By Western News / 2024 January 27
ရခိုင်ပြည် ပေါက်တောမြို့သိမ်းတိုက်ပွဲမှ စစ်ကောင်စီ စနိုက်ပါသမား ၂ ဦးကို ရက္ခိုင့်တပ်တော် AA မှ ဖမ်းထားကြောင်း ခိုင်လုံသော ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။
AA မှ ဖမ်းမိထားသော စနိုက်ပါသမား ၂ ဦးမှာ အာဏာသိမ်းစစ်ကောင်စီမှ ကြေးစားအဖြစ်ငှားရမ်းထားသော နိုင်ငံခြားသားများဖြစ်ပြီး အမျိုးသမီးနှစ်ဦးဟုလည်း Western News မှ စုံစမ်းရရှိထားသည်။
ဒေသခံသတင်းရင်းမြစ် တစ်ဦးက ပေါက်တောမြို့ထဲမှ စစ်ကောင်စီ စနိုက်ပါသမား ၂ ဦးကို AA မှ ဖမ်းထားကြောင်းမှာ မှန်ကန်ကြောင်းနှင့် နိုင်ငံခြားသား ဟုတ်မဟုတ်ကို မသိကြောင်း ပြောဆိုထားသည်။
“စစ်ကောင်စီဆီက စနိုက်ပါသမား ၂ ဦးဖမ်းမိထားတယ်။ အမျိုးသမီးတွေပဲလို့ သိရပါတယ်။ နိုင်ငံခြားသားလား ဘာလား အသေးစိတ်မသိရဘူး” ဟုပြောသည်။
AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်များကလည်း စနိုက်ပါသမားများမှာ စစ်ကောင်စီငှားရမ်းထားသော ကြေးစားစစ်သားများဖြစ်ပြီး ရုရှားနိုင်ငံသားဟု ပြောဆိုကြသည်။
“ကြားသိရတာက ကြေးစားစစ်သားဖြစ်တယ်။ ရုရှားနိုင်ငံသားလို့ပြောနေကြတယ်။ ဒီလောက်ပဲ သိထားပါတယ်။ အတည်ပြု မပြုကတော့ တပ်တော်က ထုတ်ပြန်မှပဲ သိနိုင်မှာ” ဟု AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
AA မှ စနိုက်ပါသမား ၂ ဦး ဖမ်းမိချိန်တွင် စစ်ကောင်စီ တပ်သား ၃၀ ဦးကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်းနှင့် ယင်းတပ်သားများမှာ စနိုက်ပါသမား ၂ ဦးကို ကာဗာယူထားသော တပ်သားများဖြစ်သည်ဟု စုံစမ်းသိရသည်။
သို့သော် AA မှ တရားဝင်ထုတ်ပြန်အတည်ပြုခြင်းမရှိသေး၍ Western News မှ သီးခြား အတည်မပြုနိုင်သေးကြောင်းနှင့် Western News မှ AA ပြောခွင့် ဦးခိုင်သုခအား ဆက်သွယ်နေဆဲဖြစ်သည်။
ပလက်ဝနှင့် ရခိုင်ပြည်အတွင်းတိုက်ပွဲများတွင် AA အား တိုက်ခိုက်ရာ၌ စစ်ကောင်စီမှ နိုင်ငံခြားသား ကြေးစား စစ်သားများကို အသုံးပြု၍တိုက်ခိုက်နေကြောင်း ဒေသတွင်း သတင်းထွက်ပေါ်နေသည်။
https://www.facebook.com/westernnewsagency/posts/826224252850336