(ခေတ်အဆက်ဆက် အစိုးရများအနေဖြင့်လည်း အတိတ်က အမှားများကို ဝန်ချတောင်းပန်ရန်လည်း လို)
By Western News / 2024 January 2
ပြီးခဲ့သည့် ၆ နှစ်ခန့်က ရခိုင်ပြည် မြောက်ဦးမြို့တွင် အစုံလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှု လူသတ်ပွဲ၌ ပါဝင်ပတ်သက်ခဲ့သူများအားလုံး ကျန်ရစ်သူ မိသားစုဝင်များကို ဝန်ချတောင်းပန်ကြရန် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး AASYC မှ တိုက်တွန်းလိုက်သည်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့က မြောက်ဦးမြို့တွင် အစုံလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် မတရားဖမ်းဆီးမှုတို့ကို ပြုလုပ်ခဲ့သည့် မြောက်ဦးလူသတ်ပွဲနှင့်ပတ်သက်၍ AASYC မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့က သဘောထားထုတ်ပြန်ရာတွင် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
အဆိုပါနေ့တွင် မြောက်ဦးမြို့ နန်းတော်ရာကုန်း၌ ရခိုင်အချုပ်အခြာ အာဏာကျဆုံးခြင်း ၂၃၃ ကြိမ်မြောက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပြုလုပ်သော စာပေဟောပြောပွဲကို ဒေသအာဏာပိုင်များနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ပိတ်ပင်တားမြစ်ခဲ့ကြသည်။
ထိုကဲ့သို့ ပိတ်ပင်မှုကြောင့် စာပေဟောပြောပွဲ ပြန်လည်ကျင်းပခွင့် ရရှိရေးအတွက် ဒေသခံပြည်သူများမှာ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ရာ ဒေသအာဏာပိုင်များက အကြမ်းဖက်နှိမ်နင်း သေနတ်ပစ်ခတ်မှုကြောင့် အပြစ်မဲ့လူငယ် ၇ ဦးသေဆုံးခဲ့ရပြီး ၁၂ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။
ဒဏ်ရာရရှိသည့် ၁၂ ဦးကို ဒေသအာဏာပိုင်များမှ လိုက်လံဖမ်းဆီးရာတွင် ၄ ဦးက ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ၈ ဦးက ဖမ်းဆီးခံရပြီး အကျဉ်းကျခံခဲ့ရသည်။
စာပေဟောပြောပွဲတွင် ဟောပြောရန် ဖိတ်ကြားခံရသည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာအေးမောင် (လက်ရှိ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌ) နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ကြီးလေးသောပုဒ်မ နိုင်ငံတော်ပုန်ကုန်မှုပုဒ်မများဖြင့် စွပ်စွဲကာ နှစ်ရှည်ထောင်ဒဏ်များကို ချမှတ်ခဲ့သည်။
ယင်းအချိန်ကာလသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်ဖြစ်ပြီး ဒီမိုကရေစီအစိုးရဟု ကြွေးကြော်ခဲ့သော်လည်း အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်နှိမ်နင်း သတ်ဖြတ်မှုကို ပြုလုပ်ခဲ့ကြသည်ဟု AASYC ၏ အထွေထွေအတွင်းရေးမှူး မခင်မာထွေးက ဆိုသည်။
“မြောက်ဦးလူသတ်ပွဲမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအားလုံးဟာ သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေနဲ့ ဖမ်းဆီးအကျဉ်းချခံခဲ့ရတဲ့သူတွေကို ဝန်ချတောင်းပန်စေချင်တယ်။ အဲဒီအချိန်တုန်းက NLD အစိုးရ လက်ထက်ပေါ့။ မြောက်ဦးလူသတ်ပွဲမှာ အဓိက တာဝန်ရှိတဲ့သူတွေက မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ မြန်မာအစိုးရပဲ။ ရဲတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ပြီးတော့ NLD အစိုးရက စီမံခန့်ခွဲခဲ့တယ်။ အသွင်းကူးပြောင်းရေးကာလမှာ တာဝန်ရှိသူတွေဟာ ကျူးလွန်ခံရတဲ့သူတွေရဲ့ မိသားစုဝင်တွေကို တောင်းပန်စေချင်တာ။ ပြီးတော့ သေဆုံးခဲ့ရသူတွေအတွက် အထိမ်းအမှတ် ကျောက်တိုင်လုပ်ပေးတာမျိုးဖြစ်ဖြစ် လုပ်ပေးရမှာဖြစ်တယ်” ဟု ပြောသည်။
