မှောင်ခိုသမားများ ကျက်စားသည့် ရခိုင်သစ်တော

By Western News / 2024 January     14

ရိုးမတောင်ရိပ်ကို ခိုပြီး တောင်ယာလယ်လုပ် ဓားမခုတ်ဖြင့် အသက်မွေးသည့် ကျေးရွာသားများအတွက် ရခိုင်ရိုးမ တောကြီးက ရွှေသီး၊ ရွှေပင်ဟု အရင်က ဆိုကြသည်။ သို့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် ယင်းစကား မှာ ဆန့်ကျင်ဘက် ဖြစ်လာသည်။

ဂွမြို့နယ် ကျိန္တလီချောင်းကြောင်းဒေသရှိကျေးရွာသားများမှာ လက်ရှိကာလတွင် ရိုးမတောကို မှီခိုပြီး အလုပ်မရှိတော့ သလို အနာဂတ်အတွက် ရင်လေးစရာများက နေ့စဉ်ရှိလာနေတော့သည်။

“တောထဲမှာ သစ်ပင်ကြီးတွေ ရှားသွားပြီ။ ငါတို့က တပိုင်တနိုင် သစ်ခုတ်စားက ဒီလောက် မဆိုးဘူး။ အခုတော့ အဲလို မဟုတ်တော့ဘူးလေ” ဟု တောတောင်ကိုမှီခိုပြီး အသက်မွေးသူ ကျိန္တလီဒေသခံ (အမည်လွှဲ) ဦးမောင်မောင် က ပြောသည်။

ဦးမောင်မောင်သည် ကျိန္တလီချောင်းဖျားဒေသတွင် သစ်ဝါး၊ ထင်းခုတ်၊ သစ်ဥသစ်မြစ် ရှာသည့် လုပ်ငန်းဖြင့် အ သက်မွေးသူဖြစ်သော်လည်း လက်ရှိတွင် လယ်လုပ်ငန်းသာ လုပ်ကိုင်တော့သည်။ လက်ရှိ အခြေအနေနှင့် ပတ်သက်ပြီး ဦးမောင်မောင် ဆက်ပြောသည်မှာ “လွှစက် (ချိန်းစက်) သံတွေ တဝီဝီကြားနေရတဲ့ နေရာ တွေကတော့ သစ်ပင်ကြီးတွေ ရှိတဲ့နေရာဆိုတာ သွားကြည့်စရာမလိုဘူး”

ဒေသအခေါ် ချိန်းဆွဲစက် သို့မဟုတ် သစ်ဖြတ်စက်များနှင့် ရိုးမတောင်ထဲရှိ ဧရာမ သစ်ပင်ကြီးများကို မိနစ်ပိုင်း အ တွင်း လှီးဖြတ်နေကြခြင်း ဖြစ်ပြီး ခုတ်လှဲလိုက်သည့် သစ်ပင်များမှာ ကညင်၊ ကညင်း၊ စံကား၊ ပျဉ်းကတိုး၊ ကျွန်း စသည့် သစ်မာ အပင်များဖြစ်ကြောင်း ဒေသခံများပြောစကားအရ သိရသည်။ အဆိုပါ လုပ်ငန်းများမှာ ရခိုင်ရိုးမ တောင်တန်းကြီး တလျှောက်ရှိ အမ်း၊ တောင်ကုတ်၊ သံတွဲ မြို့နယ် များတွင် ထိုနည်း တူစွာရှိကြောင်း သိရသည်။

ယင်းအထဲက ဂွမြို့နယ် ကျိန္တလီချောင်း ရေအားလျှပ်စစ်စီမံကိန်း အတွက် ဖောက်လုပ်ထားသည့်လမ်းမှာ ဒေသဖွံ့ ဖြိုးရေးထက် မှောင်ခို ရာဇာများအတွက် အလုပ်ဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ လမ်းသည် ကျိန္တလီ – ဂွ လမ်းကနေ ရိုးမတောင်ကြောကို ရောက်ရှိသွားပြီး လမ်းတွင် လုံခြုံရေးစသည့် ဂိတ်များ တစ်ခုမှ မရှိကြောင်း ဒေသခံများက ပြောသည်။ အနီးနားကျေးရွာများနှင့် အနည်းဆုံး ၆ ဖာလုံ၊ ၁ မိုင်ခန့် ဝေးကြောင်းလည်း သိရသည်။

