အိန္ဒိယနယ်စပ် မြိတ်၀ကျေးရွာရှိ အိမ်ထောင်စု(၁၂၁)စုကို ကျပ်သိန်း ၂၅၀ ခန့်နှင့် အိမ်ထောင်စု တစ်ခုကို ဆန် (၇၃)ဘူးစီ ULA ထောက်ပံ့ကူညီ

By Narinjara / 2024 January     24

အိန္ဒိယနယ်စပ်နှင့် ကပ်ရပ်တည်ရှိသော ပလက်၀ဒေသ မြိတ်၀ကျေးရွာမှ မိသားစု (၁၂၁) စုကို မြန်မာငွေကျပ် (၂၄၉၈၆၅၀၀)နှင့် ဆန်ရိက္ခာများကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/ AA)က  ထောက်ပံ့ကူညီခဲ့သည်ဟု သတင်းရရှိသည်။

၎င်းကူညီထောက်ပံ့မှုအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ထောက်ပံ့ကူညီပေးခဲ့ခြင်း ဖြစ်ပြီး  အိမ်ထောင်စု တစ်စုလျှင် မြန်မာငွေ (၂၀၆၅၀၀) ကျပ် နှင့် ဆန် (၇၃) ဘူးကျစီကို ထောက်ပံ့ကူညီပေးခဲ့ခြင်းဖြစ်သည်ဟု (ULA/AA) ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပလက်ဝဒေသ မြိတ်ဝကျေးရွာအုပ်စု၊ မြိတ်ဝကျေးရွာတွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ကတည်းကပင် အိန္ဒိယနှင့် ရက္ခိုင်ပြည်တို့ ၌ စစ်ဘေးရှောင်နေကြသော အိမ်ထောင်စု စုစုပေါင်း (၁၃၆) စုရှိပြီး လက်ရှိတွင် မိမိတို့ နေရပ်သို့ ပြည်လည်လာရောက်နေထိုင်ကြသော အိမ်ထောင်စု (၁၂၁) စုသာရှိသေးသည်ဟု သိရသည်။

ကျန်အိမ်ထောင်စုများမှာ အိန္ဒိယနိုင်ငံဘက်ခြမ်းနှင့် ရက္ခိုင်ပြည်၊ ကျောက်တော်နှင့် မြောက်ဦးတို့တွင် စစ်ဘေးရှောင်များအဖြစ် ဆက်လက်နေထိုင်လျက်ရှိနေကြဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်အနေဖြင့် စစ်တွင်းကာလ ဆင်းရဲဒုက္ခများကို အတူရင်ဆိုင်ခဲ့ကြသကဲ့သို့ ယခုစစ်ပွဲမရှိတော့သည့် အချိန်တွင်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၌ ပြည်သူ့အကျပ်အတည်းများကို အတတ်နိုင်ဆုံး ဖြေရှင်း ထောက်ပံ့ ကူညီပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြိတ်၀ကျေးရွာသည် အိန္ဒိယနှင့် မြန်မာကို ပိုင်းခြားထားသည့် နယ်စပ်မျဉ်းအနီး တည်ရှိသည့် ကျေးရွာဖြစ်ပြီး ယခင်က စစ်ကောင်စီ အထိုင်စခန်းများ တည်ရှိသော်လည်း ၎င်းတပ်စခန်းများကို ရက္ခိုင့်တပ်တော် သိမ်းပိုက်ထိန်းချုပ်ထားလိုက်ပြီဟု သိရသည်။

Photo: AA Info Desk

https://www.facebook.com/narinjara.info/posts/782638020569996

Leave a Reply

Your email address will not be published.