အကြမ်းဖက်စစ်ကောင်စီတပ်က အချုပ်သား ၂ ဦးကို ပစ်သတ်၊ ကျန်အချုပ်သားများကို ရက္ခိုင့်တပ်တော်ကယ်ထုတ်

By Narinjara / 2024 January     31

ရခိုင်ပြည်မင်းပြားမြို့  ခမရ (၃၇၉) တပ်ရင်းတွင် ဖမ်းဆီးထားသူ အချုပ်သားများထဲက နှစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်သည်ဟု သတင်းရရှိသည်။

ပစ်သတ်ခံရသူ နှစ်ဦးအထဲတွင် ကိုကျော်ညွန့် (ဘ) ဦးပိန်ချေလည်း ပါဝင်ကြောင်း မင်းပြားဒေသခံ တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

အဆိုပါ အချုပ်သား ၂ ဦး ပစ်သတ်ခံရခြင်းကို ယမန်နေ့ ညနေက ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင်လည်း အတည်ပြုဖော်ပြထားသည်။

“ အကြမ်းဖက်စစ်ကောင်စီ၏ ရက္ခိုင်ပြည်၊ မင်းပြားအခြေစိုက် ခမရ (၃၇၉) တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ၂၀၂၂ ခုနှစ်က တည်းကပင် မတရားဖမ်းဆီးထားသည့် အရပ်သားပြည်သူ (၂) ဦးအား ဖမ်းဆီးထားစဉ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ကာ အချုပ်ခန်းထဲ၌ သေနတ်ဖြင့် မသေမချင်း ပစ်သတ်ခဲ့သည်” ဟု ဖော်ပြထားသည်။

ကျန်အချုပ်သားများကို ရက္ခိုင့်တပ်တော်က အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့သည်ဟုလည်း ၎င်းမင်းပြားဒေသခံက ဆက်လက်ပြောဆိုသည်။

“ မင်းပြားရဲစခန်းကို ရွှေ့ပြောင်းယူသွားတဲ့ အချုပ်သားတွေကို ခမရ ၃၇၉ က ဗဟိုကင်းမှာ ချုပ်ထားပြီး ရဲတွေကတော့ ကြက်ခြံမှာ နေကြတယ်လို့ သိရပါတယ်။ အဲဒီအထဲက တိုက်ပွဲဖြစ်နေတာကို ချောင်းကြည့်မိလို့ ကိုကျော်ညွှန့်နဲ့ နောက်တစ်ဦးကို ပစ်သတ်လိုက်တယ်လို့ ကြားပါတယ်။ ကျန်တဲ့ အချုပ်သားတွေကိုတော့ တပ်တော်က ကယ်ထုတ်လာနိုင်တယ်လို့ သိရပါတယ်”ဟု ပြောကြားသည်။

ကယ်ထုတ်လာသူများအထဲတွင် ဥက္ကာပျံရပ်ကွက် အုပ်ချုပ်ရေးမှူး ညီဒေါင်းချေ၊ နရမ်းဘက်က လူငယ်တစ်ဦး၊ ပေါက်တောနှင့် ရသေ့တောင်ဘက်က လူငယ်တချို့ပါဝင်သည်ဟု သိရသည်။

လောလောဆယ် ကယ်ထုတ်လာသူ အချုပ်သား အရေအတွက်ကိုတော့ နိရဉ္စရာသတင်းဌာနအနေဖြင့် အတိအကျ မသိရသေးပါ။

နောက်ဆုံးရရှိသော သတင်းများအရ ရက္ခိုင့်တပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ၃၇၉ တပ်ရင်းမှ စစ်သားများသည် ခမရ (၅၄၁) ရှိရာ တောင်တန်းဘက်သို့ ကစင့်ကလျားဆုတ်ခွာ ထွက်ပြေးနေကြသည်ဟု သိရှိရသည်။

https://www.facebook.com/narinjara.info/posts/786707636829701

Leave a Reply

Your email address will not be published.