By BBC / 2024 January 29

ရခိုင်ပြည်နယ်မှာ နောက်ထပ်တကြိမ်အပစ်အခတ်ရပ်ဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ ကြိုးပမ်းနေပြီး အပစ်ရပ်နားမှာသာ ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေးလုပ်ငန်းစဉ်တွေပြန်လည်စတင်နိုင်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ Yao Wen က ပြောတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်ကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။
“နေရပ်ပြန်ရေးကိစ္စက ကျွန်တော်တို့လေးလေးနက်နက်ဆွေးနွေးကြတဲ့အကြောင်းအရာတစ်ခုဖြစ်တယ်။ ရှေ့လျှောက်ပိုပြီးခက်ခဲမယ့်ရက်တွေရှိလာနိုင်တာကို နားလည်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့ယုံကြည်ချက်ရှိဖို့လိုတယ်” လို့ မစ္စတာ Yao Wen က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Hasan Mahmud ကို ဇန်နဝါရီ ၂၈ ရက်တွေ့ဆုံချိန်မှာ အခုလိုပြောခဲ့ပါတယ်။
အေအေနဲ့ စစ်ကောင်စီ အပစ်ရပ်မှု – ရခိုင်ပြည်သူတွေကို စဥ်းစားပြီး လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်ခဲ့တယ်လို့ အေအေပြော
အရင်တုန်းကလည်း တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရခိုင်ပြည်နယ်မှာအပစ်ရပ်နားခဲ့ဖူးကြောင်းလည်း တရုတ်သံအမတ်က ထည့်ပြောပါသေးတယ်။
သူ့ရဲ့အပြောအရ တရုတ်ရဲ့ အခုလိုရပ်တည်ချက်ဟာ မြန်မာ့ အကျပ်အတည်းတွေအတွက် ရေရှည်တည်တံ့တဲ့အဖြေတစ်ခုရဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။
ဒါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးအသစ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်တို့ ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပြီး ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ တရုတ် နဲ့ ဘင်္ဂလားဒေ့ရှ်တို့ရဲ့ လက်ရှိဆက်ဆံရေးအပါအဝင် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးအတွက်ပါ တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်ရဲ့ မြေပြင်အခြေအနေကတော့ နိုဝင်ဘာ ၁၅ ရက်ကစလို့ ရက္ခိုင့်တပ်တော် အေအေ နဲ့ စစ်ကောင်စီကြားတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေပြီး စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲ၊ အမ်း၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းစတဲ့မြို့တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအများစုကို သိမ်းပိုက်ထားပြီး မြို့အချို့ကိုလည်း အေအေ က ထိန်းချုပ်ထားနိုင်ကြောင်း တရားဝင်ကြေညာထားပါတယ်။
https://www.facebook.com/BBCnewsBurmese/posts/807396924766306