“အခုချိန်မှာ အဲဒီလမ်းကနေ သစ်တန်ချိန် ၁၂ ဘီးကား တစ်နေ့ကို ၅ စီးနဲ့ အထက် ၈ စီးအထိ သွားနေတယ်။ ဒါ ကြောင့် လမ်းဖောက်တာက ရေအားလျှပ်စစ်စီမံကိန်းကို အကြောင်းပြပြီး လမ်းကျေးဇူးကြောင့် အလုပ်ဖြစ်တယ် လေ ” ဟု ကျိန္တလီဒေသ အခြေအနေကို သိသူ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ လုံခြုံရေးအတွက် သူ၏ အမည် ကို မသုံးရန်လည်း Western News ကိုပြောသည်။

ယင်းလမ်းသည် ချောင်းကမ်းဘေးနားကို ကပ်မဖောက်ဘဲ စီမံကိန်းဆိုသည်ထက် သစ်ကောင်း ဝါးကောင်း ရှိသည့် နေရာများဆီ ဖောက်လုပ်ထားခြင်းမှာ ရည်ရွယ်ချက်တစ်ခု ရှိနိုင်မလား? ဟု ဒေသခံများ မေးခွန်းထုတ်ကြသည်။

■ ရခိုင်ပြည်နယ်က သစ်မှောင်ခိုလောက

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်ဒေသဖြစ်ပြီး ပင်လယ်ရေကြောင်း အချက်အချာကျသည့် ရပ်ဝန်း လမ်းဆုံတွင် ပထဝီဝင် အနေထားရ အားသာချက်ဖြစ်ပေသည်။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့နှင့် နီးစပ်သဖြင့် နယ်စပ်ကုန်သွယ်ရေးတွင် မှောင်ခိုလမ်းကြောင်း စီးပွားရေး ဒေသတွင်း စစ်တပ်နှင့် အာဏာပိုင်အပါအဝင် သူတို့နှင့် နီးစပ်သူ စီးပွားရေး လုပ်ငန်းရှင်များ အခွင့်အရေး ရကြသည်။

ထိုအထဲတွင် ရခိုင်ပြည်နယ်၏ သစ်ခိုးထုတ်လုပ်မှုနှင့် မှောင်ခို လမ်းကြောင်းသည်လည်း ထားမရသေးပေ။ သစ် မှောင်ခိုလုပ်ငန်းကို ပင်လယ်ရေလမ်း ကြောင်းများမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ နယ်စပ် စီးပွားရေးလမ်းကြောင်းနှင့် ဒဏ်တွဲနေကြောင်း ရခိုင် စီးပွားရေး အသိုင်းအဝိုင်းက ဆိုသည်။

ရခိုင်ရိုးမနှင့် ပဲခူးရိုးမက ကျွန်းသစ်များကို  မလေးရှားနိုင်ငံ ဘင်္ဂလားဒေ့ရှ့် နိုင်ငံကို မှောင်ခိုပို့သည့် အခါ အဓိက လမ်းကြောင်းမှာ တောင်ကုတ်မြို့နယ်မှ တဆင့် ရေလမ်းကြောင်းကို အားထား သယ်ယူပို့ဆောင်ကြောင်း Western News က  စုံစမ်းသိရှိရသည်။

Western News ၏ စုံစမ်းချက်အရ ရခိုင်ရိုးမက သစ်များကို ပြည်ပကို မှောင်ခိုပို့ရန်အတွက် တောင်ကုတ် ကလိန် တောင် မြစ်ကမ်းနံဘေးက ဆားကွင်းနေရာနှင့် ဒီရေတော မြစ်ချောင်းများထဲတွင် စုဆောင်းထားလေ့ရှိပြီး လိုအပ် သည့် သစ်တန်ချိန် ပမာဏရရှိသည့် အခါ နိုင်ငံခြားသို့ တင်ပို့ကြောင်း ဒေသခံများက ဆိုသည်။

