တိုက်သူက တိုက် ၊စိုက်သူက စိုက်

By Narinjara / 2024 January     19

စစ်ပွဲ ကို ရှောင်လွှဲလို့ မရတာနဲ့အတူတူ စစ်ပွဲကြား ဘယ်လို ရှင်သန်အောင် နေထိုင်ကြမလဲ ဆိုတာ အရေးကြီးလာပါတယ်။ အသက်ရှင်သန်းရေး ပြီးရင် စားနပ်ရိက္ခာ ရရှိရေး ဟာ အဓိကအရေးကြီးလာပါတယ်။

စစ်ဘေးဒဏ်သင့်ပြည်သူတွေဟာ အငတ်ဘေးကိုပါ တစ်ပါတည်း ခံစားရနိုင်တာကြောင့် ရိက္ခာလိုအပ်ချက် အတွက် ဘယ်လိုဖြည့်ဆည်းကြမလဲ ဆိုတာကို ကြိုတင်တွေးဆ ကြရပါမယ်။

ယခင်က နေ့စဉ် ကားကြီးကားငယ် အသွယ်သွယ်နဲ့ ရိုးမတောင်ကိုကျော်ဖြတ်ဝင်လာတဲ့  ဟင်းသီးဟင်းရွက် တွေ ၊သီးနှံတွေကအစ ကုန်စည် အားလုံးဟာ စစ်ပွဲစတင်တဲ့ရက်မှာပင် ရပ်သွားတဲ့အခါ စျေးကွက်မှာ ငရုတ်သီး သုံးလုံး တစ်ထောင် ပေးဝယ်ရတဲ့အနေအထားကို နေ့ချင်းရက်ချင်း ရောက်သွားပါတော့တယ်။

ရာသီဥတု ဒဏ်၊ စစ်ပွဲဒဏ်ကို အခံရဆုံး ကတော့ လယ်သမားတွေဖြစ်ပါတယ်။ မိုခါမုန်တိုင်းကြောင့် စပါးခင်းထဲ ရေငန်ဝင်သွားလို့ ဆုံးရှုံးခဲ့ရသလို စပါးရိတ်သိမ်းချိန်နဲ့  တကျော့ပြန် စစ်ပွဲစဖြစ်တဲ့အချိန်နဲ့ တိုက်လို့ စပါးရိတ်သိမ်းဖို့မရဘဲ ထွက်ပြေးနေကြရပြန်ပါတယ်။

ဒါ့အပြင် စက်သုံးဆီ စရိတ်ကြီးမြင့်လို့ စပါးရိတ်သိမ်းစရိတ် ထောင်းတာကတမျိုး ၊ ရိတ်သိမ်းလို့ရတဲ့ စပါး ကို ဝယ်မယ့်သူမရှိလို့ လက်ထဲ ငွေမရှိဖြစ်နေရတဲ့အထဲ  စားသောက်ကုန်စျေးနှုန်း အဆမတန်မြင့်တက်တဲ့ ဒဏ်ကိုလည်း လယ်သမားတွေခံကြရပါသေးတယ်။ လက်ထဲမှာရှိတဲ့ စပါး တစ်တောင်းကို ရောင်းလို့ ဆေးပေါ့လိပ် တစ်ထုတ် မရတဲ့အနေအထား ရောက်သွားပါတယ်။

