အရှင်ဇယန္တဗောဓိ(ခေါ်) ဆရာတော်ပန်းအောင်၏ လက်ဆောင်

By Narinjara / 2024 January     12

နီရ – ရေးသားသည်။

“သတင်းပို့ပါသည် ဘီဘီစီ”

လေးမြို့မြစ်နံဘေး ရွာလေးများမှ
ဆန်စျေးကြီးခြင်း အကြောင်းရင်းကို
သတင်းပို့ပါသည် ဘီဘီစီ။

ဆန်တသိုက်စျေး လေးဆယ့်ငါးပြား
ပေးဝယ်စားမှ ပြည်မခေါ်ထုံး
လေးလုံးရသည် ရသည့်ဝင်ငွေ
ထွက်သည့်ငွေစ မမျှတချက်
ဆင်းရဲနက်တော့ ငတ်မွတ်သူတွေအသင်္ချေ။

အငတ်ဘေးဆိုက် မီးလောင်မြိုက်၍
သွန်းဖြိုက်စီးကျ မျက်ရည်စနှင့်
ဘဝမီးပင်လယ် အပြင်ကျယ်၌
ကမ်းဘယ်မမြင် ဖြစ်ခဲ့အင်ကြောင့်
သေလျှင်မထူး နေမထူးသမျှ
ဘဝကိုလက်မြှောက် အဆိပ်သောက်ကာ
ထွက်ပေါက်ရှာသွား လေးမြို့နားကမိသားစု။ ။
သည်ကဗျာကလေးမှာ ဘီဘီစီ၊ ငွေဗျိုင်းဖြူကဏ္ဍဆုရ ကဗျာတစ်ပုဒ်ဖြစ်ပါသည်။

အရှင်ဇယန္တဗောဓိ(ခေါ်) ဆရာတော်ပန်းအောင် စီစဥ်ထုတ်ဝေသည့် “ ဂရုဏာဥယျာဥ်ရဲ့ ပန်းရနံ့များ” ကဗျာစာအုပ်ထဲတွင် ဖတ်ခဲ့ရခြင်းဖြစ်ပါသည်။သည်ကဗျာကို ဖတ်ခွင့်ရခဲ့ပုံကလည်း ကျွန်တော်၏ မြောက်ဦးမြို့ခရီးစဉ်နှင့်ဆက်နွယ်နေသလို ဇန်နဝါရီ ၉ ရက်နေ့က ပျံလွန်တော်သွားသည့် ဆရာတော် ပန်းအောင်လည်းနှင့်လည်း ဆက်နွယ်နေသည့်အတွက် အမှတ်ရစရာအဖြစ်နေပါသည်။

ကျွန်တော် မြောက်ဦးကို တကြိမ်မျှမရောက်ဖူးသေးခင်ကပင် မြောက်ဦးမြို့ခံ ကဗျာဆရာတချို့နှင့် ခင်မင်ရင်းနှီးမှု ရှိခဲ့ပါသည်။ အထူးသဖြင့် ကဗျာဆရာလွမ်းငြိမ်း(မြို့ဟောင်း) ။ မြောက်ဦးမြို့နယ်၊ အထက်လေညှင်းတောင်ဇာတိ ရဟန်းလူငယ်ကဗျာဆရာတစ်ဦးဖြစ်ပါသည်။ သူနှင့်စသိသည်က “ပေါင်မုန့်ဆိုင်” ကဗျာစာအုပ်နှင့်စပ်လျဥ်း၍ ဖြစ်ပါ၏။ သူတို့လူငယ်ကဗျာဆရာများစုပေါင်း၍ “ပေါင်မုန့်ဆိုင်” ခေတ်ပေါ်ကဗျာစာအုပ်” ထုတ်ဝေသည်။ ထိုစာအုပ်ကို သူက ကျွန်တော့်ကို လက်ဆောင်ပေးသည်။ လူငယ်ကဗျာရေးသူတွေဆိုတော့ အွန်လိုင်းမှာ ကဗျာများစမ်းသပ်ရေးသားရင်း၊ အပြန်အလှန်ဖတ်ကြရင်းက ရင်းနှီးမှုရှိခဲ့ကြသည်။ ထိုခင်မင်ရင်းစွဲကပင် မြောက်ဦးသို့ ကျွန်တော်ရောက်သည့်အခါ လေးမြို့ချောင်း၊ အထက်လေညှင်းတောင်သို့ သွားရောက်လည်ပတ်ဖို့ ဖန်လာလေသည်။