ကလိန်တောင်မြစ်ဝနှင့် တောင်ကုတ်မြို့သည် ခန့်မှန်းခြေ ၇ မိုင်ခန့်ဝေးကွာကြောင်းနှင့် ၂ နာရီနှင့် အထက် သွား ရကြောင်းဒေသခံများက ဆိုသည်။ ရိုးမတောင်ကနေ ခိုးထုတ်လာသည့် သစ်များကို ကလိန်တောင်မြစ် ကမ်း ဘေးတွင် တစ်ပတ်ကနေ တစ်လ အချိန်ကြာသည်အထိ စုပုံထားလေ့ ရှိကြောင်း ပြောကြသည်။ တစ်ခါတစ်ရံ သစ်ရရှိမှု အပေါ်မူတည်ပြီး အချိန်တိုတိုအတွင်း နိုင်ငံခြားသို့ တင်ပို့ကြောင်း တောင်ကုတ်မြို့ခံများ ပြောပြချက်အရ သိရသည်။

“ခင်ဗျားတို့လည်း သတိထားမိမှာပါ။ တရားမဝင်သစ် စက်လှေကြီးတွေကို ကလိန်တောင်မြစ်နားမှာ မိတာတို့ မကြာမကြာ မိတာလေ။ စုပုံထားတာ အများကြီးပဲ။ မိတဲ့ဟာက ၁၀ ခေါက်လောက်မှာ တစ်ခေါက်လောက်ပဲ သတင်းတက်တာ။ လွတ်သွားတာတွေက ရေမတွက်နိုင်ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် တောင် ကုတ်မြို့ခံ တစ်ဦးက ဆိုသည်။

ရခိုင်ရိုးမ အရှေ့ဘက်ခြမ်းက ကျွန်းသစ်များကိုလည်း ဧရာဝတီ ကြံခင်း၊ ငါးသိုင်းချောင်း၊ ပဲခူး ပန်းတောင်း၊ မင်း တုန်း၊ ကံမ မြို့နယ်တို့က တောင်ကုတ်ကို တဆင့်ယူပြီး မလေးရှားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ကြသည်။

“တောင်ကုတ်မှာဆိုရင် ပါဝင်ပတ်သက်နေသူတွေကတော့ စစ်တပ်နဲ့ နီးစပ်တဲ့ ဒေသတွင်း စီးပွားရေးသမား ခရိုနီ တွေပဲ။ အားလုံး  သိကြမှာပါ”ဟု အဆိုပါ ရင်းမြစ်က ဆိုသည်။

သစ်မှောင်ခိုလောကမှာ တောင်ကုတ်သည်နာမည်အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ခရုနီများမှာ ၎င်းတို့ လက်ပါးစေများကို မွေးထားသလို ဆက်စပ်သည့် မြို့နယ်များအလျောက်ဖြစ်သော  အမ်း၊ ဂွ မအီ၊ ရမ်းမြို့နယ်များတွင်လည်း သစ်တောများပေါ်သလောက် သစ်မှောင်ခိုကူးသည့် လက်ပါးစေများကို မွေးစားထားကြောင်း Western News က စုံစမ်း သိရှိရသည်။

ယခု ၂၀၂၂ ခုနှစ် တရားမဝင်သစ်များ ဖမ်းဆီးရမိသည်ထဲတွင် ရခိုင်ပြည်နယ်တစ်ခုတည်းမှ ခိုးထုတ်သည့် သစ်များ မဟုတ်ဘဲ ဗမာပြည် ပဲခူးရိုးမနှင့် မင်းဘူးတို့မှ ရခိုင်ပြည်နယ်ဘက်သို့ သယ်ဆောင်လာသည့် တရားမဝင် သစ်များ လည်း ပါဝင်ကြောင်း ပြည်နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူက မီဒီယာများကို ယခင်က ပြောခဲ့ဖူးသည်။

ရိုးမတောက ထွက်သည့် ပျဉ်းကတိုး၊ စကားဝါ၊ ကညင်၊ ကညောင်း စသည့် သစ်များကို မအီချောင်း၊ လမူးချောင်း၊ တန်းလွဲချောင်း ဒေသများမှ ဆင်၊ ကျွဲ၊ နွားလှည်း၊ စက်လှေငယ်တို့နှင့် ထုတ်ယူပြီး စက်လှေမော်တော်ကြီးများဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပို့ဆောင်ခဲ့ကြသည်။

