ရမ်းဗြဲမြို့ကို စစ်ကောင်စီက ဓာတုဓာတ်ငွေ့ အဆိပ်ဗုံးကြဲချ (တခြားဗုံးအမျိုးအစားများဖြင့်လည်း ကြဲချနေ၍ တစ်မြို့လုံးနီးပါး မီးလောင်နေ)

By Western News / 2024 January     28

ရခိုင်ပြည် ရမ်းဗြဲမြို့ကို ဇန်နဝါရီ ၂၆ရက်နေ့ ည‌ကစ၍ အာဏာသိမ်း စစ်ကောင်စီသည် လေကြောင်းမှ ဓာတုဓာတ်ငွေ့အဆိပ်ဗုံး ကြဲချမှုကြောင့် ဒေသခံတစ်ချို့မှာ ခေါင်းမူးဝေခြင်းနှင့် ပျို့အန်ခြင်းတို့ ဖြစ်ပေါ်နေကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ ည ၁၁ နာရီကျော်အချိန်ကစ၍ ဇန်နဝါရီ ၂၇ ရက်နေ့အထိ စစ်ကောင်စီမှ လေကြောင်းမှ ဗုံးဆက်တိုက်ကြဲချနေပြီး ယနေ့နံနက် ၁၀ နာရီကျော်အချိန်က ဓာတုဓာတ်ငွေ့အဆိပ်ဗုံးကို ကြဲချခဲ့ကြောင်း မြို့အနီးအနားရှိ မျက်မြင်ဒေသခံများက ပြောဆိုကြသည်။

ဒေသခံတစ်ဦးက “ရမ်းဗြဲမြို့ကို ဂျက်လေယာဉ်ထင်တယ်။ အဆိပ်ငွေ့ဗုံးနဲ့လာကြဲတာ။ မြို့ထဲမှာတော့ ‌လူတွေမရှိတော့ဘူး။ အကုန်လုံးက စစ်ရှောင်သွားကြပြီ။ လူတွေရှိရင် အဆိပ်ငွေ့မိလို့ သေနိုင်တယ်။ မြို့ပေါ်နဲ့ နီးတဲ့ သူတွေက အဆိပ်ငွေ့မိလို့ ခေါင်းမူးတာတွေ၊ ပျို့အန်တာတွေ ဖြစ်နေတယ်။ အဝတ်ကို ရေစွပ်ပြီးတော့ ပါးစပ်နဲ့ နှာခေါင်းကို ပိတ်ထားရတယ်။ တစ်ချို့ကတော့ ထွက်ပြေးကြတယ် “ ဟု ပြောသည်။

ရမ်းဗြဲမြို့ထဲတွင် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီသည် မြို့တွင်းသို့ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးအပြင် တခြားသော ဗုံးများဖြင့် ကြဲချနေသည်မှာ ရက်သတ္တပတ်ခန့် ကြာနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
နောက်ထပ်ဒေသခံတစ်ဦးက “စစ်ကောင်စီ ဗုံးကြဲလို့ ရမ်းဗြဲတစ်မြို့လုံးက ပြာကျသွားပါပြီ။ အခုလည်း နေအိမ်တွေက မီးလောင်နေတုန်းပဲ။ မြို့ထဲက ချောင်း တံတားဆိုရင် ကျိုးပဲ့ ပျက်စီးသွားပြီ။ မီးလောင်နေတာ လူနေအိမ်တွေသာမက မြို့မဈေး၊ ဆေးရုံ၊ စာသင်ကျောင်း အားလုံးလည်း ပျက်စီးသွားပြီ” ဟု ပြောသည်။

ဇန်နဝါရီလ ၂၄၊ ၂၅၊ ၂၆ ရက်တို့တွင်လည်း စစ်ကောင်စီ လေကြောင်းတပ်သည် ရမ်းဗြဲမြို့ထဲကို စက်သေနတ်များဖြင့် ပစ်ခတ်ခြင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဈေးနှင့် ဘုန်းကြီးတော်ကြီး၊ နေအိမ် ပျက်စီးသွားကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် AA မှ မြို့တွင်းတိုက်ပွဲများကို ရှောင်းရှား၍ တိုက်ခိုက်သော်လည်း စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော လူနေကျေးရွာများ၊ မြို့တွင်းနှင့် အဆောက်အဦးများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်တ်ခတ်ခြင်း၊ ဗုံးကြဲခြင်းများ ဆက်တိုက်ပြုလုပ်လျှက်ရှိကြောင်း ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိ ရမ်းဗြဲမြို့အနီး တစ်ဝိုက်ရှိ တောတောင်များတွင် စစ်ကောင်စီတပ်နှင့် AA တို့သည် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျှက်ရှိကြောင်း စစ်ကောင်စီမှ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် မြို့နေလူအားလုံးမှာ ဘေးကင်းရာနေရာများနှင့် ကျေးရွာ များထွက်ပြေးနေကြကြောင်း သိရသည်။

https://www.facebook.com/westernnewsagency/posts/826946036111491

Leave a Reply

Your email address will not be published.