ကျွန်တော်နှင့် လုပ်ဖော်ကိုင်ဖက်နှစ်ဦးတို့သည့် မြောက်ဦးမြို့မှ လေးမြို့ချောင်းဘက်သို့ ဆိုင်ကယ်တစ်စီးဖြင့် ခရီးနှင်ခဲ့ကြလေ၏။ ဆောင်းအကုန်နွေအကူးစပ်ကြားကာလမို့ မြေသားလမ်းတစ်လျှောက် ဖုန်ငွေ့များ တထောင်းထောင်းထနေသည်။ ဆိုင်ကယ်ဦးထုပ်လည်း ယူမလာခဲ့ရသဖြင့် လေထုနှင့်အတူပါလာသည့် ဖုန်ငွေ့များကို တဝကြီးရှူရှိုက်မိကြတော့သည်။

လေးမြို့ချောင်းဘက်မှ မြင်ကွင်းများသည် ရာသီဥတုတခုချင်းစီအလိုက် အလှတရားတမျိုးစီ ခံစားရသည်ဟု ကျွန်တော့်လုပ်ဖော်ကိုင်ဖက်က ပြောပါသည်။ အမှန်ပင် နွေဦးတွင် လေးမြို့ချောင်းဘက်မှ လယ်ယာမြေများ၊တောင်စဥ်တန်းများ၊ သီးနှံစိုက်ခင်းများတွင် အလှတရားများအသီးသီးတွေ့မြင်ခံစားကြရသည်။ မြေဆီဩဇာကောင်းမွန်လွန်း၍ ဖြစ်မည်။

ဟင်းရွက်သီးနှံစိုက်ခင်းများမှာ စိမ်းစိုဝေဆာနေသည်။ စိုက်ခင်းများတွင် ပဲနှုတ်နေသည့် ဒေသခံများ၊ ခမောက်ကလေးများဆောင်းကာ မုန်လာဥတူးနေကြသည့် ဒေသခံများကို လမ်းတစ်လျှောက်တွေ့ရ၏။ ကျွန်တော်တို့မှာ အေးဆေးမသွားနိုင်တော့ဘဲ မုန်လာစိုက်ခင်းတစ်ခုအနီး ခဏရပ်ပြီးစပ်စုကြသည်။ မုန်လာဥဈေး တစ်ပိသာမည်မျှရှိသည်။ တစ်နေ့မည်မျှ ရောင်းရသည်။ စိုက်ခင်းတွင် မြေဩဇာဓာတုဆေးဝါးများမည်မျှသုံးစွဲရသည် အစရှိသဖြင့် မေးမြန်း ထူပစ်ကြလေသည်။

စိုက်ခင်းထဲတွင်ကား စိုက်ခင်းပိုင်ရှင် လင်မယားနှင့် ၄ နှစ်ကျော်အရွယ်သားကလေးတို့ရှိကြ၏။ စိုက်ခင်း ပိုင်ရှင် လင်မယားကလည်း သူတို့လုပ်လက်စအလုပ်လည်းမပြတ်၊ ကျွန်တော်တို့ မေးမြန်းထူသမျှကို စိတ်ရှည်လက်ရှည် ဖြေကြရှာပါသည်။ အံ့ဩစရာကောင်းသည်မှာ သူတို့သည် စိုက်ခင်းများတွင် ပိုးမကျရန် ရွက်လှဆေးနည်းနည်းဖြန်းရုံကလွဲ တခြားမြေဩဇာများ မသုံးစွဲကြဟုဆိုသည်။

