By DMG / 2024 January 6

ရခိုင်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှစ၍ ကုန်းလမ်း၊ ရေလမ်းများကို စစ်ကောင်စီက ပိတ်ဆို့ထားသဖြင့် ကျေးလက်ဒေသက ကိုယ်ဝန်ဆောင်မိခင်များမှာ မီးဖွားရေးအတွက် အခက်အခဲရှိနေကြသည်။
ယခင်ကပင် ကျန်းမာရေးဝန်ထမ်းမလုံလောက်မှု၊ ဆေးဝါးပစ္စည်းများ မပြည့်စုံသည့်ကြားထဲ စစ်ကောင်စီက သွားလာခွင့်ကန့်သတ်ထားသဖြင့် ကိုယ်ဝန်ဆောင်အပါအဝင် ကျေးလက်နေသူများမှာ ကျန်းမာရေးနှင့်ပတ်သက်၍ ဆိုးဆိုးရွားရွားဖြစ်စဉ်များကို ရင်ဆိုင်နေကြရသည်။
“မြို့ကဆေးရုံမှာ သွားပြီးမွေးမယ်ဆိုရင်လည်း သွားလာခွင့်တွေပိတ်ထားတော့ လမ်းမှာ အန္တရာယ်များတယ်။ ကိုယ့်အရပ်ထဲမှာပဲ မွေးပြန်မယ်ဆိုရင်လည်း မပြောကောင်းမဆိုကောင်း အရေးပေါ်အခြေအနေမျိုး ဖြစ်သွားမှာကို မတွေးရဲလောက်အောင် ဖြစ်နေတယ်” ဟု ပေါက်တောမြို့နယ်မှ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက ပြောသည်။
ကိုယ်ဝန်ဆောင်မိခင်တချို့မှာ အကြောင်းအမျိုးမျိုးကြောင့် ခွဲစိပ်မွေးဖွားရမည့်ရမည့် အခြေအနေများရှိနေသဖြင့် ၎င်းတို့မှာ မီးဖွားမည့်အချိန်အတွက် စိုးရိမ်ထိတ်လန့်မှုများကို ခံစားနေကြရသည်။ လက်ရှိတွင် ဒေသတွင်း အရေးပေါ်လူမှုကူညီရေးလုပ်နေသည့် အဖွဲ့များမှာလည်း စက်သုံးဆီပြတ်လပ်မှုကြောင့် လုပ်ငန်းများရပ်တန့်နေ၍ အရပ်သားပြည်သူများမှာ ထိခိုက်နစ်နာမှုများ ရှိနေသည်။
ကျောက်ဖြူမြို့နယ်၊ ကျေးလက်ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက “တချို့က သန္ဓေအနေအထား မမှန်ဘူး။ အဲလိုလူတွေဆိုရင် သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ ဆွေးနွေးပြီးတော့ ခွဲစိပ်မွေးဖို့ကို ညွှန်ကြားတာမျိုးရှိတယ်။ တချို့က သန္ဓေအနေအထားမှန်တယ်လို့ ထင်ရပေမယ့် ညစ်အားမရှိတော့လို့ အန္တရာယ်ဖြစ်တာတွေလည်းရှိတယ်။ ဒီလူတွေအတွက် ဆေးရုံကို အမြန်ဆုံးရောက်နိုင်ဖို့က အရမ်းအရေးကြီးတယ်” ဟု ပြောသည်။
စစ်ကောင်စီက လမ်းပိတ်ဆို့ထားမှုနောက်ဆက်တွဲအဖြစ် ဆေးဝါးပြတ်လပ်လာခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်မရရှိခြင်း၊ ကာကွယ်ဆေးများ ပုံမှန်မထိုးနှံရခြင်း စသည့်အခက်အခဲများကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစကလေးသေဆုံးမှုများ ရှိလာနေသည်။