သစ်မှောင်ခိုသမားများသည် ဆယ်စုနှစ်နဲ့ချီပြီး ခိုးထုတ်နေခြင်းဖြစ်ကာ တစ်နှစ်ကို သစ်တန်ချိန်မည်မျှ ထုတ်သည် ကို သိရှိရန် ခဲယမ်းသော်လည်း ရခိုင်ပြည်နယ် သစ်တောပြုန်းတီးမှုနှင့် ပတ်သက်ပြီး ၂၀၁၀ ခုနှစ် ကနေ ၂၀၁၅ ခု နှစ်တွင် မြန်မာနိုင်ငံ၏ သစ်ထုတ်လုပ်မှုမှာ ၅၄၆၀၀၀ ဟတ်တာ အထိ ရှိခဲ့ကြောင်း  သဘာဝပတ်ဝန်းကျင် စုံစမ်း ဖော်ထုတ်ရေးအေဂျင်စီ (EIA) ၏ ၂၀၁၆ ခုနှစ် သြဂုတ်လလထုတ်ပြန်ချက် အစီရင်ခံတွင် ဖော်ပြသည်။

ကမ္ဘာ့သစ်တော စောင့်ကြည့်ရေးအဖွဲ့ (GFW) ၏ အဆိုအရ  ကျွန်းနှင့် အခြားအဖိုးတန်သော သစ်မာများကို တရုတ် နိုင်ငံနှင့် အခြားနိုင်ငံတို့မှ ဝယ်လိုအားကြောင့် မြန်မာနိုင်ငံတွင် သစ်မှောင်ခိုလုပ်ငန်းများကြောင့် သစ်တောပြုန်း တီးမှု အကြီး အကျယ် ဖြစ်စေသည်မှာ ဆယ်စုနှစ် ၃ ခုကျော် ကြာပြီဖြစ်ကြောင်း ဆိုသည်။ ထို့အတူ သစ်ခိုးထုတ် ခြင်းကြောင့် မြန်မာနိုင်ငံသည် ၂၀၀၁ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ဆွစ်ဇာလန်နိုင်ငံ ဧရိယာနှင့်ညီမျှသောသစ်တော ဆုံးရှုံး သွားကြောင်း (GFW) ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

■ ပိုင်ရှင်မဲ့သစ်များ

“ကျနော်တို့ကိုယ်တိုင်မြင်ခဲ့တဲ့ သစ်ပုံတွေဟာ ဌာနဆိုင်ရာတွေ သွားဖမ်းတဲ့ နေ့တွေမှာ မရှိတော့ဘူးလေ။ သစ်တွေ အကုန်ထုတ်ပြီးမှ တာဝန်အရ သွားတာပဲရှိတယ်။ ဆိုလိုတာက သူတို့ကို အသိပေးပြီးမှ သွားဖမ်းတာ။ သစ် အနည်းငယ် ထားခဲ့တဲ့ သဘောပေါ့လေ” ဟု ဒေသတွင်းဖြစ်ပျက်နေပုံကို ဂွဒေသခံ တစ်ဦးက အားမလိုအားမရ ပြောသည်။

ရခိုင်ဒေသက သစ်တောဝန်ထမ်းဟောင်း တစ်ဦးက “ဖမ်းပြီဆိုရင် ကိုယ်လွတ် ရုန်းပြေးတော့ သစ်ဖြတ်စက်တွေ နဲ့ သူတို့ နေထိုင်စခန်းချခဲ့တာလေးပဲ ကျန်ခဲ့တယ်။ တစ်ခါတလေ သူတို့မှာ လက်နက်တွေ ပါသေးတယ်။ ဒါကြောင့် ပိုင်ရှင်မဲ့ ဖြစ်သွားတယ်” ဟု သံတွဲ မြို့နယ်တွင် သစ်ဖမ်းဆီးခဲ့သည့် ယခင်က အတွေ့ကြုံကို  ပြောပြသည်။

ထို့အတူ အစိုးရဌာနတာဝန် ရှိသူများက အာဏာကို အလွဲသုံး စားလုပ်ကာ ပိုင်ရှင်မဲ့သစ်များအဖြစ် ပုံဖော်ရန် ကြိုး စားခဲ့သည့်ဖြစ် စဉ်များနှင့် ဖမ်းမိသည့် တရားခံများကို လွှတ်ပေးခဲ့သည့် ဖြစ်စဉ်များလည်းရှိနေကြောင်း သစ်တော ဝန်ထမ်းဟောင်း အချို့က အတည်ပြုသည်။