“ရေခံမြေခံကောင်းလို့ စိုက်ပျိုးသမျှဖြစ်ထွန်းကြတာများတယ် အစ်ကို။ ကျွန်တော်တို့ ရွက်လှဆေးလောက်ပဲ ဖြန်းတယ်။ မြေဩဇာတွေမသုံးကြဘူး။ လေးမြို့ချောင်းမှာ တခြားစိုက်ခင်းပိုင်ရှင်တွေလည်းမြေဩဇာသိပ်မသုံးကြဘူး” ဟု စိုက်ခင်းပိုင်ရှင်အမျိုးသားက ပြောပါသည်။ (ကျွန်တော်တို့ အပြန်ခရီးတွင် မိတ်ဆွေထံမှ ပြောင်းဖူး တစ်အိတ် ထည့်ပေးလိုက်၍ ပြုတ်စားသောအခါတွင် ပြောင်းဖူး၏အရသာမှာ အလွန်ချိုမြိန်လတ်ဆတ်လွန်းလှပါသည်။ ကျွန်တော့်မှာ လေးမြို့ချောင်းဒေသ၏ မြေဆီဩဇာကောင်းမွန်မှုနှင့် သီးနှံဖြစ်ထွန်းမှုတို့ကို အံ့ဩဘနန်းဖြစ်ရပေသည်။

ကျွန်တော်တို့မှာမနက်ပိုင်းနေနည်းနည်းမြင့်ချိန်က မြောက်ဦးမှ ထွက်လာကြ၏။ လမ်းတစ်လျှောက်စိုက်ခင်းသီးနှံများနှင့် ဒေသခံတချို့ထံစပ်စုကြပြီး လေညှင်းတောင်သို့ အရောက်ခရီးနှင်ကြရတော့၏။

မြေသားလမ်းတဝက်၊ ကျောက်ခင်းလမ်းကြမ်းတဝက်ဖြစ်သည့်အပြင် ဖုန်မှုန့်များ ဆောင်းဆောင်းထတတ်၍ ဆိုင်ကယ်ကို အလွန်အမြန်မောင်း၍မရပေ။ ထို့ကြောင့် ခရီးမှာထင်သလောက်မတွင်။ မွန်းလွဲအချိန်လွန်မှ လေညှင်းတောင်ကျေးရွာဝင်ဝသို့ရောက်ရှိကြလေ၏။

ဤတွင် အမှတ်ရစရာတစ်ခုရှိပါသေးသည်။ တခြားတော့မဟုတ်ပေ။ လေညှင်းတောင်ရွာအဝင် ဆိုင်းဘိုး။ထိုးဆိုင်းဘိုးမှာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၏ အမှတ်သင်္ကေတဒီဇိုင်းဆေးခြယ်ပြီး စိုက်ထူထားခြင်းဖြစ်သည်။ မြောက်ဦးကိုစရောက်ကတည်းက ပထမဆုံးမြင်ခဲ့ရသည့် ရခိုင်လက်နက်ကိုင်တော်လှန်ရေး၏ နယ်မြေစိုးမိုးမှု တခုအဖြစ် စိတ်ထဲခံစားမိသည်။

လေညှင်းတောင်ကျေးရွာသည် လေးမြို့ချောင်းဒေသမှ အတော်ကြီးသည့်ရွာတစ်ရွာဖြစ်ပါသည်။ အိမ်စဥ်အိမ်တန်းနှင့် ရွာလမ်းမှာလည်းအတော်ရှည်၏။ လေညှင်းတောင်ဘုန်းကြီးကျောင်းရှေ့တွင် ဘောလုံးကွင်းတစ်ခုရှိသည်။ ကျွန်တော်တို့ရောက်သွားသောအခါ ကျောင်းဆင်းချိန်ဖြစ်၍ အမျိုးသမီးငယ်များအပါအဝင် ကျောင်းသား ကလေးငယ်များ စုဖွဲ့ဘောလုံးကန်နေကြ၏။ ကဗျာဆရာလွမ်းငြိမ်း(မြို့ဟောင်း) ဦပဥ္ဇင်းက လေညှင်းတောင် ဘုန်းကြီးကျောင်းအဝမှ ကျွန်တော်တို့ကိုထွက်ကြို၏။

ကျောင်းဝင်း လမ်းတစ်လျှောက်တွင် ပန်းခြုံပုတ်ကလေးများအစီအရီစိုက်ပျိုးထား၏။ ကျောင်းရှေ့တွင် အတော်ကျယ်သည့် မြေကွက်လပ်တစ်ခုရှိသည်။ဆယ်နှစ်ကျော်ဝန်းကျင်လောက်ရှိမည့် ကလေးငယ်များက လေးငါးယောက်တစ်အုပ်စီ ကျောင်းဝင်းအတွင်းတစ်ဆောင်မှ တစ်ဆောင် သွားလာနေကြသည်။ သူတို့လက်ထဲတွင် ဖတ်စာအုပ်များ၊ ဗလာစာအုပ်နှင့်စာရေးကိရိယာတချို့ သယ်ယူသွားကြသေး၏။

