(တပ်တော် ဒုစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်အာရက္ခစစ်သည်များနှင့် အတူ အောင်ပွဲခံနေသည့်ပုံကိုပါ သတင်းထုတ်ပြန်)
By Narinjara / 2024 January 21

ရက္ခိုင့်တပ်တော် (AA) သည် ရခိုင်ရှိ စစ်ကောင်စီတပ်အဓိကအခြေစိုက်ရာ မြို့ (၄) မြို့မှ တပ်ရင်းပေါင်း ၁၂ ရင်းကို တစ်ပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ၎င်းအထဲက တပ်ရင်းအချို့ကို သိမ်းပိုက်ထားပြီ ဖြစ်ကြောင်း ညီနောင် မဟာမိတ်(၃) ဖွဲ့၏ ဇန်နဝါရီ ၂၀ ရက်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၎င်းပြင် ရက္ခိုင့်တပ်တော်၏ ဒု-စစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင် အာရက္ခစစ်သည်များနှင့်အတူ ရှမ်းမြောက်၌ အောင်ပွဲခံနေသည့် ဓာတ်ပုံကိုပါ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရက္ခိုင့်တပ်တော် လက်ရှိ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ခမရတပ်ရင်းများမှာ မြောက်ဦးအခြေစိုက် “(၃၇၇)၊ (၃၇၈) နှင့် (၅၄၀)”၊ မင်းပြားအခြေစိုက် “(၃၇၉)၊ (၃၈၀)နှင့် (၅၄၁)”၊ ကျောက်တော် အခြေစိုက်တပ်ရင်း “(၃၇၄)၊ (၃၇၅) နှင့် (၃၇၆)” တို့အပါအဝင် ရသေ့တောင်အခြေစိုက် “(၅၃၆)၊ (၅၃၇)နှင့် (၅၃၈)” တို့ဖြစ်ကြသည်။
၎င်း စစ်ကောင်စီ တပ်ရင်းအခြေစိုက်နေရာများ၌လည်း ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ အကြား နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။
လက်ရှိတိုက်ခိုက်နေသည့် စစ်ကောင်စီ၏ တပ်စခန်းများထဲမှ အချို့ကို ရက္ခိုင့်တပ်တော်မှ ရန်သူ၏ အပြင်းအထန်ခုခံကာကွယ်သည့်ကြားမှ သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်ဟုလည်း ဆက်လက် ဖော်ပြထားသည်။
နိရဉ္စရာက ရရှိသော သတင်းများအရ မင်းပြားအခြေစိုက် “(၃၇၉)၊ (၃၈၀)နှင့် (၅၄၁)” အပါအဝင် မြောက်ဦးအခြေစိုက်တပ်ရင်းအချို့လည်း ရက္ခိုင့်တပ်တော်လက်ထဲ ကျရောက်သွားပြီဟု သိရသည်။ သို့သော်လည်း စစ်ကောင်စီသည် လေယာဉ်များဖြင့် ပစ်ကူကာ တပ်ရင်းစခန်းများ မကျစေရေး အသည်းအသန်ကာကွယ်နေသဖြင့် အပြီးပိုင်သိမ်းပိုက်ရေးအတွက် ရက္ခိုင့်တပ်တော်က ကြိုးစားနေသည်ဟု အေအေနှင့် နီးစပ်သည့် သတင်းရင်းမြစ်များအရ သိရသည်။
၎င်းပြင် လက်နက်ချအညံ့မခံသေးဘဲ မိမိတို့နှင့် အရပ်သားပြည်သူများအား ဆက်လက် တိုက်ခိုက်နေသေးသော ရန်သူ့တပ်ရင်းများကိုလည်း ဆက်လက် ချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း၊ ကျောက်တန်း၊ အောင်သာစည် ကျေးရွာအနီးရှိ စစ်ကောင်စီအခြေစိုက်တပ်စခန်းနှင့် ထီးစွဲကျေးရွာအနီးရှိ ရန်သူ့အခြေစိုက်တပ်စခန်းနှစ်ခုတို့အား ရက္ခိုင့်တပ်တော် (AA) မှ လွန်ခဲ့သော ရက်များအတွင်း အပြီးသတ်သိမ်းပိုက်ရယူထားပြီးဖြစ်ကြောင်း သိရသည်။
၎င်းပြင် ရက္ခိုင့်တပ်တော် လှုပ်ရှားရာနေရာတစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ ပတ်ဝန်းကျင်၌လည်း စစ်ကောင်စီကြား တိုက်ပွဲများ ရှိခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား လက်ရှိ ထိတွေ့တိုက်ပွဲများမှာ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များ၌ မရပ်မနား ဆက်လက်ရှိနေသလို အချို့မြို့ များတွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ အမ်းမြို့အတွင်း၌လည်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုများမှာ နေ့စဉ်ရှိနေကြောင်း ဖော်ပြထားသည်။
ဇန်နဝါရီ ၁၉ ရက် ညနေ (၄) နာရီ (၃၀) မိနစ်အချိန်ခန့်၌ ဘူးသီးတောင်မြို့နယ်၊ ကြာညိုပြင် ကျေးရွာအနီးရှိ စစ်ကောင်စီ၏ တပ်မ (၂၂) လက်အောက်ခံ “ခမရ (၂၀၃) တပ်ရင်း” မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘူးသီးတောင်မြို့နှင့် အနီး အနားကျေးရွာများသို့ လက်နက်ကြီးများဖြင့် တမင်တကာရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လက်နက်ကြီး များထဲမှ (၁၀) လုံးခန့်မှာ စေတီတောင်ကျေးရွာနှင့် အနီးတစ်ဝိုက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် (၁၃) နှစ်အရွယ် ဒေသခံကလေးငယ် (၁) ဦးမှာ ကျည်စထိမှန်၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
(မှတ်ချက်– ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ထုတ်ပြန်သည့် “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၆) ရက်မြောက်နေ့တိုက်ပွဲသတင်းများမှ ထုတ်နှုတ်ဖော်ပြသည်။)
https://www.facebook.com/narinjara.info/posts/780048674162264