မြောက်ဦးလူသတ်ပွဲတွင် အသက်မပြည့်သေးသည့် လူငယ်များနှင့် တက္ကသိုလ်ကျောင်းသားအချို့မှာ သေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူများထဲတွင်လည်း အသက် ၂၅ နှစ်အောက် လူငယ်အများအပြား ပါဝင်ခဲ့သည်။
မြောက်ဦးလူသတ်ပွဲတွင် NLD ပြည်နယ်အစိုးရအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ခရိုင်ထွေ/အုပ်၊ မြို့နယ်ထွေ/အုပ်၊ ခရိုင်တရားရုံး၊ မြို့နယ်တရားရုံး၊ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့တို့က အဓိက ပါဝင်ပတ်သက်ခဲ့ကြသည်။
ယင်းအပြင် မြောက်ဦးခရိုင်ထွေ/အုပ်ရုံးကို တစ်လကျော်ကြာ လုံခြုံရေးယူပေးခဲ့သည့် မြောက်ဦးမြို့ရှိ ၅၄၀ တပ်နှင့် ၃၇၇ တပ်က အရာရှိများလည်း မြောက်ဦးလူသတ်ပွဲတွင် အားပေးအားမြောက်ပြုလုပ်သူအဖြစ် ပါဝင်ပတ်သက်ခဲ့ကြသည်။
မြောက်ဦးလူသတ်ပွဲတွင် အပြစ်မဲ့ အရပ်သားပြည်သူများ အသက်သေဆုံးခဲ့ရခြင်းနှင့် မတရားဖမ်းဆီးခံရခြင်းတို့အတွက် မြို့သူမြို့သားများနှင့် မိသားစုဝင်များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို အရေးယူပေးရန် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့အထိ တောင်းဆိုခဲ့ကြသည်။
ပြည်ထောင်စုအစိုးရအဖွဲ့မှ အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းတင့် ဦးဆောင်သောအဖွဲ့နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့တို့က တာဝန်ယူဖြေရှင်းခဲ့ကြသည်။
မြောက်ဦးလူသတ်ပွဲအား NLD အစိုးရမှ ဖြေရှင်းခဲ့ပုံကို ယင်းဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသည့် မြောက်ဦးဒေသခံတစ်ဦးက ယခုလိုပြောပြသည်။
” မြောက်ဦး ပစ်ခတ်မှုဖြစ်စဉ်ဟာ ဆန္ဒဖော်ထုတ်တဲ့သူတွေဟာ ခရိုင်ထွေ/အုပ်ရုံးကို လူစုလူဝေးနဲ့ ရောက်လာပြီး နိုင်ငံတော်အလံကို ဖြုတ်ချလို့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ တုန့်ပြန်ခဲ့တယ်။ သေနတ်ပစ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူမယ်လို့ ပြောဆိုခဲ့တယ်” ဟု ပြောသည်။
လူစုလူဝေးက နိုင်ငံတော်အလံကို ဖြုတ်ချခြင်းမရှိကြောင်းနှင့် သေနတ်ဖြင့်ပစ်ခတ်သည်အထိ မနှိမ်နင်းသင့်ကြောင်း ၎င်းက ထောက်ပြသည်။
” နိုင်ငံတော်အလံကို ဖြုတ်ချတယ်။ ခဲနဲ့ ရုံးကိုပစ်တယ်ဆိုပြီး စွပ်စွဲတာ။ ပထမ လူစုလူဝေးက စာပေဟောပြောပွဲ ကျင်းပခွင့် ရဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တွေ့ခွင့်တောင်းတာ။ အဲဒါကို တံခါးဖွင့်မပေးဘူး။ လူစုလူဝေးတွေ မရောက်ခင်ကတည်းက ရဲတပ်ဖွဲ့ဟာ ထွေ/အုပ်ရုံးမှာ လုံခြုံရေးယူထားပြီ။ လူစုလူဝေးက ခြံတံခါးရှေ့မှာ စုနေကြတာ။ ညသာ နက်လာတယ်။ တံခါးက ဖွင့်မပေးဘူး။ အဲဒီတော့ လူငယ်တချို့က ခြံစည်းရိုးကျော်ဖို့ လုပ်နေတာမှာ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်တာပါပဲ။ လူသေလောက်အထိ သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းတာက တော်တော်လေးကို တရားလွန်တာ။ တခြားနည်းလမ်းတွေနဲ့ ဖြိုခွင်းလို့ရတာ အများကြီးရှိတယ်။ အခုက ဘာလက်နက်မှ မပါတဲ့ ပြည်သူတွေကို ပစ်ခတ်တာက ဒီမိုကရေစီ မဆန်ဘူးလေနော်။ သေတဲ့သူမှာတော့ အဆုံးပေါ့ဗျာ ” ဟု ပြောသည်။
