မောင်တောတွင် ပေါ်ဆန်မွှေးဆန်တစ်အိတ် ကျပ် ၄ သိန်းထိစျေးမြင့်တက်နေ

စားသောက်ကုန်များ မူလထက် ၅ ဆမှ ၁၀ ဆကြား စျေးမြင့်တက်

By Western News / 2024 January     4

ရခိုင်ပြည် မောင်တောမြို့နယ်တွင် ပေါ်ဆန်မွှေး ဆန်တစ်အိတ်ကို ကျပ် ၄ သိန်းထိစျေးရှိနေပြီး တစ်ခြားအခြေခံ စားသောက်ကုန်များမှာလည်း တစ်ခြားမြို့နယ်များထက် စျေးနှုန်းပိုမြင့်သည့်အနေအထားတွင်ရှိနေကြောင်း ဒေသသတွင်း နေထိုင်သူများကပြောသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ နှစ်ဖက်စစ်ရေးတင်းမာနေမှုကြား စစ်ကောင်စီမှ ပြည်နယ်တွင်း ကုန်စည်စီးဆင်းရာလမ်းကြောင်းများ အားလုံးပိတ်ဆို့ထားသည့် ရခိုင်တွင် မြို့နယ်အလိုက်ကုန်စည်စျေးများ အဆမတန်မြင့်တက်မှုရှိနေပြီး ထိုအထဲမှ မောင်တောမြို့မှာ ဆန်အပါအဝင် ကုန်စည်စျေးနှုန်းအမြင့်ဆုံးရှိသည့် မြို့နယ်တစ်ခုဖြစ်နေသည်။

လက်ရှိ မောင်တောဒေသ၏ ကုန်စျေးနှုန်းမှာ ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ၄ သိန်းကျပ်၊ ရိုးရိုးဆန်တစ်အိတ်ကို ၂ သိန်းခွဲကျပ်၊ ရာသီပေါ် ခရမ်းသီး တစ်ပိဿာကို ၃ သောင်းကျပ်၊ ကြက်တစ်ကောင်ကို ၈ သောင်းကျပ် (တစ်ပိဿာကျ) နှင့် တစ်ခြားသားငါး စားသောက်ကုန်စည်များမှာလည်းထိုနည်းတူစွာ စျေးမြင့်လျှက်ရှိနေကြောင်း သိရသည်။

မောင်တော ကုန်စျေးမြင့်တက်နေမှုအခြေနေကြားတွင် နေထိုင်နေရသည့် မောင်တောဒေသခံတစ်ဦးက “ထမင်းတစ်ထပ်စားနိုင်ဖို့ဆိုတာ မလွယ်တော့ဘူး။ တစ်ထပ်စာစျေးဝယ်ရင် ၄ သောင်းဖိုးလောက်တော့ဝယ်ရတယ်။ ဒီအခြေနေနဲ့ ငတ်ပြတ်လာတဲ့နေသူတွေလည်းများလာပြီ” ဟုပြောသည်။

ရခိုင်ရှိ တစ်ခြားမြို့နယ်များတွင်မူ စားသောက်ကုန်စည်စျေးများမှာ မောင်တောမြို့နည်းတူ ယခင်ထက်စျေးမြင့်တက်နေသော်လည်း ဆန်စျေးနှုန်းများမှာမူ မူလထက်အနည်းငယ်ခန့်သာမြင့်တက်ပြီး ဆန်တစ်အိတ်ကို မြို့နယ်အလိုက် ၉ သောင်းကျပ်မှ ၁ သိန်း ၃ သောင်း ကျပ်ကြားသာရှိနေသည်။

မောင်တောခရိုင်ရှိ ဘူးသီးတောင်မြို့နယ်၏ ဆန်အပါအဝင်ကုန်စည်စျေးနှုန်းများမှာလည်း တစ်ခြားမြို့နယ်များနည်းတူဖြစ်ပြီး မောင်တောမြို့နယ်တွင်မူ ဆန်စျေးအမြင့်ဆုံးရှိနေခြင်းဖြစ်သည်။

