ရခိုင်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံရသည်မှာ တစ်ပတ်ပြည့်ပြီ

By Western News / 2024 January     22

ရခိုင်ပြည်အတွင်း မြို့တော် စစ်တွေမြို့အပါအဝင် မြို့နယ်အချို့ကို ဖုန်းလိုင်းအင်တာနက်လိုင်းများ စစ်ကောင်စီက ဖြတ်တောက်ထားသည်မှာ  ယနေ့ ဆိုလျှင် တစ်ပတ်ပြည့်ပြီး ဖြစ်ပြီး ဖြတ်တောက်ခံထားရသည့်မြို့များတွင်လည်း တိုက်ပွဲများ ပြင်းထန်နေသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့ နံနက်ပိုင်းမှစ၍ ရခိုင်ပြည် စစ်တွေ၊ ပုဏ္ဏားကျွန်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပလက်ဝ စသည့် မြို့နယ်များအားလုံးကို ဖြတ်တောက်ခံရခြင်းဖြစ်သည်။

တိုက်ပွဲများ ပြင်းထန်နေသည့် အဆိုပါမြို့နယ်များတွင် စစ်ကောင်စီက ကုန်လမ်း၊ ရေလမ်းသွားလာခွင့်များကို ပိတ်ပင်ထားပြီး ရခိုင်ပြည်နှင့် ပြည်မ ကူးလူးဆက်ဆံမှုများ အားလုံးကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့မှစ၍ ပိတ်ပင်ထားသည်။

စစ်တွေမြို့ ဒေသခံတစ်ဦးက “စစ်တွေမှာကတော့ Mytel ဖုန်းတစ်ခါတစ်လေမှ ရတယ်။ အခြား MPT, Mytel နဲ့ Telenor, Ooredoo ဖုန်းလိုင်း အင်တာနက်လိုင်းတွေ မရဘူး။ အကုန်ဖြတ်တောက်ထားတယ်။ တစ်ခြားမြို့နယ်တွေလည်းမရဘူး “ဟုပြောသည်။

စစ်ကောင်စီက အင်တာနက်လိုင်း၊ ဖုန်းလိုင်းများ ဖြတ်တောက်ထားမှုကြောင့် မြို့ပေါ်နှင့် မြို့နယ်များအားလုံးနီးပါး ဘဏ်လုပ်ငန်းများ၊ ငွေလဲလှယ်လုပ်ငန်းများအားလုံး ရပ်တန့်နေပြီး ယင်းအကျိုးဆက်ကြောင့် ကုန်ဈေးနှုန်းမှာ အဆမတန် မြင့်တက်နေကြောင်း သိရသည်။

ရန်ကုန်ရောက် လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူ ရခိုင်အမျိုးသားတစ်ဦးက “တိုက်ပွဲဖြစ်ပြီဆိုရင် ပြည်သူတွေကို စစ်ကောင်စီတပ်က ဒီလိုအငြိုးထားပြီး လုပ်လာတာ ကြာပြီးပေါ့။ လုပ်ရိုးလုပ်စဉ်တောင် ဖြစ်နေပြီ။ စစ်ရေးမှာ မဆိုင်တဲ့ သူတွေ ဆွဲထည့်ပြီးတော့ လုပ်လေ့ရှိတယ်။ ဖုန်းလိုင်းအင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီးတော့ ရွာတွေကို မီးရှို့တယ်။ လက်နက်ကြီးတွေပစ်တယ်။ အရပ်သားတွေ သတ်ဖြတ်တယ်။ ဒါက စစ်ကောင်စီတပ်ရဲ့ အကြီးမားဆုံးသော လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုပါပဲ”ဟုပြောသည်။

ဇန်နဝါရီ ၁၆ ရက်နေ့ကစ၍ ရခိုင်တွင် MPT, Mytel နှင့် Telenor, Ooredoo ဖုန်းလိုင်း၊ အင်တာနက်လိုင်း အပါအဝင် ရခိုင်ပြည်မြို့နယ်အတွင်းက တင်ဆင်ထားသည့် အင်တာနက် ဖိုက်ဘာလိုင်းများကိုလည်း စစ်ကောင်စီက  ပိတ်ထားလိုက်သည်။

ရခိုင်အခြေစိုက် သတင်းထောက်တစ်ဦးက “အင်တာနက်၊ ဖုန်းလိုင်း မရတော့တဲ့အခါ၊ သတင်းသိပိုင်ခွင့်တွေ လုံးဝမရှိတော့ဘူး။ နောက်တစ်မြို့နဲ့ တစ်မြို့ ဘာဖြစ်တယ်ဆိုတာလည်း ဘာမှ မသိနိုင်တော့ဘူး။ ဘယ်ရွာမှာ ဘာဖြစ်တယ်ဆိုတာလည်း သိပိုင်ခွင့်မရှိတော့ဘူးလေ။ ပြီးတော့ ရခိုင်အခြေစိုက် သတင်းဌာနတွေကလည်း အရင်လို သတင်းတွေ မတင်နိုင်တော့ဘူး။ အဲ့ဒီအခါ ကျတော့ သတင်းအမှား အမှန်တွေ မခွဲခြားတော့ဘဲ ကောလဟာလတွေက များလာတယ်။ ဒါက စစ်တပ် က လူတစ်ယောက်ချင်းစီမှာ ရသင့် ရထိုက်တဲ့ဟာတွေကို ချိုးဖောက်လိုက်တာပါ။ နောက်ထပ် ရက်အကြာကြီး ဖြတ်တောက်ရင်တော့ ဖြစ်လာမယ့် အကျိုးဆက်တွေများမယ် “ဟုပြောသည်။

ရခိုင်ရှိ  အမ်း၊ တောင်ကုတ်၊ တပ်တောင်၊ သံတွဲ၊ ဂွ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်စသည့်မြို့နယ်များမှာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း မကြာခဏပြတ်တောက်လေ့ရှိပြီး ယခုရက်ပိုင်းများတွင် အသုံးပြု၍ ရရှိခြင်း နည်းသွားကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့စတင်ခဲ့သည့် ရခိုင်ပြည်အတွင်း တိုက်ပွဲများမှာ လက်ရှိတွင် မင်းပြား၊ ပေါက်တော၊ မြောက်ဦးနှင့် ကျောက်တော်မြို့ပေါ်များတွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ ဆက်လက် ဖြစ်ပွားနေသည်။

Western News- WN

https://www.facebook.com/westernnewsagency/posts/823249896481105

Leave a Reply

Your email address will not be published.