ရခိုင်စစ်ဘေးကြောင့် ဒဏ်ရာရသူများကို နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့က ဆေးဝါးကုသရန်ကြိုးစားနေ

By Narinjara / 2024 January     30

ရခိုင်ပြည်နယ်က တိုက်ပွဲဖြစ်နေသည့် မြို့နယ်များတွင် လက်နက်ထိမှန် ဒဏ်ရာရသူ  အရပ်သား ပြည်သူများအား ဆေးဝါးကုသပေးနိုင်ရန်  နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ Back Pack Health Worker Team  မှ ကြိုးစားနေကြောင်း ယင်းအဖွဲ့၏ ညွန်ကြားရေးမှူး စောဝင်းကျော် မှနိရဉ္စရာသတင်းဌာနသို့ ပြောသည်။

နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ သည် ရခိုင်ဒေသကို ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်သည်မှာ ၂ နှစ်ခန့် ရှိပြီဖြစ်သော်လည်း ၂၀၂၄ တွင်ပြန်လည်ကူညီရန် ဒေသခံ အဖွဲ့အစည်းများဖြင့် အသေးစိတ် ဆွေးနွေးနေပြီဖြစ်ကြောင်း ၎င်းကပြောသည်။

“ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တရားဝင်ပဲဖြစ်ဖြစ် တရားမဝင်ပဲဖြစ်ဖြစ်၊ အပေါ်လမ်း၊ အောက်လမ်း စသဖြင့် ညှိနှိုင်းဆောင်ရွက်မှု တွေလုပ်နေတယ်။ ကျွန်တော်တို့နဲ့ဆောင်ရွက်နေတဲ့အခြေအနေမှာ ခရီးလမ်းဝေးတဲ့အပေါ်မှာသော်၎င်း၊ လူပုဂ္ဂိုလ် တိုက်ရိုက်ဆက်သွယ်မှုအရ သော်၎င်း၊  အခက်အခဲတွေ အတားအဆီးတွေ အများကြီး ရှိနေတယ်။ ဒါပေမယ့်ညှိနိုင်း ဆောင်ရွက်မှု တွေလုပ်နေတယ်။ ဒေသ တစ်ခုလုံး တစ်ရာ ရာခိုင်နှုန်း မဟုတ်ရင်တောင် အုပ်တချပ်သဲ တစ်ပွင့်လုပ်ဖို့ကြိုးစားနေပါတယ်”ဟု ညွန်ကြားရေးမှူး စောဝင်းကျော် ကပြောသည်။

ယခင်ကဆိုလျှင် ရခိုင်ဒေသသို့ကူညီနေသည့် နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ ၃ ဖွဲ့ခန့်ရှိခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး၊ နိုင်ငံရေးနှင့် မိမိတို့၏ အားနည်းချက်တချို့ ကြောင့်ရပ်တန့်ခဲ့ရခြင်း ဖြစ်ပြီး ယခုအချိန်တွင် တတ်နိုင်သလောက် ပြန်လည်ကူညီပေးရန် လုပ်ဆောင် နေကြောင်း ၎င်းက ပြောသည်။

“အခုကျွန်တော်တို့ ဆက်ပြီးတော့ ဘယ်လို ဝိုင်းပြီးတော့ အပြည့်အစုံမဟုတ်ပေမယ့် ဘယ်လိုအကောင်းဆုံးဝိုင်း လုပ်ပေးနိုင်မလဲ။ ဆက်ပြီးတော့ကြိုးစားနေတယ်ပေါ့နော်။ ရခိုင်ဒေသကျန်း မာရေးစောင့်ရှောက်မှုအပိုင်းကို နိုင်တဲ့ဘက်ကနေ ကျွန်တော်တို့ ဝိုင်းလုပ်ပေးဖို့ကြိုးစားနေကြတယ်။” ဟုသူကပြောသည်။

နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ သည် လက်ရှိတွင် အရေးပေါ်နေရာပေါင်း၃၀ ကျော်မှ လူဦးရေ ၃သိန်းကျော်ကို ပုံမှန်ကုသနေရပြီး နောက်ထပ် ၁သိန်း ဝန်းကျင်ကိုထပ်မံ လိုက်လံ ကုသနေရကြောင်းသိရသည်။

နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့များ သည် ကယားပြည်နယ်တွင် ၈နေရာ၊ ကရင်ပြည်နယ်တွင် ၆နေရာ ကုသပေးနေရပြီး ရှမ်းပြည်နယ်နှင့်ပအိုဝ်းဒေသဘက်သို့လည်း ဆေးဝါးထောက်ပံ့ပေးလျက်ရှိသော်လည်း ကချင်၊ ရခိုင်နှင့်ပလောင် ဒေသတို့ကို ကုသရန် လက်လှမ်းမမှီဖြစ်နေရာမှ ရခိုင်ကို ကူညီရန်ကြိုးပမ်းလာခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်တွင်တိုက်ပွဲစတင်သည့် နိုဝင်ဘာလ ၁၃ ရက်မှ ယခုဇန်နဝါရီ ၁၃ ရက်နေ့ အထိ (၃) လကာလအတွင်း  စစ်ကောင်စီ၏ လေယာဉ်၊ လက်နက် ကြီးငယ်များဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ရသည့် ရခိုင်အရပ်သား (၈၁) ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ (၂၆၀) ဦး ရှိသည်ဟု  ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က ယနေ့ ဇန်နဝါရီ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် သေဆုံးသူ ၂၈ ဦး ဒဏ်ရာရသူ ၁၀၃ ဦး၊ ဒီဇင်ဘာလတွင် သေဆုံးသူ ၂၇ ဦး ဒဏ်ရာရသူ ၆၆ ဦးနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် သေဆုံးသူ ၂၆ ဦး ဒဏ်ရာရသူ ၉၁ ဦးရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ယခုရက်ပိုင်း၌ မြောက်ဦး ၊ဘူးသီးတောင်၊ရမ်းဗြဲမြို့များတွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူနှင့်ဒဏ်ရာရသူများ ဆက်လက်ရှိနေကြောင်းသိရသည်။

NN- 20

https://www.facebook.com/narinjara.info/posts/786092436891221

Leave a Reply

Your email address will not be published.