မောင်တောတွင် မွတ်ဆလင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

By DMG / 2024 January             12

ပုံစာ – သေနတ်ပစ်ခံရ၍ ဒဏ်ရာရရှိသွားသည့် မောင်တောမြို့နယ်မှ မွတ်ဆလင်အမျိုးသား။ ဓာတ်ပုံ – CJ

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ သာစည်ကုန်းကျေးရွာမှ  မွတ်ဆလင်အမျိုးသားတစ်ဦးမှာ ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်၊ နေ့လယ် ၃ နာရီခန့်တွင် သေနတ်ဖြင့်ပစ်သတ်ခံရပြီး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

အသက် ၄၀ ကျော်အရွယ် မူဟာမတ်မောရ်ဆူးလ်ဝီးသည် မောင်တောမြို့မှ သာစည်ကုန်းရွာသို့ ပြန်လာစဉ် လဘော်ဇားတံတား အလွန်တွင် အမည်မသိလူနှစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားသဖြင့် ပြင်းထန်ဒဏ်ရာ ရရှိသွားခြင်း ဖြစ်သည်။

မိသားစုဝင်တစ်ဦးက “ဒဏ်ရာက အရမ်းပြင်းထန်တယ်။ ရင်ဘတ်နားမှာ ကျည် ၂ ချက် ဖောက်ဝင်သွားပြီး နောက်ကျောကနေ ဖောက်ထွက်သွားတယ်။ သေမလား၊ ရှင်မလား မသိတော့ဘူး” ဟု သူက ပြောသည်။

သေနတ်ပစ်ခံရသူမှာ သာစည်ကုန်းကျေးရွာတွင် ဘာသာရေးစာပေ သင်ကြားပေးနေသူဖြစ်သည်။ ၎င်းအား ARSA၊ RSO လက်နက်ကိုင်အဖွဲ့များက လုပ်ကြံခြင်းဖြစ်နိုင်ကြောင်း မွတ်ဆလင်ဒေသခံများက ဆိုကြသည်။

“သူက ဘာသာရေးဆရာတစ်ယောက်ဖြစ်ပြီး အရမ်းချမ်းသာတယ်။ အခုလုပ်ကြံခံရတာက လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြဿနာတက်နေလို့ ဖြစ်နိုင်တယ်။ အထူးသဖြင့် ARSA လက်ချက်ပဲလို့ ထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်က မောင်တောမြို့နယ်၊ စံပယ်ကုံးကျေးရွာမှ မွတ်ဆလင်အမျိုးသား ၂ ဦးကို ARSA အဖွဲ့ဝင် ၂၀ ခန့်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၎င်းတို့စီးနင်းလာသည့် အိမ်စီးကားကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ARSA အဖွဲ့သည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မေယုတောင်တန်းတလျှောက်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လှုပ်ရှားမှုများရှိနေပြီး ရက္ခိုင့်တပ်တော်(AA)၊ စစ်ကောင်စီတပ်နှင့်လည်း တိုက်ပွဲဖြစ်ပွားမှုများ ရှိသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်ကလည်း မောင်တောမြို့နယ် မြောက်ပိုင်း၊ အထက်ပြူးမ မွတ်ဆလင် ကျေးရွာဟောင်းတွင် AA နှင့် ARSA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

https://www.facebook.com/dmgnewsagency/posts/765877565585842

Leave a Reply

Your email address will not be published.