အကြမ်းဖက်စစ်တပ်က မြောက်ဦးကို လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သား ၄ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရရှိပြီး အိမ် ၂၀ကျော်မီးလောင်ပျက်စီး

By Narinjara / 2024 January     28

အကြမ်းဖက်စစ်ကောင်စီတပ်က မြောက်ဦးမြို့ထဲကို လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သား ၄ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကာ အိမ် ၂၀ ကျော်မီးလောင်ပျက်စီးသွားကြောင်း သတင်းရရှိသည်။
မြောက်ဦးမြို့တွင်ကျန်ရှိနေသည့် စစ်ကောင်စီ၏ ခမရ ၅၄၀၊ ခမရ ၃၇၇ နှင့် အမှတ်(၃၁) ရဲတပ်ရင်းတို့က ယမန်နေ့ဇန်နဝါရီလ ၂၇ ရက်၊ ည ၇ နာရီဝန်းကျင်တွင် မြောက်ဦးမြို့ပေါ်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာမှ နေအိမ်များမီးလောင်ပျက်စီးကာ အရပ်သားများ သေဆုံးဒဏ်ရာရခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

လက်နက်ကြီးကျည်များသည် မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်၊ ကုန်သည်လမ်းဆုံမှ နေအိမ်များကို ထိမှန်ပြီး အရပ်သားများသေဆုံးဒဏ်ရာရပြီး နေအိမ်များမီးလောင်ပျက်စီးသွားခြင်းဖြစ်ကြောင်း မြောက်ဦးမြို့ခံများ၏ ပြောပြချက်အရသိရသည်။

မြောက်ဦးမြို့နှင့် အဆက်အသွယ်ရသည့် ဒေသခံ တစ်ဦးက “ မြောက်ဦးမှာ စစ်တပ်လက်နက်ကြီးနဲ့ ပစ်လို့ လူ ၄ ယောက်သေပြီး ၇ ယောက်ဒဏ်ရာရတယ်လို့ သိရပါတယ်။ အခုမနက်ပိုင်းက မြောက်ဦးဝန်းကျင်က ဒေသခံတယောက်နဲ့ ဖုန်းအဆက်သွယ်ရတာမှာ ပြောခဲ့တာပါ။အိမ်လည်း ၂၀ လောက်မီးလောင်ပျက်စီးသွားတယ်လို့ပြောပါတယ်” ဟု ပြောသည်။

ယနေ့မနက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာတွင်ပျံ့နှံ့လာသည့် ရုပ်သံဗီဒီဖိုင်တခုထဲတွင် မြောက်ဦးမြို့ ကုန်သည်တန်းတံတား ညာဘက်အခြမ်းမှ နေအိမ်ဆိုင်တန်းများထဲက ဆိုင်တစ်ဆိုင်မှာ မီးဟုန်းဟုန်း တောက်လောင်နေပြီး အရပ်သားတချို့က ပစ္စည်းပစ္စယများကို မီးလွတ်ရာရွှေ့ပြောင်းနေသည်ကို တွေ့ရသည်။ အလားတူ မီးလောင်ပျက်စီးသွားသည့် နေအိမ်တန်းများ၊ လက်နက်ကြီးကျည်စထိမှန်ပြီး သေဆုံးနေသည့်အရပ်သားများကိုလည်း ဓာတ်ပုံများထဲတွင်တွေ့မြင်ရသည်။

“ အရပ်သားသေဆုံးတဲ့ဓာတ်ပုံတွေတက်လာတာ။ကြည့်တောင်မကြည့်ရဲလောက်စရာပါ။ တချို့ခေါင်းတွေ၊ မျက်နှာတွေအကုန်လုံးပြိုသွားတဲ့ပုံတွေ၊ တချို့ဝမ်းဗိုက်တွေအကုန်ပွင့်ကျသွားတာ” ဟု အဆိုပါ မြောက်ဦးမြို့ခံအမျိုးသားကပြောသည်။

မြောက်ဦးအပါအဝင် ရခိုင်တိုက်ပွဲဖြစ်ပွားရာမြို့များတွင် စစ်ကောင်စီကဖုန်းလိုင်း၊ အင်တာနက်လိုင်းများကို ဖြတ်တောက်ထားဆဲဖြစ်သည်။

မြောက်ဦးမြို့မရဲစခန်း၊ သူတော်မကုန်း စစ်စခန်း၊သင်းကျစ်တောင်စခန်းကုန်း၊ လင်းမြွေတောင် စစ်စခန်းနှင့် မြောင်းဘွေရဲစခန်းတို့ကို ရက္ခိုင့်တပ်တော်(AA)က ထိန်းချုပ်သိမ်းပိုက်ထားပြီး လက်ရှိမြောက်ဦးမြို့တွင် ခမရ ၅၄၀၊ ခမရ ၃၇၇ ၊ ၃၇၈နှင့် အမှတ်(၃၁)ရဲတပ်ရင်းတို့ ကျန်ရှိနေခြင်းဖြစ်ကြောင်းသိရသည်။

https://www.facebook.com/narinjara.info/posts/784915047008960

Leave a Reply

Your email address will not be published.