ကျူးလွန်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနမှ အကြီးကဲအချို့ကို ထိရောက်သော အပြစ်ပေးအရေးယူမည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့မှ အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းတင့်က ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် နေရာအပြောင်းအရွှေ့ဖြင့်သာ အရေးယူမှုရှိခဲ့ပြီး တရားစွဲဆို ထောင်ချခြင်းများမရှိခဲ့ပေ။
လူစုလူဝေးထဲမှ ဖမ်းဆီးထားသော သေနတ်ဒဏ်ရာရရှိထားသူ ၈ ဦးအပါအဝင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ကြီးလေးသော ပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ်များကို NLD အစိုးရက စစ်တပ်နှင့်ပူးပေါင်း၍ ချမှတ်ခဲ့ကြသည်။
ထိုကြောင့် မြောက်ဦးလူသတ်ပွဲသည် ပွင့်သစ်စ ဒီမိုကရေစီနယ်ပယ် Democratic Space ကို ဘောင်ကျဉ်းသွားစေခဲ့ကြောင်းနှင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်နေသူ Stakeholders များအနေဖြင့် အသွင်ကူးပြောင်းရေးနှင့် NLD ၏ ဒီမိုကရေစီလမ်းကြောင်းကို ယုံကြည်ကျဆင်းစေခဲ့ကြောင်း AASYC က ဆိုသည်။
ဆက်လက်၍ မြန်မာစစ်တပ် အထူးသဖြင့် စစ်ကောင်စီအဖွဲ့အနေဖြင့် ခေတ်အဆက်ဆက် တိုင်းရင်းသားပြည်သူများအပေါ် မတရားမှုများ ကျူးလွန်ပြီးရင်းကျူးလွန်နေကာ လက်ရှိတွင်လည်း မြောက်ဦးမြို့ရှိ ရခိုင်သမိုင်းဆိုင်ရာ တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်များစွာကို ဖျက်ဆီးနေသည်။
ဗမာမဟုတ်သော လူမျိုးစုများ၏ သမိုင်းမှန်အား ပြန်လည်ဖော်ထုတ်ခြင်းကို အမျိုးသားရေးအစွန်းရောက်လုပ်ရပ်အဖြစ် သမုတ်လျက် နည်းလမ်းမျိုးစုံဖြင့် ပိတ်ပင်သည်မှာ ဗမာလူမျိုးရေးဝါဒ၊ နယ်ချဲ့ဝါဒနှင့် စစ်အာဏာရှင်ဝါဒတို့ကို စွဲကိုင်ထားသေ ခေတ်အဆက်ဆက် ဗမာအစိုးရများနှင့် ဒီမိုကရေစီအမည်ခံ NLD အစိုးရမှလည်း ကျူးလွန်ခဲ့ကြသည်။
ထိုကြောင့် လူမျိုးစုံပြည်သူလူထုတစ်ရပ်လုံး၏ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ရှိရေးကို လေးစားလိုက်နာ အသိအမှတ်ပြုသော လူဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအနေဖြင့် အတိတ်က အမှားများကို ဂုဏ်သရေရှိစွာ ဝန်ချတောင်းပန်ကြရန်လည်း AASYC က တိုက်တွန်းနေသည်။
AASYC အထွေထွေအတွင်းရေးမှူး မခင်မာထွေးက ” အတိတ်က အမှားဆိုတာက ဒီနေ့မနက်ဖြန် ဖြစ်စဉ်တွေလည်း ပါမှာပေါ့နော်။ အဓိကတော့ ရခိုင်မှာ ဆရာတော် ဦးဥတ္တမနေ့၊ ဆန်ပြဿနာနေ့၊ အချုပ်အခြာအာဏာကျဆုံးနေ့ စတဲ့နေ့တွေမှာ အခမ်းအနား ကျင်းပရှိလေ့တယ်။ အဲဒီလို ကျင်းပလို့ မတရားဖမ်းဆီး သတ်ဖြတ်ခံရတာတွေရှိတယ်။ လွတ်လပ်စွာ စုဝေးခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်တွေကို ပိတ်ပင်တားဆီးခဲ့တာတွေရှိတယ်။ အဲဒီဖြစ်ရပ်တွေမှာ မတရားကျူးလွန်ခဲ့တဲ့သူတွေကို ပြောချင်တာပါ” ဟု ပြောသည်။
ရခိုင်ပြည်သူများပေါ် မတရားကျူးလွန်ခဲ့သူများအနေဖြင့် လက်ရှိတွင် ဂုဏ်သရေရှိစွာ ဝန်ချတောင်းပန်မှ အနာဂတ်တွင် ပုံဖော်တည်ဆောက်ကြမည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ယုံကြည်မှု အခြေခံအုတ်မြစ်များ ရရှိကြမည်ဟု AASYC က ထုတ်ပြန်ထားသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/810771864395575