မြောက်ဦးမှာ လက်နက်ကြီးကျလို့ နေအိမ် ဆယ်ချီ မီးလောင်မီးလောင်နေတဲ့ အခြေအနေ

By BBC / 2024 January    28

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဒီနေ့မနက်ပိုင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ် ၂၀ နီးပါး မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြောက်ဦးမြို့ နန်းတော်ရာကုန်း အနောက်ဘက်နဲ့ မြောက်ဘက်နေရာတွေမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲရာကနေ နေအိမ် အလုံး ၂၀ နီးပါး မီးလောင်ခဲ့တာလို့ ဆိုပါတယ်။

မြောက်ဦးမြို့မှာ ဒီနေ့မနက်ပိုင်းက မီးလောင်တဲ့ရုပ်သံဖိုင်တွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

အဲဒီရုပ်သံတွေထဲမှာတော့ နေအိမ်တွေ ၅ လုံးထက်မနည်းအတန်းလိုက် မီးလောင်နေတာကိုတွေ့ရသလို ဒေသခံတွေ အထုပ်အပိုးတွေ စုပြီး ဘေးလွတ်ရာ တိမ်းရှောင်ဖို့ လုပ်နေတာနဲ့ မီးသတ်ကားတစ်စီးက မီးငြှိမ်းသတ်ဖို့ ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။

မြောက်ဦးမြို့က မီးလောင်မှု

ရခိုင်ပြည်နယ်သတင်းတွေကို အဓိကဖော်ပြနေတဲ့ ဒေသတွင်း သတင်းတွေမှာတော့ မြောက်ဦးမြို့မှာ မနေ့ညတုန်းက လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသား ၄ ဦးသေဆုံးပြီး နောက်ထပ် ၅ ဦးထက်မနည်း ဒဏ်ရာရသွားတဲ့အကြောင်း သတင်းဓာတ်ပုံတွေနဲ့တကွ ဖော်ပြနေပါတယ်။

ဒီထိခိုက်သေဆုံးမှု အခြေအနေနဲ့ ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ကြားက တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်နေရာအများစုမှာ ဆက်သွယ်ရေးပြတ်တောက်နေပြီး အဲဒီထဲမှာ မြောက်ဦးမြို့နယ်လည်း ပါဝင်ပါတယ်။

အေအေ ပါဝင်တဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ကတော့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နဲ့ ရမ်းဗြဲမြို့နယ်‌တွေမှာ အရင်ရက်တွေနည်းတူ ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

မြောက်ဦးမြို့မှာ စစ်ကောင်စီတပ်ရဲ့ အမှတ် – ၃၇၇ ခြေမြန်တပ်ရင်း၊ အမှတ် – ၅၄၀ ခြေမြန်တပ်ရင်းနဲ့ အမှတ် ၃၁ ရဲတပ်ရင်းတို့ရှိပြီး အဲဒီတပ်ရင်းတွေက ပစ်ခတ်တဲ့လက်နက်ကြီးတွေဟာ အခုလ အစောပိုင်းတုန်းကလည်း မြောက်ဦးရှေးဟောင်းယဥ်ကျေးမှုနယ်မြေထဲက နန်းတော်ရာကုန်း ဘက်ကို ကျရောက်ခဲ့ဖူးတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

https://www.facebook.com/BBCnewsBurmese/posts/806684481504217

Leave a Reply

Your email address will not be published.