ရသေ့တောင်တွင် လက်နက်ကြီးကျ၍ စစ်ဘေးရှောင်ကျောင်းသူတစ်ဦး သေဆုံး

By DMG / 2024 January             5

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ခရုချောင်းကျေးရွာတွင် ဇန်နဝါရီ ၄ ရက်၊ ည ၉ နာရီခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ဘေးရှောင်ကျောင်းသူတစ်ဦး သေဆုံးသွားသည်ဟု သိရသည်။

ရေစိုးချောင်းကျေးရွာမှ မစုမြတ်(၁၈)နှစ်မှာ ခရုချောင်းကျေးရွာတွင် စစ်ဘေးရှောင်အဖြစ် နေထိုင်နေသူဖြစ်ပြီး စစ်ကောင်စီ၏ ရေစိုးချောင်းဗျူဟာကုန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ ကျေးရွာထဲကျရောက်ပေါက်ကွဲ၍ ကျည်စထိမှန်ကာ သေဆုံးသွားခြင်းဖြစ်သည်။

“မနေ့က လက်နက်ကြီး ၅ ကြိမ်လောက်ပစ်တယ်။ လက်နက်ကြီးတစ်လုံးက ရွာထဲမှာလာကျတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ဘက်ဖက်လက်မောင်းအောက်မှာ ကျည်စထိလို့ ဆုံးသွားတာ။ အခုလိုဖြစ်သွားတာကို လုံးဝမကျေနပ်ဘူး” ဟု မိသားစုဝင်အမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသွားသည့် မစုမြတ်မှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူး ၂ ဘာသာ ဖြင့် အောင်မြင်ထားသူဖြစ်သည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်နေသဖြင့် ခရုချောင်းကျေးရွာအပြင် အနီးအနားရှိ သိုင်းတပုတ်၊ ရေကောင်းချောင်း၊ ကျောက်ပြင်ဆိပ် စသည့်ကျေးရွာများမှ ဒေသခံများမှာ အသက်အန္တရာယ် ထိခိုက်မည်ကို စိုးရိမ်နေကြသည်။
“မနေ့ကဆိုရင် တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ လက်နက်ကြီးတွေပစ်တယ်။ ရွာနားတွေမှာကျတော့ စိုးရိမ်ရတယ်။ မနေရဲတော့ဘူး” ဟု သိုင်းတပုတ်ရွာသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်ကလည်း ရေစိုးချောင်းဗျူဟာကုန်းမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် ရသေ့တောင်မြို့နယ်၊ လိုင်ဂွင်ကျေးရွာမှ ဒေသခံ ၁ ဦးသေဆုံးပြီး ၊ ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

“စစ်ကောင်စီတပ်တွေက ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေနေတဲ့ နေရာတွေကို ပစ်ခတ်နေတယ်။ အခုက ဘယ်နေရာမှ လုံခြုံမှုမရှိတော့ဘူး” ဟု ရခိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ရခိုင်နှင့်ပလက်ဝတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကာလအတွင်း စစ်ကောင်စီက လက်နက်ကြီး/ငယ်၊ လေကြောင်း၊ ရေကြောင်းတို့ဖြင့် ပစ်ခတ်နေမှုကြောင့် အရပ်သား ထိခိုက်သေဆုံးသူဦးရေမှာ နေ့စဉ်နှင့်အမျှ မြင့်တက်လာနေသည်။

https://www.facebook.com/dmgnewsagency/posts/761617386011860

Leave a Reply

Your email address will not be published.