တရားမဝင်သစ်ဖမ်းဆီးရမိသည့်ပုံစံများမှာ သက်ဆိုင်ရာမြို့နယ်သစ်တောဌာန တာဝန်ရှိသူများနှင့် ရဲ၊ စစ်တပ် တပ်ဖွဲ့ ဝင်များကွင်းဆင်းကြစဉ် ခုတ်လဲထားသောသစ်များကို ပိုင်ရှင်မဲ့တွေ့ရှိခြင်း၊ ဒေသခံတို့၏ သတင်းပေး တိုင် ကြားချက်အရ သွားရောက်စစ်ဆေးစဉ် ဖမ်းဆီးရမိခြင်းနှင့် သစ်သယ်ဆောင်လာသည့်ယာဉ်များကို လုံခြုံရေး ဂိတ် များတွင် စစ်ဆေးတွေ့ရှိခြင်းမျိုးဖြစ်သည်။

၂၀၂၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် တရားမဝင် သစ်တန်ချိန် စုစုပေါင်း ၈၄၄ ဒသမ ၅၃၉၂ တန်အထိ ဖမ်းဆီးရမိခဲ့ ကြောင်း ပြည်နယ် သစ်တောဦး စီးဌာန ၏ စာရင်းအရသိရသည်။ ဖမ်းဆီးရမှုမှာ သံတွဲခရိုတွင် ၅၁၄ ဒသမ ၃၇၂၂ တန်၊ မောင်တောခရိုင်တွင် ၁၀၅ ဒသမ ၇၀၈၂ တန်၊ စစ်တွေ ခရိုင်တွင် ၁၈၄ ဒသမ ၃၆၀၂ တန်၊ ကျောက်ဖြူ ခရိုင်တွင် ၃၉ ဒသမ ၉၁၈၆ တန်တို့ဖြစ်သည်။

၂၀၂၃ (ယခုနှစ်) သစ်ဖမ်းဆီးရမှုအခြေအနေနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် သစ်တောဌာန တာဝန်ရှိသူထံသို့ Western News က စုံစမ်းမေးမြန်းရာတွင် “ဖြေဆိုရန် ငြင်းဆန်ပြီး ရုံးသို့လာမေးရန်” ဆိုသည်။ ယင်းကြောင့် လတ်တလောတွင် Western News က သွားမေးရန် အဆင်မပြေသဖြင့် အချက်အလက်များ မသိနိုင်သေးပေ။

ဆက်လက်ပြီး ယနေ့အချိန်ထိ သစ်တောဌာနကလည်း တခြားမီဒီယာများတွင် ရခိုင်ပြည်နယ် တစ်နှစ်အတွင်း သစ်ခိုးထုတ်မှု စာရင်းများကို ဖော်ပြခြင်းမရှိသေးပေ။

■ ဘယ်သူတွေ သစ်ခိုးထုတ်နေလဲ

သစ်ခိုးထုတ်မှု လုပ်ငန်းစဉ်များထဲတွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် တောင်ကုတ်၊ သံတွဲ၊ ဂွ စသည့်ဒေသက စီးပွားရေး လုပ်ငန်းရှင်များနှင့် အတူ အာဏာပိုင်များလည်း ပါဝင်ပတ်သက်နေကြောင်း ဒေသခံများက ပြောသည်။

“ဂွမြို့နယ်မှာ အဓိကနာမည်ကြီး ရွှေသီးဆိုတဲ့ လူရှိတယ်။ ကျနော်သူနဲ့ မျက်နှာချင်းဆိုင် စကားပြောခဲ့တယ်။ သူနဲ့ ပြောလို့ရတဲ့ အကြောင်းကတော့ ဘယ်သစ်ဝယ်ချင်တယ်။ ဘယ်လောက်လိုတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ချဉ်း ကပ်ရတာ” ဟု စစ်တွေဒေသခံ တစ်ဦးက ဂွဒေသသို့ သစ်ဝယ်ရန် သွားခဲ့သည့် သူ့အတွေ့ကြုံကို ပြောပြသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရွှေသီးဆိုသူကို ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ သို့သော်လည်း ဒေသခံများပြောစကားအရ လက်ရှိ ရခိုင်စစ်ပွဲများကြောင့် သစ်မှောင်ခိုသမားများမှာ ခြေရာဖျေက်နေကြောင်း ဆိုသည်။