ကျဆင်းနေတဲ့ ရခိုင်စိုက်ပျိုးရေးကိန်းဂဏန်းများ

ရခိုင်ဒေသဟာ စိုက်ပျိုးရေး အတွက် ရေခံမြေခံ ကောင်းတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ စိုက်ပျိုးမြေတွေ အများကြီးရှိပေမယ့် ထွန်ရေးမငင်းတဲ့မြေဧကတွေလည်း အများကြီးရှိနေပါသေးတယ်။ စိုက်ပျိုးနိုင်တဲ့ မြေ ၁၈ ရာခိုင်နှုန်း ရှိပေမယ့် ၁၄ ရာခိုင်နှုန်းလောက်ကိုသာ စိုက်ပျိုးနေကြတာလည်းဖြစ်ပါတယ်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ပြည်နယ် ရဲ့ စုစုပေါင်း ဂျီဒီပီဟာ ကျပ်သန်းပေါင်း ၂၁၈၆၇၀၁ ဒသမ ၅ ရှိခဲ့ပြီးတော့ စိုက်ပျိုးရေး ကဏ္ဍက ၂၅ ရာခိုင်နှုန်းပါဝင်တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (၂၀၁၉ ခုနှစ်) ထုတ် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း စစ်တမ်းသုတေသနအစီရင်ခံစာအရ သိရပါတယ်။

ရခိုင်ဒေသဟာ တစ်ချိန်က စပါးအဓိက ထွက်ရှိတဲ့ ဒေသတစ်ခုဖြစ်ခဲ့ပါတယ်။ပြည်နယ်ရဲ့ အဓိက ထွက်ကုန်ဟာ ဆန်စပါးဖြစ်ပြီးတော့ စုစုပေါင်း စိုက်ပျိုးမြေဧရိယာရဲ့ ၈၅ ရာခိုင်နှုန်း ဟာ စပါးစိုက်ဧရိယာဖြစ်ပါတယ်။

နှစ်အလိုက်စပါးစိုက်ဧက ကိုတွက်မယ်ဆိုရင် ၂၀၀၉ -၂၀၁၀ မှာ စပါးစိုက်ဧက ပေါင်း ၁၂ သိန်းကျော်ရှိခဲ့ပေမယ့် ၂၀၁၆-၂၀၁၇ မှာ စိုက်ဧက ၁၁ သိန်းကျော်ရုံသာသာထိ ကျဆင်းသွားတာတွေ့ရပါတယ်။ ၂၀၁၇-၁၈ မှာ စုစုပေါင်း စပါး စိုက်ဧကဟာ ၉၃၀၄၅၂ ဧက ရှိပါတယ်။

စာရင်းဇယားတွေကိုပြန်ကြည့်မယ်ဆိုရင်လည်း ၂၀၀၉-၂၀၁၀ မှာ ငရုတ်စိုက်ဧက ၃သောင်းခွဲဝန်းကျင်၊ ကြက်သွန်စိုက်ဧက သုံးထောင်ငါးရာနီးပါး ရှိခဲ့ရာကနေ ၂၀၁၆-၁၇ မှာ ငရုတ်စိုက်ဧက သုံးသောင်းလေးထောင် ကျော် နဲ့ ကြက်သွန် စိုက်ဧက ရှစ်ရာ လောက်သာ စိုက်ပျိုးလာတာ တွေ့ရပါတယ်။ ကိုယ့်ဒေသက ထွက်တဲ့ စိုက်ပျိုးသီးနှံဟာ ဒေသစားသုံးမှုထက်ပိုလျှံလို့ တစ်ခြား ဒေသကို တင်ပို့ ရခဲ့တဲ့ ရခိုင် ဒေသ ဟာ အခုအချိန်မှာ သူများပြည်က ပို့မှစားရတဲ့ အခြေအနေရောက်သွားပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းကို ဘာကြောင့်စွန့်ခွာ

စိုက်ပျိုးမြေတွေ အများကြီးရှိပေမယ့် စိုက်ပျိုးမှု မလုပ်ကြတာလည်း အကြောင်းရင်းက ရှိလို့နေပါတယ်။