“ ဆရာတော်ရဲ့ပညာဒါနကျောင်းက စာသင်သားကလေးတွေလေ။” ဟု ဦးပဥ္ဇင်းက ကျွန်တော်တို့ကို ပြော၏။

ကျွန်တော်တို့မှာ ကျောင်းသို့ရောက်ရောက်ချင်း ဆရာတော် ပန်းအောင်ကို ဖူးမြော်ခွင့်မရရှိသေးပေ။ ဆရာတော်က နေ့လယ်ခင်းအချိန် ကျိန်းစက်နေပါသည်။ ဆရာတော်နိုးသည့်အချိန်ထိစောင့်ဆိုင်းရသည်။ ဆရာတော် နိုးသည်နှင့် ဆရာတော်နေရာခန်းဆောင်ထဲသို့ ဦးပဥ္ဇင်းက ကျွန်တော်တို့ကို ဦးဆောင်ခေါ်သွား၏။

ဆရာတော်မှာ ကျိန်းစက်ရာ သစ်သားကုတင်ပေါ်တွင် တင်ပျဥ်ခွေ ထိုင်လျက်ရှိပါသည်။ ရုတ်ရက်ကြည့်လျှင် ဆရာတော်သည် မြန်မာကဗျာဆရာ သစ္စာနီနှင့် တူသည်ထင်မိ၏။ ထိုသို့ထင်မိရအောင်လည်း မျက်နှာပေါက် အကျအဆင်းအသွယ်အတန်းများက ဆင်တူလွန်းပါသည်။ ဆရာတော်က လက်ထဲတွင်” ရခိုင်ဒြပ်မဲ့ယဥ်ကျေးမှု” ကိုင်၍ စာတမ်းများ အကြမ်းကို ဖတ်ရှုစိစစ်နေသည်။ ထိုစာတမ်းများမှာ ဆရာတော်ပန်းအောင် ကိုယ်တိုင်ပြုစု ရေးသားထားပြီး ထုတ်ဝေခြင်းမပြုနိုင်သေးသည့် စာတမ်းများဖြစ်ကြောင်း သိရပါသည်။

ကျွန်တော်တို့မှာ ဦးပဥ္ဇင်းက ဦးဆောင်ခေါ်၍ အခန်းထဲလိုက်ပါသွားရသော်လည်း ဆရာတော်စာဖတ် အာရုံပျက် သွားမည်ကို မဝံ့မရဲဖြစ်မိကြသေး၏။ သို့သော် လည်း ဆရာတော်မှာ ကျွန်တော်တို့ကြောင့် စာဖတ်ခြင်းအမှု ပျက်စီးသွားခြင်းမရှိပါပေ။ အသက်အရွယ် အိုမင်းပြီဖြစ်သော်လည်း ဆရာတော်က အာရုံစူးစိုက် အားကောင်းလွန်းသည်ဟုထင်မိသည်။

ဆရာတော်၏ကုတင်ဘေးလက်ဝဲဘက်တွင်မူ အလွန်ကြီးမားသည့်စာအုပ်ဗီရိုကြီးတစ်ခုရှိပါသည်။ ကျမ်းကြီး ကျမ်းငယ်အသွယ်သွယ်နှင့် စာအုပ်စာတန်းများကို ထိုစာကြည့်ဗီရိုတွင် အပြည့်တင်ထားသည်။ရခိုင်သမိုင်းဆိုင်ရာ စာအုပ်များ၊ ဘာသာပြန်စာအုပ်များ၊ ဆရာတော်ကိုယ်တိုင်းရေးသားပြုစုထားသည့် စာတမ်းမူကြမ်းများကိုလည်း ထိုဗီရိုပေါ်တွင်တွေ့ရပါ၏။ မိနစ်အနည်းငယ်ဆရာတော်နှင့် စကားစမြည်ပြောဆိုပြီးနောက် ဆရာတော်က” စာအုပ်တွေ စုလာတာ။ ငါသေရင်ဒီစာအုပ်တွေနဲ့တောင်မီးသဂြိုလ်လို့ရတယ်ဒကာ” ဟု အရွှန်းဖောက်၍ပြောပါသည်။ အရွှန်းဖောက်ပြောသည်ဆိုသော်လည်း အသက် အရွယ် အိုမင်းရင့်ရော်မှုအရ ဆရာတော်၏ လှုပ်ရှားပြောဆိုမှုများမှာ နှေးကွေးလေးလံနေခဲ့ပြီဖြစ်၏။

