ရခိုင်တွင် ဖုန်းလိုင်းနှင့် အင်တာနက်မရ၍ ဘဏ်လုပ်ငန်းနှင့် အွန်လိုင်းငွေလွှဲလုပ်ငန်းများ သတင်းသိပိုင်ခွင့်များ ဆုံးရှုံးနေ

By Western News / 2024 January     29

ရခိုင်ပြည်က မြို့နယ်တိုင်းတွင် ဖုန်းလိုင်းနှင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရ၍ ဘဏ်လုပ်ငန်းဆိုရာများနှင့် အွန်လိုင်းငွေလွှဲလုပ်ငန်းများမှာ လုံးဝရပ်တန့်သွားရပြီး သတင်းသိပိုင်ခွင့်လည်း ဆုံးရှုံးနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့ကစ၍ စစ်တပ်ပိုင် မိုင်တဲလ်ဖုန်းလိုင်းကလွဲပြီး ဆက်သွယ်ရေး အော်ပရေတာများနှင့် ဝိုင်ဖိုင်အင်တာနက်များကို စစ်ကောင်စီက ဖြတ်တောက်ထားသည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။

စစ်တွေဒေသခံတစ်ဦးက “ဖုန်းလိုင်းက မိုင်တဲလ် တခုပဲရပါတယ်။ ဖုန်းပဲ ဆက်လို့ရတာ အင်တာနက်က မရဘူး။ မိုင်တဲလ်တောင် ပြတ်တဲ့နေရာတွေရှိသေးတယ်။ အင်တာနက်မရတော့ အွန်းလိုင်းငွေလွှဲလုပ်ငန်းက လုံးဝ ရပ်သွားပါပြီ။ Kpay၊ Wave Money၊ Ture Money ငွေလွှဲငွေထုတ်မရတော့ဘူး။ ဘဏ်ကတော့ အလုပ်လုပ်နေပါသေးတယ်။ ဒီမှာက ဘဏ်တွေထက် အွန်လိုင်း ငွေလွှဲကို အဓိက သုံးနေကြတာ။ ဘဏ်တွေမှာက ငွေပမာဏက အကန့်အသတ်ရှိနေတော့လေ။ အခုလုံးဝ ရပ်တန့်သွားတော့ အရမ်းအခက်အခဲ ဖြစ်နေကြတာပေါ့။ ” ဟု ပြောသည်။

အွန်လိုင်း ငွေလွှဲလုပ်ငန်း ရပ်တန့်သွားခြင်းနှင့် အင်တာနက်မရခြင်းကြောင့် မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသည့် သားဖြစ်သူနှင့် အဆက်မသွယ်၍ စားဝတ်နေရေး အလွန်ခက်ခဲနေသည်ဟု ကျောက်တော် ဒေသခံ မိခင်ဖြစ်သူတစ်ဦးက ဆိုသည်။

“စစ်ဖြစ်နေလို့ ကုန်ဈေးနှုန်းကြီးပြီး စားဝတ်နေရေး ခက်ခဲနေတာမှာ ဖုန်းလိုင်းပါ၊ အင်တာနက်ပါ ဖြတ်တောက်ခံရတော့ မလေးရှားမှာရှိတဲ့ သားနဲ့ အဆက်အသွယ်မရတာ နှစ်ပတ်ကျော်ရှိပါပြီ။ လိုင်းမဖြတ်ခံရခင်က သားနဲ့ အဆက်အသွယ်ရခဲ့တယ်။ Wave Money ကနေငွေလွှဲပေးမယ်လို့ ပြောတယ်။ အခု Wave ကလည်း ပိတ်ထား၊ အင်တာနက်ကလည်းမရ သားနဲ့ ဆက်သွယ်းမရ စားဝတ်နေရေးက အဆင်မပြေ ငတ်သေဖို့ပဲ ကျန်ပါတယ်” ဟု ပြောသည်။

မိုင်တဲလ်ဖုန်းလိုင်းက အင်တာနက် အနည်းငယ် အသုံးပြု၍ရသော်လည်း မြေပြင်နှင့် ပေ ၃၀၀ အထက်ရှိသည့် တောင်ပေါ် သို့မဟုတ် အထပ်မြင့်အဆောက်အဦးအထက်တွင်သာ အသုံးပြု၍ရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တွေဒေသခံ ဦးမောင်ကျော်သန်း (အမည်လွှဲ) က ” စစ်ရေးအခြေအနေတွေ၊ တိုက်ပွဲအခြေအနေတွေကို သိချင်လို့ စစ်တွေမြို့လယ် ဆက်သွယ်ရေးရုံးနား မင်းဘာကြီးလမ်းဆုံမှာ မိုင်တဲလ်နဲ့ အင်တာနက် အသုံးပြုလို့ရတယ်ဆိုလို့ မနက်ကနေ သွားသုံးရတာ။ ဘီလူးမတံတားနားမှာလည်း နည်းနည်းရတယ်။ လိုင်းက ပြတ်လိုက်ကျလိုက်နဲ့ပါ။ လူများလာရင် သုံးလို့မရတော့ဘူး။ ရခိုင်ပြည်ထဲ ဘာတွေဖြစ်နေသလဲ သတင်းတွေ သိချင်လို့ အင်တာနက်က ဟိုနားမှာရတယ်လို့ပြောရင် ဟိုနားပြောသွားလိုက်၊ ဒီနားမှာရတယ်လို့ပြောရင် ဒီနားသွားလိုက်နဲ့ အရူးတယောက်လို အင်တာနက်အသုံးပြုရဖို့ ပြေးလွှားနေရတယ်” ဟု ပြောသည်။

ရခိုင်ပြည်သူများမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံရ၍ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ မသိရကြောင်းနှင့် ရခိုင်သတင်းဌာနအပါအဝင် ပြည်မသတင်းဌာနများမှ ရခိုင်ပြည်ထဲဖြစ်ပွားနေသည့် သတင်းအချက်အလက်များကို သိရှိနိုင်ရန် အင်တာနက်ရသည့်နေရာများသို့ အလုအယက်သွားရောက် အသုံးပြုနေကြရသည်။

အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်သူများအား လမ်းပန်းဆက်သွယ်ရေးအားလုံးကို ဖြတ်တောက်ထားသည့်အပြင် ဆက်သွယ်ရေးကွန်ရက်ကိုပါ ဖြတ်တောက်ထားကာ ပြည်သူများ လွတ်လပ်စွာ သတင်းသိပိုင်ခွင့်ကို ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်ထားပြီး စစ်ရာဇဝတ်ကျူးလွန်နေသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/827645282708233

Leave a Reply

Your email address will not be published.