ဆောင်းသီးနှံတွေ ဖြစ်တဲ့ ဟင်းသီးဟင်းရွက်တွေကိုဆိုရင် စိုက်ပျိုးသူ နည်းပါးသွားပါပြီ။ စိုက်ပျိုးရေးလုပ်ငန်းမှာ သွင်းအားစုအတွက် သုံးစွဲရတဲ့ငွေပမာဏဟာ စိုက်ပျိုးသီးနှံတွေရောင်းချလို့ ရတဲ့ ဝင်ငွေနဲ့ မကာမိ ဖြစ်တာရယ်၊ စိုက်ပျိုးရေး မှာ တစ်နှစ်လုံး လုပ်အားခက ပြည်ပမှာ အလုပ်လုပ်သူရဲ့ တစ်လ စာဝင်ငွေ နဲ့တူညီနေတာရယ်က စိုက်ပျိုးရေးကို စွန့်ခွာလာကြတဲ့ အဓိက အကြောင်းရင်းခံဆိုရင် မမှားပါဘူး။

စိုက်ပျိုးရေးလုပ်ငန်းကို စွန့်ခွာသွားကြပေမယ့် မိုးရာသီ စပါးစိုက်ပျိုးရေးကတော့ မဖြစ်မနေ လုပ်ကိုင်ကြ ဆဲပင်ဖြစ်ပါတယ်။ ရာသီဥတု မမှန်တာ ၊ စိုက်ပျိုးစရိတ်တွေ ကြီးမြင့်လာတာကြောင့် အထွက်မကောင်းတဲ့ နှစ်တွေဆို လယ်သမားတွေ အရှုံးနဲ့ရင်ဆိုင်ရပါသေးတယ်။

ဒီလိုအကြောင်းရင်းခံကြောင့်ပင် ရခိုင်ဒေသခံတွေဟာ ဒေသခံ က မိမိတို့ပိုင်ဆိုင်တဲ့ စိုက်ပျိုးမြေတွေကို ကျောခိုင်းပြီး ပြည်ပမှာ ရရာအလုပ်လုပ်ဖို့ ထွက်သွားကြတာဖြစ်ပါတယ်။  ပြည်ပက ပို့တဲ့ ငွေတွေကို မှီခိုကာ ရခိုင်မှာကျန်ခဲ့တဲ့ မိသားစုတွေဟာ စားဝတ်နေရေးအတွက် ဖြေရှင်းနေကြတာပါ။ စိုက်ပျိုးမြေတွေလည်း ပက်ကြားအက်ပြီး ပျိုးပင်တွေ ကင်းမဲ့ နေတာကြာခဲ့ပါပြီ။

ပြန်လည်နိုးထက်လာရမည့် စိုက်ပျိုးရေးလုပ်ငန်း

ပြည်မက ဝင်လာတဲ့ စိုက်ပျိုးသီးနှံတွေကို အားကိုးစားသောက်ပြီး ကိုယ့်ဒေသက စိုက်ပျိုးမြေတွေကို အသုံးမပြုဘဲ နေလာကြတာ ဆယ်စုနှစ်နဲ့ချီလို့ ရှိနေပါပြီ။

ရခိုင်မှာ ဟင်းခတ်အမွှေးအကြိုင် ဖြစ်တဲ့ ငရုတ်၊ကြက်သွန် တွေကို စီးပွားဖြစ်စိုက်တာနည်းပါတယ်။ ဒေသတွင်း စားသုံးရုံလောက်သာ စိုက်ကြတာပါ။ဒါပေမယ့် တစ်နှစ်ထက်တစ်နှစ် စိုက်ပျိုးဧကဟာနည်းနည်းလာတာ ကိုတွေ့ရပါတယ်။ နောက်ဆုံးမှာ ရန်ကုန်က လာတဲ့ ငရုတ်သီးကို ငရုတ်စိုက်တောင်သူတွေ ဝယ်စားရတဲ့အနေအထားထိ ရောက်သွားပါတော့တယ်။

ယခင်က ပြည်မဘက်က ရိုးမတောင်ကိုဖြတ်ကျော်ဝင်လာမယ့် မော်တော်ကားတွေကြောင့် လက်ထဲငွေရှိရင် ဝယ်စားနိုင်ခဲ့ပေမယ့် အခုလို စစ်ပွဲကြောင့် လမ်းတွေ ပိတ်ဆို့ခံထားရချိန်မှာ လက်ထဲငွေရှိရင်တောင် ဝယ်မရတဲ့အနေအထားဖြစ်သွားပါပြီ။