“အခုကတော့ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေ စတင်ကတည်းက သစ်သမားတော်တော်များများ ခြေရာ ပျောက် နေကြတယ်။ ရန်ကုန်တို့၊ ပြည်မဖက်ကို ရှောင်နေတယ်လို့ ဆိုကြတယ်။ အတိကျတော့ ပြောရခက်တယ်။ လမ်းခရီးပိတ်ဆို့ထားတော့ အလုပ်ဖြစ်ကြတော့ဘူး။ လုံခြုံရေး အခြေအနေလည်း ရှိတာပေါ့လေ” ဟု ဂွမြို့ခံ တစ်ဦးက ပြောသည်။      

ထိုသို့ တရားမဝင် သစ်ခိုးထုတ်ရန်အတွက် ချိန်းလွှစက်ဂိုဏ်းတွင် ဒေသခံများမှာ အနည်းဆုံး ၂၀ ဦးကနေ ၃၀ ဦး အထိရှိကြောင်း သိရသည်။ အဆိုပါ ဒေသခံများကို သစ်မှောင်ခို သူဌေးများက ပုံမှန်နေ့စားလုပ်အားခထက် ငွေ ကြေး၊ အစားအသောက်စရိတ် ပေးခြင်း၊ ထွက်ရှိလာသော သစ်တန်အလိုက် ငွေပေးခြင်း စသည်နည်းမျိုးစုံနှင့် မက် လုံးပေးခိုင်းစေခြင်းဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ လွှစက်ဂိုဏ်းများသည် ဒေသအတွင်း သစ်ပင်ကြီးများ ရှိသည့်နေရာများကို သိနေပြီး သစ်မှောင်ခိုများဆီ သတင်းပေးပြီး ဈေးညှိ ထုတ်ယူကြကြောင်း ဒေသခံများက ဆိုသည်။

“ဘယ်နေရာမှာ ဘယ်သစ်တွေ ဘယ်လောက်ထိ ရှိနေတာကို နားလည်တယ်။ ဒါကို သစ်မှောင်ခို သူဌေးဆီသွား ပြီးတော့ သတင်းပေးတယ်။ ငါတို့ကို တန်ကျ၊ ပေကျပေးရမယ်။ အဲဒီလို ဈေးညှိနှိုင်းတာပေါ့” ဟု ကျိန္တလီဒေသခံ တစ်ဦးက ဆိုသည်။

ယင်းအပြင် သစ်မှောင်ခို သမားများလက်ထဲတွင် သေနတ်ကိုင်ဆောင်ကာ သစ်ခိုးထုတ်ကြပြီး အာဏာသိမ်းပြီး နောက်ပိုင်းတွင် ပိုတွင်ကျယ်လာကြောင်း အမ်းဒေသခံများက ပြောဆိုကြသည်။

“သစ်ခိုးထုတ်မှုတွေကတော့ အမ်းနဲ့ မအီကြားက ရခိုင်ရိုးမတောင်ရိုးတလျှောက်ပဲ။ ဘတ်ဟိုးတွေနဲ့ လမ်းဖောက် တယ်။ ကားနဲ့သယ်တယ်။ ချိန်းစက်တွေ ရာချီနဲ့ လူအင်အားသုံးပြီး ယူကြတာ။ တစ်နေ့ကို သစ်ပင်ရာချီ ခုတ်လှဲကြ တာ” ဟု အမ်းမြို့နယ်က ဒေသခံတစ်ဦးက ပြောသည်။

■ သစ်ခိုးထုတ်မှုကို တားဆီးရေးတွင် လိုအပ်ချက်များစွာရှိနေဆဲ

ရခိုင်ဒေသ၏ ထက်ဝက်ကျော်ကို သဘာဝပေါက်ပင် သစ်တောများဖြင့် ဖုံးလွှမ်းထားကြောင်းဆိုသည်။ သို့သော် လည်း သစ်တောများမှာ နှစ်စဉ်ပြုန်းတီးမှုနှင့် ကြုံနေရသည်။ တစ်ပိုင်တစ်နိုင်သစ်ခုတ်သူများထက် တရားမဝင် သစ်ခိုးထုတ်မှုများက သစ်တောသယံဇာတပြုန်းတီးလာရခြင်း၏ အဓိကအကြောင်းရင်းဖြစ်လာသည်။

သစ်ခိုးထုတ်မှုများမှာ ယခင်ကတည်းက ရှိနေခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ အတားဆီးမဲ့ သစ်ထုတ်မှုအခွင့် အရေးများ ရရှိသွားခဲ့သည်။