ကျွန်တော်တို့မှာ နေသိပ်မစောင်းခင် မြောက်ဦးမြို့သို့ တပ်ဆုတ်ကြရမည် ဖြစ်ပါသည်။ လွမ်းငြိမ်း(မြောက်ဦး)က လေညှင်းတောင်တွင်ညအိပ်ပြီးမှ ပြန်ပါဟုပြော၍တားပါသေးသည်။ သို့ရာတွင် မနက်ကျလျှင် စစ်ဘေးရှောင် စခန်းများသွား၍ သတင်းယူရိုက်ကူးရမည့် ကိစ္စကရှိနှင့်ပြီးသားဖြစ်၏။ ထို့ကြောင့် ရက်ချင်းပြန်ရမည်လည်း ဖြစ်ပါသည်။

ကျွန်တော်တို့မှာ အချိန်သိပ်မလင့်စေတော့ဘဲ ပါလာသောကင်မရာဖြင့် ဆရာတော်ထံ ဦးခိုက်ခွင့်တောင်း၍ အင်တာဗျူး ရိုက်ကူးကြတော့သည်။ ဆရာတော်ရေးသားပြုစုနေသော “ရခိုင်ဒြပ်မဲ့ယဥ်ကျေးမှုများ” စာတမ်း၊ ဆရာတော်၏ စာပေဘဝဖြတ်သန်းမှုများကိုမေးမြန်းကြပါသည်။

အထက်တွင်ဖော်ပြခဲ့သလို ဆရာတော်မှာ အသက်အရွယ်အရ ပြောဆိုလှုပ်ရှားမှုများ နှေးကွေးလေးလံနေပြီဖြစ်ပါ၏။ သို့သော်လည်း စာပေဘဝဖြတ်သန်းမှုများအကြောင်း ပြောဆိုသည့် အခါ ဆရာတော်မှာ မမော၊မပန်းနိုင် အလွန် တက်ကြွအားရှိနေသည်ကို ထင်ထင်ရှားရှား မြင်ရပါ၏။ဆရာတော်၏ စာပေချစ်မြတ်နိုးစိတ်က ဦးခိုက်ဖွယ်ရာ ကောင်းလှပါသည်။ ဤနေရာတွင် – ဆရာတော်က ရခိုင်လူငယ်ကဗျာဆရာ မင်းပြားမင်းစံ၏အသစ်ထွက်ရှိထားသည့် “ လူကောင်များ” ခေတ်ပေါ်ကဗျာစာအုပ်နှင့်ပတ်သက်၍ ချီးကျူးပါသည်။ တပြိုင်နက်တည်းတွင် ဝေဖန်ရေးဆရာတဦး ပီပီ မကြိုက်သည့်အချက်များကို ဝေဖန်ပြပါသည်။ဆရာတော်ပန်းအောင်သည် ဝေဖန်ရေးဆရာတဦး၏ သတ္တိအပြည့်အဝရှိသူဖြစ်ကြောင်း သိရှိလိုက်ရပါသည်။ စာပေဝေဖန်ရေးတွင် လူပုဂ္ဂိုလ် ခင်မင်ရင်းစွဲကြောင့် ထောက်ထားညှာတာဝေဖန်မှုမျိုး ဆရာတော်တွင် မရှိကြောင်းလည်း နားလည် လိုက်မိသည်။ ပညာရှင် ပီသလွန်းလှသည့် ဆရာတော်ပင်တည်း။