ဆန်စျေးမြင့်တက်နေမှုမှာ ဆန်ဝယ်ယူရခက်ခဲ၍မဟုတ်ဘဲ ဝယ်ယူသူများပြားလွန်း၍ဖြစ်လာခြင်းဖြစ်သည်ဟု နောက်ထပ်မောင်တော ဒေသခံတစ်ဦးက ပြောသည်။

“အခြေနေတွေ မတည်မငြိမ်နဲ့ လမ်းတွေပိတ်တော့ ဆန်တွေအလု အယက်ဝယ်ကြရာကနေ စျေးက မြင့်တက်သွားတာလို့ ပြောရမယ်။ ဆန်ကဝယ်ရလည်း မခက်ဘူး။ ရှားပါးနေတာလည်း မဟုတ်သေးဘူး။ လက်ဝယ်ရှိသူတွေက စျေးမြှင့်ရောင်းနေကြတာ” ဟုပြောသည်။

နိုဝင်ဘာ ၁၃ ရက်မှ စတင်၍ ကုန်စည်စီးဆင်းရာလမ်းကြောင်း အားလုံးပိတ်ဆို့ခံထားရသည့် ရခိုင်တွင် စားသောက်ကုန်စည်များဖြစ်သည့် စက်သုံးဆီ၊ ဆီ ၊ ငရုတ်သီးခြောက်၊ ဆား၊ ဟင်းချိုမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဟင်းသီးဟင်းရွက်၊ သားငါးနှင့် တစ်ခြားစားသောက်ကုန်စည်စျေးနှုန်းများမှာ မူလထက် ၅ ဆမှ ၁၀ ဆကြားစျေးမြင့်တက်နေဆဲ ဖြစ်သည်။

လမ်းကြောင်းများ ပိတ်ဆို့ခံထားရမှု ၂ လနီးပါးရှိလာနေသည့် ရခိုင်တွင် ကုန်စည်စျေးနှုန်းမြင့်တက်မှုအပြင် ဆေးဝါးအပါ အဝင်ကုန်စည်အချို့ပြတ်လပ်လာသည်များလည်း ရှိလာနေပြီလည်း ဖြစ်သည်။

လက်ရှိ လမ်းကြောင်းများ ပိတ်ဆို့ခံထားရမှုအခြေနေမှာ ကြာရှည်လာပါက ကုန်စျေးမှာထပ် မြင့်တက်လာနိုင်ခြေသာရှိပြီး ပြည်နယ်တွင်း ဆူပူမှုများလည်းဖြစ်လာနိုင်သည်ဟု ရခိုင်ဖက် စီးပွားရေးလေ့လာ သုံးသပ်သူတစ်ဦးက ဆိုသည်။

“စစ်ကောင်စီကနေ ဒီလမ်းကြောင်းတွေကို အခုထက်ရေရှည် ထပ်ပိတ်ထားသေးမယ်ဆိုရင် ပြည်တွင်းအခြေနေက ပိုဆိုးလာနိုင်တယ်။ ကုန်စည်တွေ အပြတ်များလာမယ်။ ထိုနည်းတူစျေးတွေကလည်း ထပ်မြင့်လာမယ်။ လက်လုပ်လက်စားတွေ အခုငတ်နေကြပြီ။ အငတ်ဘေးဆိုက်တာတွေ ပိုများလာရင် ဆူပူအုံ ကြွမှုတွေလည်း ပိုအဖြစ်များလာမယ်လို့မြင်တယ်” ဟုပြောသည်။

ကုန်စျေးနှုန်း အဆမတန်မြင့်တက်မှုနေသည့် ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့၏ စစ်ရေးအခြေနေမှာလည်း ဆက်လက်တင်းမာ နေကြဆဲဖြစ်ပြီး ချင်းပြည်နယ်ရှိ ပလက်ဝနှင့် ပေါက်တော၊ မြောက်ဦး၊ ကျောက်တော် အပါအဝင် မြို့နယ် ၁၃ မြို့နယ်တွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားမှုရှိထားသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/811749964297765

Leave a Reply

Your email address will not be published.