“ဒီအတိုင်းဆိုရင် နောက်ထပ် သုံးနှစ်လောက်ဆို ရိုးတောင်က သစ်တွေ မရှိနိုင်တော့ဘူး။ ရခိုင်ရိုးမဆိုပြီး ဝါးတော ပဲ ကျန်တော့မယ်။ ကျိန္တလီဘက်ကနေ ဂွကိုသွားတဲ့ ကားလမ်း ဝဲဘယ်ညာကို ကြည့်ရင်သိနိုင်တယ်။ အကုန်လုံး တောင်ကတုံးတွေ ဖြစ်နေပြီ”ဟု ဂွမြို့ခံ တစ်ဦးက ဆိုသည်။

အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင်ပဋိပက္ခ အရှိန်အဟုန်မြင့် လာပြီး တရားဥပဒေစိုးမိုးမှုနည်းပါးကာ သစ်ခိုးထုတ်မှု၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ဆုတ်ယုတ်သွားခဲ့ ကြောင်းလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူများက မှတ်ချပြုသည်။

သစ်တောပြုန်းတီးခြင်း၏ နောက်ဆက်တွဲအဖြစ် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ဆိုးကျိုးများကို ကြုံတွေ့ နေရ ပြီး မြန်မာနိုင်ငံ အောက်ပိုင်း ရခိုင်၊ ပဲခူး မကွေး စသည့် ဒေသများတွင် သဘာဝဘေး ဒဏ်သင့်ခဲ့ရကာ သန်းနှင့်ချီ ပြည်သူများ ဒုက္ခရောက်ခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ စစ်တမ်းများအရ အိမ်နီးချင်း နိုင်ငံများတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာ များ တိုးလာနေသော်လည်း မြန်မာနိုင်ငံတွင် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းမှ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းအထိ လျှော့ကျခဲ့ ကြောင်းလည်း သစ်တောမှတ်တမ်းများအရ သိရသည်။

ကမ္ဘာ့သစ်တော သယံဇာတ လေ့လာဆန်းစစ်ချက် (FRA ) ၏ အဆိုအရ ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ ပေါ်တွင် သတ္တမမြောက် သစ်တောပြုန်းတီးမှု အများဆုံးနိုင်ငံဖြစ်ခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် သစ်တော ပြုန်းတီးမှု တတိယနေရာတွင် ရပ်တည်ခဲ့ဖူးသည်။

“ပြန်လည်ထိန်းသိမ်းဖို့ အတွက်ဆိုရင် သစ်တော တစ်ခုတည်ထောင်ဖို့ နှစ်ပေါင်း ဆယ်ချီ၊ ရာချီကြာမယ်။ သစ် တောဆိုတာက အပင်တစ်မျိုးတည်းကို ဆိုလိုတာမဟုတ် မျိုးစုံသစ်ပင်တွေ ပေါက်ဖို့လိုတာ။ ဇီဝမျိုးစိတ်တွေ ကျက်စားမှ သစ်တော တစ်ခုဖြစ်မှာ” ဟု အမ်းမြို့နယ်က သဘာဝပတ်ဝန်းကျင်အရေး ထိန်းသိမ်းနေသူ တစ်ဦးက ပြောသည်။

ရခိုင်ဒေသ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူအချို့ကလည်း  သစ်တောပြုန်းတီးခြင်း၊ ကာကွယ်ရန် စိုက်ခင်းများတည်ထောင်ခြင်း၊ ပြုစုထိန်းသိမ်းခြင်း တရားမဝင်သစ်ခိုးထုတ်မှုများကို ဥပဒေဖြင့် ထိရောက်စွာ လုပ်ရ ရမည်ဟု အကြံပြုသည်။

သစ်တော ပြန်းတီးမှုနောက်ဆက်တွဲအဖြစ် ကမ္ဘာမြေကြီး အပူချိန်တိုးလာမည်။ သစ်ပင်များသည် ကာဗွန်ဒိုင် အောက်ဆိုက်ကိုစုပ်ယူပြီး အောက်ဆီဂျင်ထုတ်ပေးသည်ဖြင့် သစ်ပင်များပြုန်းတီးလာလေလေ ကမ္ဘာမြေကြီး ပူ နွေးလာပြီး မိုးခေါင်ရေရှား၊ ရာသီဥတု အစွန်းရောက်မှုဒဏ်ကိုခံရမည်ဟုလည်း သဘာဝပတ်ဝင်းကျင် အရေး ကျွမ်း ကျင်သူများက အသိပေးနေကြသည်။