ကျွန်တော်တို့ပြန်ခါနီးတွင် ဆရာတော်က စာအုပ်တချို့လက်ဆောင်ပေးပါသည်။ ထိုစာအုပ်များထဲတွင် ဆရာတော်စိန်ရတုနေ့အထိမ်းအမှတ်ထုတ်ဝေထားသည့် “ဂရုဏာဥယျာဥ်ရဲ့ ပန်းရနံ့များ” စာအုပ်လည်း ပါလာပါသည်။ အစောပိုင်းတွင်ဖတ်ခဲ့ရသည့် “သတင်းပို့ပါသည် ဘီဘီစီ” ကဗျာမှာလည်း ထိုစာအုပ်ထဲတွင်ပါလာသည်။ ထိုကဗျာကို ဆရာတော်ပန်းအောင်၏ တပည့်ရင်းချာ ထူးဝေလင်း(လေညှင်းတောင်)က ရေးသားထားခြင်းဖြစ်ပါသည်။ကဗျာအောက်ခြေမှတ်စုတွင် “ဘီဘီစီ၊ ဗျိုင်းဖြူကဏ္ဍ ဆုရကဗျာ” ဟုပါရှိသည်။ (ကဗျာခံစားမှု စာတမ်းမဟုတ်သည့် အတွက် ကဗျာနှင့်ပတ်သက်၍ ရေးသားခြင်း မပြုတော့ပါ။ လူတိုင်း ဖတ်ရနားလည်ရလွယ်ကူသည့် ကဗျာအမျိုးအစားလည်းဖြစ်ပါ၏)။

မည်သို့ပင်ဖြစ်စေ ကျွန်တော်၏မြောက်ဦးခရီးစဥ်အတွင်း အလွန်အဖိုးထိုက်တန်သည့် အမှတ်တရ လက်ဆောင်တခု ဖြစ်ခဲ့ပါသည်။ တနည်းပြောရလျှင် ဆရာတော်ပန်းအောင်၏ စာပေကျေးဇူးဖြင့် ကဗျာကောင်းတစ်ပုဒ် ကျွန်တော် ဖတ်ခွင့်ရခဲ့ပါသည်။

ယနေ့ဇန်နဝါရီလ ၉ ရက်၊ မနက် ၁ နာရီ ၅၀ မိနစ်တွင် ဆရာတော်အရှင်ဇယန္တဗောဓိ(ခေါ်) ပန်းအောင်မှာ ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့ပါပြီ။ ဆရာတော်ပျံလွန်တော်မူသွားသည့်အပေါ် များစွာယူကျုံးမရ နှမြောတသ ဖြစ်ရပါ၏။ ဆရာတော်သည် သူ၏စာပေဘဝ သက်တမ်း တစ်လျှောက်လုံးကို ရခိုင်သမိုင်းဆိုင်ရာနှင့် စာပေဝေဖန်ရေးစာတမ်းများ၊ ပျောက်ကွယ်တော့မည့် ရိုးရာဓလေ့ဒြပ်မဲ့ယဥ်ကျေးမှုစာတမ်းများ ပြုစုရေးသားခြင်း များတွင် မြှုပ်နှံထားခဲ့သူလည်းဖြစ်ပါသည်။

ကျွန်တော့်ကဲ့သို့ ကဗျာတစ်ပုဒ်ဖတ်ခွင့်ရခဲ့သူအပေါ်တွင် ဆရာတော်၏စာပေကျေးဇူးရှိလျှင် ဘဝတစ်ခုလုံး မြှုပ်နှံ၍ ရခိုင်သမိုင်း၊ စာပေ၊ ယဥ်ကျေးမှုများကို ရေးသားပြုစုခဲ့သည့် ဆရာတော်၏ အားထုတ်မှုနှင့် စာပေကျေးဇူးက တိုင်းတာပြောဆိုဖွယ်ရာမရှိတော့ပေ။ ထို့နည်းတူ ရခိုင်အမျိုးသားရေး လက္ခဏာများဖြစ်သော သမိုင်း၊ယဥ်ကျေးမှု၊စာပေများနှင့်ပတ် သက်၍ ဆရာတော်၏စာပေကျေးဇူးက ရခိုင်အမျိုးသားရေးအခန်းကဏ္ဍတွင် နောင်နှစ်များစွာတိုင် ကျောက်စာရေးထိုးပြီးသား ရှိနေတော့မည်လည်း ဖြစ်ပါတော့သည်။ (ပြီး)

https://www.facebook.com/narinjara.info/posts/774665294700602

Leave a Reply

Your email address will not be published.