ရက္ခိုင့်တပ်တော်က မင်းပြား ၃၇၉ တပ်ရင်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ် တပ်ရင်းမှူး ကျဆုံးပြီး အရှင် ၅၃ ယောက်ဖမ်းမိဟု သတင်းများထွက်ပေါ်

By Narinjara / 2024 January     29

မင်းပြားမြို့တွင်ကျန်ရှိနေသည့်တပ်ရင်း(၂)ရင်းအနက်  ခမရ (၃၇၉)တပ်ရင်းကိုရက္ခိုင့်တပ်တော်( AA) က ယနေ့ ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ်  (၃၇၉)တပ်ရင်းမှူးကျဆုံးပြီးဒဏ်ရာများဖြင့်အရှင်၅၃ဦးဖမ်းမိသည်ဟုတပ်တော်နှင့်နီးစပ်သည့်သတင်းရင်းမြစ်တစ်ခုအရသိရှိရသည်။

၎င်းတပ်ရင်းတွင် စစ်ကောင်စီတပ်ဖွဲ့များသည် တောင်ကို ဂူခေါင်းဖောက်ပြီး ထိုအထဲမှ ခုခံကာကွယ်နေကြသည်ကို ရက္ခိုင့်တပ်တော် (သီမထူးရှင်မထူး) အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်များက ဝင်ရောက် စီးနင်းကျားထိုး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“  အဲဒီတပ်ရင်းမှာ တောင်ကို ဖောက်ထားတဲ့ ဂူခေါင်း ၂ ခုရှိတယ်လို့ သိရပါတယ်။ တစ်ခုကို ကျားထိုးရာမှာ တပ်ရင်းမှူးနဲ့ စစ်သားတွေအများအပြားသေတယ်။ အရှင် ၅၃ ယောက်ကို ဒဏ်ရာတွေနဲ့ ဖမ်းမိတယ်။ အဲဒီအထဲမှာ စစ်တွေဇာတိ အရာရှိတစ်ဦးလည်း ဖမ်းမိတယ်လို့ သိရပါတယ်” ဟု ၎င်းက ပြောဆိုသည်။

နောက်ထပ် ဂူခေါင်းတစ်ခု ကျန်ရှိနေသေးပြီး ၎င်းဂူခေါင်းတွင်လည်း အရာရှိကြီးများ ခိုအောင်းနေသည်ဟု သိရကြောင်း ၎င်းသတင်းရင်းမြစ်ကပြောဆိုသည်။ ၎င်းအရာရှိကြီးများအထဲတွင် မြန်မာစစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ယောက်ဖအရင်းဖြစ်သူ တစ်ဦးလည်း ပါဝင်နေသဖြင့် မင်းပြားတိုက်ပွဲတွင် ကြည်း၊ရေ၊လေဖြင့် အသည်းအသည်ခုခံကာကွယ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရစ်မြစ်တစ်ခုက ပြောကြားသည်။

အဆိုပါ သတင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်း၍ မရရှိသေးသဖြင့် နိရဉ္စရာသတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

မင်းပြားတိုက်ပွဲနှင့် ပတ်သက်ပြီး ဒေသခံ လူမှုရေးလှုပ်ရှားတက်ကြွသူတစ်ဦးကလည်း ၃၇၉ တပ်ရင်းမှူးကျဆုံးပြီး စစ်သား ၅၀ ကျော်ကို ဒဏ်ရာများဖြင့် ဖမ်းမိသည်ဟု သတင်းထွက်နေကြောင်း ပြောကြားသည်။

မင်းပြားမြို့ တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်သို့ ယနေ့ နေ့လယ်  ၂ နာရီကျော်က လေယာဉ်ဖြင့် နှစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။

မင်းပြားမြို့တွင် စစ်ကောင်စီတပ်ရင်း ၃ ရင်းများဖြစ်ကြသည့် ခမရ (၃၈၀)၊ ခမရ (၃၇၉) နှင့် ခမရ (၅၄၁)တို့ တည်ရှိပြီး ခမရ (၃၈၀) ကို ဇန်နဝါရီ ၂၈ ရက်နေ့က ရက္ခိုင့်တပ်တော်က အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့ သတင်းထုတ်ပြန်ရာတွင် ဖော်ပြထားသည်။

(နောက်ဆုံးသတင်းအရ ယနေ့ ညနေ ၄ နာရီအချိန်တွင်လည်း လေယာဉ်များဖြင့် စစ်ကောင်စီက လာပစ်နေသည်ဟု သိရသည်။)

https://www.facebook.com/narinjara.info/posts/785569350276863

Leave a Reply

Your email address will not be published.