“ဒေသနေပြည်သူတွေကတော့ မိုးမမှန်တော့ဘူး။ အချိန်ခါမဲ့ ရွာသွန်းမယ်။ အစွန်းရောက် ရာသီဉတုတွေရှိလာ မယ်။ မိုးခေါင် ရေရှားနဲ့အတူ မုန်တိုင်းဒဏ်ကိုခံရနိုင်ပြီးတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးကုန်တာ။ ရေအရင်း မြစ်တွေ မြေဆီလွှာတွေ ဆုံးရှုံးမယ် စတာတွေ ဆိုးကျိုးတွေက မဆုံးနိုင်ဘူး” ဟု အမ်းမြို့ နယ်က သဘာဝပတ်ဝန်းကျင် အရေးဆောင်ရွက်နေသူ တစ်ဦးက ထောက်ပြသည်။

ဌာနဆိုင်ရာ ထိန်းသိမ်းမှု အပိုင်းတွင်လည်း သစ်တောဥပဒေအရ အားနည်းချက်၊ လိုအပ်ချက်များရှိသည် ဆိုသော်လည်း ရခိုင်ရိုးမတွင် သစ်တောဌာနနှင့် တည်ဆဲ အာဏာပိုင်များ၏ ခေတ်အဆက်ဆက်က သစ်ခိုးထုတ်မှု လာဘ်စားမှု စနစ် အမြစ်တွယ်နေမှု တိုက်ထုတ်ဖို့ လိုအပ်လာနေသည်။

သစ်တော ဥပဒေအရ ကြိုးဝိုင်းသစ်တောများထဲတွင် သစ်ပင်စိုက်မှသာလျင် စီးပွားရေး လုပ်လို့ရသော်လည်း ရခိုင် ဒေသတွင် သဘာဝပေါက်နေသည့်  သစ်ပင်ကိုခုတ်ပြီး စီးပွားရေးလုပ်စားနေသည်မှာ မဖြစ်သင့် တော့ပေ။ 

“ဝန်ဖိုက်မှာ သစ်တော ဧရိယာနည်းပြီးတော့ ပုစွန်ကန်တွေ များသွားတယ်။ ပုစွန်မွေးမြူရေးလုပ်တဲ့အခါ သစ်ပင် တွေ အများကြီး သေသွားတယ်။ ဆိုတော့ သစ်ပင်ကို ခုတ်ပြီးမှ စီးပွားရေးလုပ်တာကတော့ သစ်တောဥပဒေနဲ့ အ ဆင်မပြေဘူး။  ဥပဒေမှာ သစ်ပင်ကို စိုက်ပြီးမှ အကျိုးတူ အချိုးကျ စီးပွားရေးလုပ်ရတာလေ။ အခုက ပြောင်းပြန် “ဟု ရမ်းဗြဲကျွန်းက ဝန်ဖိုက်ဒီရေတောကို ဥပမာပေးပြီး သဘာဝပတ်ဝန်းကျင် အရေးလုပ်ဆောင်နေသူ တစ်ဦးက ထောက် ပြသည်။

အထက်ပါအတိုင်း ရခိုင်ရိုးမက မှောင်ခိုသစ်ခုတ်သူများကြောင့် သစ်တောပြုန်းတီးမှုအကျိုးဆက်အဖြစ် ဒေသနေ ပြည်သူတို့မှာ ရာသီဥတုဖောက်ပြန်မှု ဒဏ်နှင့်အတူ အလုပ်အဆင်မပြေမှုများ လာနေသည်။

“ဒေသခံတွေကတော့ ကညင်ဆီထုတ်တဲ့ တပိုင်တနိုင်သမားတွေဆိုရင် လုပ်စားစရာ မရှိတော့ဘူး။ ကညင်ပင် တွေကို ခုတ်ယူလိုက်ကြပြီ” ဟု ကျိန္တလီ ဒေသခံ ဦးမောင်မောင်တစ်ယောက် ညည်းတွားနေရှာသည်။

Western News -WN

စုံစမ်းဖော်ထုတ်သည့် အဆိုပါဆောင်းပါးအား Western News – မှ ရေးသားပါသည်။

https://www.facebook.com/westernnewsagency/posts/818120136994081

Leave a Reply

Your email address will not be published.