ဒါဟာ ပြည်မကို မှီခိုအားထားနေရတဲ့ ပြည်သူတွေအတွက် သင်ခန်းစာယူစရာ ဖြစ်သွားပါတယ်။ မြို့နေလူတန်းစားတွေတောင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရတော့မယ်ဆိုတဲ့အသိ ရသွားကြပါပြီ။ ဒါကြောင့်လည်း ချဉ်ပေါင်၊ ငရုတ်၊ ခရမ်း၊သခွား၊ မူလာလို ရက်တိုသီးနှံတွေကို စိုက်ပျိုးလာကြပါတယ်။

လပိုင်းအတွင်း စိုက်ပျိုးရေးကို လုပ်လိုက်လျင်ပင် စျေးကွက်ထဲကို ခရမ်း၊မူလာ၊ချဉ်ပေါင်တွေ ဝင်လာတာတွေ့ရပါတယ်။ စစ်တွေမြို့နယ် ထဲ စိုက်ပျိုးတဲ့ သီးနှံတွေကို နှစ်လအတွင်းမှာ စစ်တွေသားတွေ စားလို့ရသွားပါတယ်။

ကျဆင်းလာတဲ့ စိုက်ပျိုးရေး ကိန်းဂဏန်းတွေ ကို ပြန်မြှင့်တင်ရင်းတစ်ဖက်မှာလည်း အလုံးစုံ ပိတ်ဆို့ခံထားရတဲ့ ရခိုင်ဒေသ အတွက် စိုက်ပျိုးရေး ဟာ တဖန်ပြန် လည်းနိုးထက်ရမယ့် အဓိကလုပ်ငန်းတစ်ခုဖြစ်နေပါပြီ။

စိုက်ပျိုးရေးကဏ္ဍကိုမြှင့်တင်ဖို့ အတွက် လယ်သမားတွေ အရှုံး မပေါ်အောင် ထိန်းကျောင်းကြရပါမယ်။ စိုက်ပျိုးရေးသွင်းအားစုတွေကို စျေးနှုန်းနည်းပါးအောင်၊စိုက်ပျိုးစရိတ်တွေသက်သာအောင် ကြံဆောင်ကြရပါမယ်။

စိုက်ပျိုးရေးလုပ်ငန်းကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးနေတာကနေ စီးပွားဖြစ် ထုတ်လုပ်နိုင်အောင် ထိ ငွေကြေးတတ်နိုင်သူတွေကပါ ဝင်ရောက်လုပ်ကိုင် ရပါမယ်။ လုပ်ငန်းရှင်တွေက စိုက်ပျိုးရေးနဲ့ ငွေမရှာရင်တောင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင် ငွေစိုက်ထည့်ဖို့ လိုပါတယ်။

ဒီလို စစ်ပွဲကြားရောက်နေတဲ့ ရခိုင်ဒေသမှာ သူများပြည်ကို မှီခိုနေရတဲ့ ကုန်စည်မှန်သမျှကို ကိုယ့်ဒေသက ထွက်ရှိနိုင်အောင် လုပ်ရပါတော့မယ်။

ကိုယ့်ပြည်ပြန်ရရေး တိုက်ပွဲဝင်နေသူတွေ ရှိနေသလို တစ်ဖက်မှာလည်း ကိုယ့်ပြည်အငတ်ဘေးက လွတ်ဖို့ စိုက်ခင်းထဲဝင်သူတွေ အများကြီးရှိလာဖို့လိုပါတယ်။ အစစအရာရာ အမှီအခိုကင်းဖို့လိုပါပြီ။

(ပြီး)

https://www.facebook.com/narinjara.info/posts/779057740928024

Leave a Reply

Your email address will not be published.