ရခိုင်ဒေသရှိ NGO၊ INGO များ လုပ်ငန်းလည်ပတ်မှု ခက်ခဲလာ

By DMG / 2024 January             4

ဓာတ်ပုံ – WFP/Photo Library

တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်ကောင်စီက လမ်းခရီးသွားလာခွင့် ပိတ်ဆို့ထားမှုနှင့် နယ်မြေမလုံခြုံမှုတို့ကြောင့် INGO၊ NGO အဖွဲ့အစည်းများ၏ လုပ်ငန်းလည်ပတ်မှုများမှာ အခက်အခဲရှိလာကြောင်း သိရသည်။

ရခိုင်ပြည်အတွင်း လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများနှင့်အတူ စားနပ်ရိက္ခာထောက်ပံ့ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြားသော ဒေသဖွံ့ဖြိုးရေးကဏ္ဍအများအပြားကို INGO၊ NGO များက ဆောင်ရွက်နေကြခြင်းဖြစ်ပြီး လက်ရှိတွင် လည်ပတ်ဆဲလုပ်ငန်းများအပါအဝင် နောက်ထပ်အစီအစဉ်များကိုပါ ရပ်နားရမည့်အခြေအနေ ရှိသည်။

“နယ်မြေမလုံခြုံရင် ဘာမှလုပ်လို့မရတော့ဘူး။ စစ်ကောင်စီက တားမြစ်ထားတော့ အတင်းသွားလို့လည်းမရဘူး။ ဆိုတော့ အလုပ်က သတ်မှတ်ကာလမှာ မပြီးတော့သလို လုပ်လက်စကဏ္ဍအချို့လည်း ရပ်နားထားရတာရှိတယ်။  နောက်ထပ်လျာထားတာတွေကလည်း မသေချာတော့ဘူး” ဟု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် NGO ဝန်ထမ်း အမျိုးသားတစ်ဦးက ပြောသည်။

ရခိုင်တွင်ရုံးစိုက်ကာ ကူညီထောက်ပံ့ရေးလုပ်ကိုင်နေသည့် INGO နှင့် NGO အဖွဲ့အစည်း ၂၀ ထက် မနည်းရှိပြီး လက်ရှိတွင် ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်သည့် WFP၊ UNHCR၊ UNDP အပါအဝင် ICRC စသည့် အဖွဲ့အနည်းငယ်သာ လုပ်ငန်းလည်ပတ်မှုအနည်းကျဉ်းရှိပြီး အခြားအဖွဲ့များမှာ လုပ်ငန်းရပ်နားထားကြရသည်။

ထို့ကြောင့် အဆိုပါအဖွဲ့များမှာ ဝန်ထမ်း၊ လစာငွေ လျော့ချခြင်းအပြင် ၎င်းတို့နှင့် ချိတ်ဆက်လုပ်ကိုင်နေသည့် ဒေသတွင်းအဖွဲ့အစည်း(CSO)များထံ ပေးနေသော ထောက်ပံ့ကူညီမှုများကိုပါ ရပ်ဆိုင်းထားရကြောင်း သိရသည်။

“ဘာလုပ်ဆောင်မှုမှ မပြနိုင်ဘူး။ နောက်ထပ်ဘာတွေလုပ်နိုင်မယ် ဆိုတာကိုလည်း ချပြနိုင်တဲ့အခြေအနေ မရှိတော့ ဘယ်အဖွဲ့အစည်း၊ ဘယ်နိုင်ငံကမှ သူတို့ရဲ့ငွေတွေကို အလကားတော့ အကုန်မခံတော့ဘူးလေ။ ဆိုတော့ ဝန်ထမ်း လျော့တာတွေအပြင် အခြားသော သူတို့ရဲ့ထောက်ပံ့ကူညီမှုတွေကိုလည်း လျော့ချလိုက်တဲ့သဘောပါ” ဟု စစ်တွေမြို့က INGO ဝန်ထမ်းတစ်ဦးက ပြောသည်။

INGO၊ NGO အဖွဲ့များမှာ ၎င်းတို့ဆောင်ရွက်မည့်လုပ်ငန်းများကို အနည်းဆုံး ၆ လမှ ၃ နှစ်ခန့်အထိ စီမံချက်ကာလ သတ်မှတ်ထားကြပြီး ဒေသတွင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဒေသခံများအား ဝန်ထမ်းခန့်အပ်ခြင်း တို့ကို စာချုပ်ဖြင့်ဖြစ်စေ၊ နားလည်မှု၊ နေ့စားဖြင့်ဖြစ်စေ အပြန်အလှန်အကျိုးပြု ဆောင်ရွက်နေကြခြင်းဖြစ်သည်။

ရခိုင်ပြည်သည် မြန်မာနိုင်ငံတွင် ဒုတိယအဆင်းရဲဆုံးဖြစ်သည့်အလျောက် ပညာရေး၊ ကျန်းမားရေး၊ စားဝတ်နေရေး စသည့် လူမှုကဏ္ဍများ၌ အဖက်ဖက်က နိမ့်ကျလျက်ရှိသည်။ ယင်းအခက်အခဲများကို ကူညီဖြေရှင်းပေးနေကြသည့် INGO၊ NGO တို့၏ လုပ်ငန်းများ ရပ်ဆိုင်းမည်ဆိုပါက ရခိုင်ဒေသဖွံ့ဖြိုးရေးမှာ ယခင်ထက် ဆိုးရွားသွားနိုင်ကြောင်း ဒေသခံများက ပြောသည်။

“INGO၊ NGO ကြောင့် လူငယ်တွေဟာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရကြတယ်။ ကျန်းမာရေး၊ ပညာရေး အရေးပါမှုကဏ္ဍတွေကို သိပ်မသိကြတဲ့ ကျေးလက်ကလူတွေတောင် အမြင်ကျယ်လာကြတယ်။ ရခိုင်မှာ ဒေသဖွံ့ဖြိုးမှုနဲ့ပတ်သက်ပြီး အာဏာပိုင်တွေဟာ ရုပ်ပိုင်းဆိုင်ရာတချို့လောက်ကိုပဲ လုပ်ဆောင်ပေးနိုင်ခဲ့တာပါ။ ကျန်တာတွေကိုတော့ INGO၊ NGO တွေက ပါဝင်ကူညီနေကြတာဖြစ်တယ်” ဟု ကျောက်ဖြူမှ နိုင်ငံရေးလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ရခိုင်ဒေသတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများ ပြင်းထန်နေမှုနှင့်အတူ ဒေသခံ ၁၆၀,၀၀၀ ထက်မနည်း ဘေးလွှတ်ရာကို တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အဝတ်အထည်များ အရေးပေါ်လိုအပ်နေ၍ INGO၊ NGO အပါအဝင် လူမှုကူညီရေးအဖွဲ့များကို လွတ်လပ်စွာ သွားလာကူညီခွင့်ပြုရန် လိုအပ်နေသည်။

ကုလသမဂ္ဂ၏ နိုဝင်ဘာလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ရခိုင်အပါအဝင် မြန်မာနိုင်ငံက ပဋိပက္ခ ဖြစ်ပွားနေ သည့် ဒေသများတွင် အထူးစိုးရိမ်စရာဖြစ်နေပြီး လူသားချင်း စာနာထောက်ထားမှု အရေးပေါ် အကူအညီများ ပေး အပ်နိုင်ရေးအတွက် အတားအဆီးမရှိ ဝင်ရောက်သွားလာခွင့်ပေးရန် တောင်းဆိုထားသည်။

https://www.facebook.com/dmgnewsagency/posts/761035326070066

Leave a Reply

Your email address will not be published.