By Western News / 2024 January 18

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်အတွင်း ဇန်နဝါရီ ၁၇ ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် စစ်ဘေးရှောင်ရန် ရောက်ရှိနေသည့် ကျောက်တော်ဒေသခံ ၅ဦးနှင့် ကျေးရွာသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၇ရက်နေ့ နေ့လယ် ၁၂ နာရီကျော်ခန့်က စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးသည် ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသ၊ လင့်စင်ရွာသစ်ကျေးရွာ၊ သဲပုံကျေးရွာနှင့် ဝဲကြီးထောင့်ကျေးရွာ အနီးတစ်ဝိုက်ကို လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် လင့်စင်ရွာသစ်သို့ စစ်ဘေးရှောင်ရန်အတွက် ရောက်ရှိနေသည့် ကျောက်တော်မြို့ခံ ၅ ဦးသေဆုံးခဲ့ရပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ်အများအပြားနှင့် ဘုန်းတော်ကြီးကျောင်းလည်း ပျက်စီးခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မနေ့က တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးနဲ့ လာပစ်တာပါ။ ၁၂ နာရီ ကျော်လောက်မှာ လာပစ်တာပါ။ လင့်စင်ရွာသစ်ကျေးရွာ၊ သဲပုံကျေးရွာနဲ့ ဝဲကြီးထောင့်ကျေးရွာ ကို လာပစ်တာဗျ။ အဲ့ဒီမှာ ကျောက်တော်က စစ်ဘေးရှောင်ဖို့ ရောက်နေတဲ့သူ ကျည်ကျပြီး ၅ ယောက်သေတယ်။ ပြီးတော့ ၁၅ ယောက်လောက် ထိခိုက်ဒဏ်ရာ ရသွားတယ်”ဟုပြောသည်။
သေဆုံးသူများမှာ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်က အသက်၄၀ အရွယ်ရှိ ဒေါ်ကျော့ကျော့ဝင်း၊ အသက် ၅၀အရွယ်ရှိ ဒေါ်အေးအေးချေ၊ နှင့် ကျောက်တော်မြို့သစ်ရပ်ကွက်က အသက် ၇၀ရွယ်ရှိ ဦးစံသာကျော်၊ အသက်၅၇ အရွယ်ရှိ ဒေါ်မအေးနုနှင့် အသက် ၂၃ နှစ်ရွယ်ရှိ မငယ်ငယ် တို့ ဖြစ်ကြသည်။
ယင်းကဲ့သို့ စစ်ကောင်စီလေယာဉ်တိုက်မှုကြောင့် ကျောက်တော်မြိုနယ် သဲပုံကျေးရွာမှ နေအိမ် ၈ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရပြီး ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာလည်း မီးလောင်းပျက်စီးခဲ့ရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
အလားတူ ဇန်နဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းက ကျောက်တော်မြို့အခြေစိုက် စစ်ကောင်စီ၏ စကခ (၉) လက်အောက်ခံ “ခမရ (၃၇၆) တပ်ရင်း” မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာဟောင်းသို ကျရောက်ပေါက်ကွဲခဲ့သည်။
အဆိုပါလက်နက်ကြီးကျည်မှာ သရက်တပင်ရွာမှ နေအိမ်တစ်အိမ်တွင် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅၂ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ရသည်။ ယင်းဖြစ်စဉ်များတွင် အနီးအနားမှာ တစ်စုံတစ်ရာတိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ဇန်နဝါရီ ၁၇ရက်နေ့ ၁၂ နာရီခန့်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်နှစ်စီးနှင့် မင်းပြားမြို့နယ်ဖက်ကို လေကြောင်းတိုက်ခိုက်မှုနှင့် နေဗီသင်္ဘောမှ ပစ်ခတ်လိုက်မှုတို့ လုပ်ဆောင်ခဲ့ပြီး နေဗီမှ ပစ်ခတ်မှုကြောင့် မင်းပြားမြိုနယ်၊ င/တန်းပျင်း ကျေးရွာမှ နေအိမ်အားလုံးနီးပါး မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။
ရခိုင်ပြည်အတွင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ အမ်း၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနှင့် ပလက်ဝတို့မှာ တိုက်ပွဲ အပြင်းအထန် ဖြစ်နေကြပြီး ပလက်ဝဒေသခံတစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က ယခုရက်အတွင်း သိမ်းပိုက်လိုက်ပြီး ဖြစ်ကြောင်း တရားဝင် ကြေညာထားသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/820427083430053