မြောက်ဦး လင်းမြွေတောင်စခန်းမှ စစ်တပ်အင်အား ၈၀ ခန့် တပ်ဆုတ်လာ

By Narinjara / 2024 January     12

ရခိုင်ပြည်၊ မြောက်ဦးမြို့ မြောက်ဘက်ရှိ စစ်ကောင်စီတပ် အခြေချစခန်း တစ်ခုဖြစ်သည့် လင်းမြွေတောင်စခန်းမှ  စစ်ကောင်စီတပ်သား အင်အား ၈၀ ခန့်သည်  စခန်းမှ တပ်ဆုတ်ပြီး ကျောက်တော် စကခ (၉) သို့ ဦးတည် သွားနေကြောင်း သတင်းရရှိသည်။

ယနေ့ ဇန်နဝါရီလ ၁၂ရက်၊ နံနက် ၇ နာရီ အချိန်ခန့်တွင် အဆိုပါ စစ်သားများသည် လင်းမြွေတောင်စခန်း တောင်ပေါ်မှဆင်းကာ မြောက်ဦး မြို့နယ်၊ လျှာရှည်ပြင်ကျေးရွာအနီးရှိ လယ်ကွင်းပြင်မှ ဖြတ်လျှောက်ပြီး ကျောက်တော်မြို့နယ်ဘက်သို့ ဦးတည်သွားလာနေကြောင်း ဒေသခံ တစ်ဦးကပြောသည်။

“စစ်သားတွေက လင်းမြွေတောင်ကဆင်းတယ်။ လျှာရှည်ပြင်ရွာလမ်းအတိုင်း လယ်ကွင်းတွေက ဖြတ်ပြီးတော့ ကန်စောက်ရွာအတိုင်းဝင်သွားတယ်။ အဲ့ဒီရွာမှာက ဇက်ရှိတယ်။ အဲ့ဒီဇက်နဲ့ ကူးတိုးကူးပြီးရင် ကျောက်တော် မြို့နယ်ကိုရောက်ပြီ။ ကျောက်တော်မြို့နယ်ဘက်ကို ဦးတည်သွားနေပါတယ်” ဟု ပြောသည်။

နံနက် ၈နာရီမှ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်အထိ အဆိုပါ စစ်ကောင်စီတပ်သားများသည်  ကျောက်တော်မြို့နယ်ရှိ လိပ်မနှင့် ကံချေပြင်ကျေးရွာကြားတွင် ကင်းပုန်းဝပ်လျှက်ရှိနေသည်ဟု သိရသည်။

ထိုသို့ကင်းပုန်းဝပ်နေသည့်အတွက် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီ တပ်သားတို့ အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမည်ကိုလည်း ဒေသခံများ စိုးရိမ်နေကြသည်ဟု သိရသည်။

“လောလောဆယ်တော့ လိပ်မနဲ့ ကံချေပြင်ရွာကြားမှာ ကင်းပုန်းဝပ်နေကြတယ်။ တိုက်ပွဲဖြစ်မှာကို စိုးရိမ်တယ်။ ရွာသားတွေ ကြားညှပ်သွားနိုင်တယ်လေ” ဟု လိပ်မကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

၎င်းစစ်ကောင်စီတပ်သားများသည် ကျောက်တော်မြို့နယ်ရှိ စခက (၉) သို့ အင်အား ဖြည့်တင်းရန် သွားရောက်ကြပုံရသည်ဟုလည်း ဒေသခံများကပြောသည်။

မြောက်ဦးမြို့နယ်ရှိ လင်းမြွေတောင်၌ စစ်ကောင်စီတပ်သားများမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှစတင်ကာ တပ်စွဲနေထိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်မှစ၍ ရက္ခိုင့်တပ်တော်(AA) က တောင်အောက်ဆင်းခွင့် မရသည်အထိ သွားလာခွင့် ပိတ်ပင် ဝန်းရံပိတ်ဆို့ထားခြင်းဖြစ်သည်။

လင်းမြွေတောင်စခန်းသည် မြောက်ဦးမြို့အပြင်တွင် တစ်ခုတည်းသော လက်ကျန် စစ်ကောင်စီ တပ်စခန်း တစ်ခုဖြစ်ပြီး တပ်သားများမှာ စခန်း စွန့်ခွာသွားကြပြီဟု ဒေသတွင်းသတင်းများ ထွက်ပေါ်နေသော်လည်း တောင်ပေါ်တွင် စစ်သားများကျန်ရှိနေသေးသည်ဟု သတင်းရင်းမြစ်တစ်ခုက ပြောသည်။ (NN-12)

ဓာတ်ပုံ – လူမှုကွန်ရက်

https://www.facebook.com/narinjara.info/posts/774806578019807

Leave a Reply

Your email address will not be published.