၂၀၂၃ ခု၊ ဒီဇင်ဘာ ၅ ရက်က ရသေ့တောင်မြို့နယ်၊ ဒိုးတန်းကျေးရွာတွင် စစ်ဘေးရှောင်နေသည့် ကိုယ်ဝန်ဆောင် မိခင်တစ်ဦးမှာ မီးဖွားစဉ် မိခင်နှင့် ကလေးပါ အသက်ဆုံးရှုံးသွားသည်။ နိုဝင်ဘာလ နောက်ဆုံးပတ်ကလည်း ကျောက်တော်မြို့နယ်၊ တောင်မင်းကုလား စစ်ဘေးရှောင်စခန်း၌ မွီးဖွားရအဆင်မပြေမှုကြောင့် အမွှာကလေး ၂ ဦး မွေးဖွားပြီး နာရီဝက်အကြာတွင် သေဆုံးသွားခဲ့သည်။
“အရေးပေါ်တစ်ခုခုဖြစ်လို့ မြို့သို့သွားမယ်ဆိုရင်တောင် စက်သုံးဆီပြတ်လပ်နေလို့ ကား၊ စက်လှေ အလွယ်တကူ ငှားလို့မရသလို၊ စွန့်စားပြီးလည်း ဘယ်သူမှ မပို့ရဲကြဘူး။ ငှားလို့ရခဲ့မယ်ဆိုရင်တောင် စစ်ဆေးရေးဂိတ်တွေမှာ အချိန်အကြာကြီး အစစ်ဆေးခံပြီးမှ ဆေးရုံကိုရောက်မယ့်အခြေအနေမျိုးပါ” ဟု ကျောက်ဖြူမြို့နယ်မှ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက ပြောသည်။
ကိုယ်ဝန်ဆောင်များမှာ သန္ဓေစလွယ်သည့်အချိန်မှစ၍ မိခင်နှင့်ကလေးကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်းတို့၌ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုအပြင် အနီးကပ်စောင့်ရှောက်မှုများ ခံယူရသည်။ ကိုယ်ဝန်ဆောင်စဉ်ကာလ မေးခိုင်ကာကွယ်ဆေး (၂) ကြိမ်ထိုးနှံရပြီး ကာကွယ်ဆေးထိုးနှံခြင်းအားဖြင့် မေးခိုင်ရောဂါကာကွယ်ခြင်း၊ ကိုယ်၀န်ဆောင်စဉ်နှင့် မွေးဖွားပြီးနောက်ဖြစ်တတ်သည့် ကူးစက်ရောဂါများအား ကာကွယ်စေနိုင်သည်။
သို့သော်လည်း “ကိုယ်ဝန်က ရှစ်လရှိပြီ။ ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးရသေးဘူး” ဟု ရသေ့တောင်မြို့နယ်၊ စေတီတောင်စစ်ဘေးရှောင်စခန်းမှ မနန္ဒာဝင်းက ပြောသည်။
ရခိုင်ဒေသတွင် သံတွဲ၊ ဂွ၊ မာန်အောင်၊ မြို့နယ်များမှလွဲ၍ အခြားမြို့နယ်များတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားနေမှုနှင့်အတူ ဒေသခံ ၁၆၀,၀၀၀ ထက်မနည်းမှာ စစ်ဘေးရှောင်နေရပြီး ယင်းအထဲတွင် ကိုယ်ဝန်ဆောင်မိခင် အများအပြားပါဝင်သည်။
တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ထားသဖြင့် ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်နှင့် မောင်တော မြို့နယ်တို့တွင် ကျန်းမာရေးစောင့်ရှောက်မှု မရရှိမှုကြောင့် အသက်ဆုံးရှုံးလိုက်ရသည့် စစ်ဘေးရှောင် ၁၀ ဦးထက်မနည်းရှိကြောင်း DMG က စုံစမ်းသိရှိရသည်။
https://www.facebook.com/dmgnewsagency/posts/762212352619030