်ထားသည်။ ဘင်္ဂလားဒေ့ရှ်သည် ရခိုင်နှင့် ကုန်သွယ်ရေးအပြင် အခြားသော စီးပွားရေးလမ်းကြောင်းများပါ တိုးချဲ့ဆောင်ရွက်ခြင်းအားဖြင့် စီးပွားရေးအကျိုးအမြတ် အကြီးအကျယ် ရရှိနိုင်သည်။

တရုတ်၊ အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့ အပါအဝင် ဒေသတွင်း အင်အားကြီးများအကြား ပထဝီနိုင်ငံရေး လွန်ဆွဲပွဲကလည်း ဘင်္ဂလားဒေ့ရှ်၏ အမျိုးသားလုံခြုံရေးအပေါ် သက်ရောက်စေနိုင်သည်။ သို့အတွက်ကြောင့် ဒါကာသည် မြန်မာအစိုးရနှင့် လက်ရှိ ဆက်ဆံရေးအပြင် ရခိုင်ပြည်နယ်အစိုးရနှင့်လည်း ဆက်ဆံရေးအားကောင်းအောင် ဆောင်ရွက်ထားသင့်သည်။

ရခိုင်ပြည်တွင် အကြမ်းဖက်မှုများ တဟုန်ထိုးမြင့်တက်လာခြင်းသည် ဘင်္ဂလားဒေ့ရှ်အတွက် အလေးထားရမည့် စိန်ခေါ်မှုများ ထွက်ပေါ်လာစေသည်။ ဤအနေအထား၌ ရခိုင်ပြည်တွင်း အကြမ်းပတမ်းဖြစ်ရပ်များကြောင့် နစ်နာရသူများကို ကူညီရန် ဘင်္ဂလားဒေ့ရှ်တွင် ကျင့်ဝတ်သိက္ခာပိုင်းအရ တာဝန်ရှိသလို မိမိတို့၏ အမျိုးသားအကျိုးစီးပွားများကိုလည်း ကာကွယ်ရမည် ဖြစ်သည်။

သို့အတွက်ကြောင့် ဒါကာအနေဖြင့် ရှင်းလင်းပြတ်သားပြီး ဟန်ချက်ညီကာ လူသားဆန်သည့် မူဝါဒတစ်ရပ်ကို ရှာဖွေရမည် ဖြစ်သည်။ ဤမူဝါဒသည် နယ်စပ်တစ်ဘက်ရှိ ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရာတွင် နှစ်ဘက်လုံးအတွက် အပြန်အလှန် အကျိုးရှိရမည်လည်း ဖြစ်ပေသည်။

https://www.facebook.com/dmgnewsagency/posts/766339022206363

Leave a Reply

Your email address will not be published.