By DMG / 2024 January 12

ရခိုင်ပြည်ကို စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထား၍ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှု၊ စစ်ရေးပဋိပက္ခကြောင့် အလုပ်အကိုင်ရှားပါးမှုကြောင့် မောင်တောမြို့၊ အမှတ်(၄)ရပ်ကွက်မှ ဟိန္ဒူဒုက္ခသည် ၃၀၀ ခန့်မှာ စားဝတ်နေရေး အခက်ကြုံနေကြောင်း သိရသည်။
ယခင်က မောင်တောမြို့တွင် ရိုးရိုးဆန်တစ်အိတ်ကို ငွေကျပ် ၆၀,၀၀၀ ရှိပြီး လမ်းခရီးပိတ်ဆို့ပြီးနောက် ငွေကျပ် ၂ သိန်းကျော်ထိ မြင့်တက်လာသဖြင့် စားဝတ်နေရေးခက်ခဲလာခြင်းဟု ဟိန္ဒူဒုက္ခသည် မရီကာက ပြောသည်။ “ဆန်ဈေးကအစ ကုန်စည်တွေအကုန်လုံး ဈေးတက်နေတာ” ဟု သူကပြောသည်။
စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲစဖြစ်သည့် နိုဝင်ဘာ ၁၃ ရက်မှစ၍ ရခိုင်ဒေသအတွင်း ကုန်လမ်း၊ ရေလမ်းများကို စစ်ကောင်စီက ပိတ်ဆို့ထားသည်မှာ နှစ်လနီးပါးထိ ကြာမြင့်လာပြီဖြစ်သည်။ ဟိန္ဒူဒုက္ခသည်များမှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မောင်တောအရေးအခင်းကြောင့် မောင်တောမြို့နယ် တမန်သား၊ လေးမိုင်၊ သစ်တုံး နားခွဆုံ၊ ခမောင်းဆိပ်ကျေးရွာတို့မှ ထွက်ပြေးခိုလှုံလာသူများ ဖြစ်သည်။
လက်ရှိမှာ ကုန်ဈေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးမှုအပြင် ကူညီထောက်ပံ့မှုလည်း မရရှိတော့၍ အချို့ဒုက္ခသည်များမှာ ဆန်ပြုတ်သောက်ပြီး ဝမ်းရေးဖြေရှင်းနေရကြောင်း ပြောသည်။ “အရင်ကဆိုရင် ကြုံရာကျပန်းလုပ်လို့ရတဲ့ငွေနဲ့ တစ်နေ့တာစားဝတ်နေရေးကို ဖြေရှင်းလို့ရတယ်။ အခု ကုန်ဈေးနှုန်းတွေက တအားတက်တော့ ဆန်ပြုတ်သောက်ပြီး နေနေရတဲ့သူတွေလည်း ရှိတယ်။ ပြီးရင် ဘာအကူညီမှလည်း မရဘူး” ဟု ဟိန္ဒူဒုက္ခသည် ကိုအော်ဘီယန်က ဆိုသည်။
အဆိုပါဒုက္ခသည်များကို ယခင်က WFP နှင့် စစ်ကောင်စီလူကယ်ပြန်မှ ငွေကြေးနှင့် စားနပ်ရိက္ခာများ ကူညီထောက်ပံ့ခဲ့သော်လည်း ၂၀၂၀ ခုနှစ်မှစ၍ အကူအညီရရှိမှု ပြတ်တောက်သွားခဲ့သည်။
https://www.facebook.com/dmgnewsagency/posts/765579632282302