စာရေးဆရာ၊ စာပေဝေဖန်ရေးဆရာ ဆရာတော်အရှင်ဇယန္တဗောဓိ (ခေါ်) ဆရာတော်ပန်းအောင်ပျံလွန်တော်မူ

By Narinjara / 2024 January     9

ရခိုင်သမိုင်း၊ စာပေနှင့် ပျောက်ကွယ်လုဖြစ်နေသည့် ရိုးရာဓလေ့ ဒြပ်မဲ့ ယဥ်ကျေးမှုများကို စာပေလက်ရာများဖြင့် အစဥ်တစိုက် ရေးသား ပြုစုခဲ့သည့် စာရေးဆရာလည်းဖြစ်၊ စာပေဝေဖန်ရေး ဆရာတစ်ဦးလည်း ဖြစ်သည့် ဆရာတော် အရှင်ဇယန္တဗောဓိ(ခေါ်) ဆရာတော်ပန်းအောင်မှာ ယနေ့  နံနက်ပိုင်းတွင် ပျံလွန်တော်မူသွားပြီဟု သိရသည်။

 ဆရာတော်ပန်းအောင်မှာ ယနေ့ဇန်နဝါရီလ ၉ ရက်၊ မနက် ၁ နာရီ ၅၀ မိနစ်တွင် ၄င်းကျောင်းထိုင်နေရာ မြောက်ဦးမြို့နယ်၊ အထက်လေညှင်းတောင် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ၉၆ ပါးရောဂါဖြင့် ပျံလွန်တော် မူသွားကြောင်း ဆရာတော်၏ တပည့်ဦးပဉ္ဇင်းတစ်ပါးက နိရဉ္စရာသတင်းဌာနသို့ မိန့်ကြားသည်။

 ” ဆရာတော် ဒီနေ့မနက် ၁ နာရီ ၅၀ မှာ အထက်လေညှင်းတောင် ကျောင်းမှာပဲ ပျံလွန်တော်မူသွားခဲ့ပါတယ်။ ဆရာတော်ကအဆုတ်လည်း  သိပ်မကောင်းဘူး။နှလုံးရောဂါလည်းရှိတော့ ဒီရက်ပိုင်းအအေးဓာတ်များတဲ့ ရက်ပိုင်းမှာစပြီးတော့ ရောဂါကပိုဖြစ်လာတာ။ တပည့်ဒါယိကာတွေက ဆရာတော်ကိုခြေဆုပ်လက်နယ်စောင့်ပြီးအိပ်ကြပါတယ်။ ဒီနေ့ မနက်ပိုင်းမှာတော့ ဆရာတော် ပျံလွန်သွားခဲ့ပါတယ်” ဟု ဦးပဥ္ဇင်းက မိန့်ကြားသည်။

ဆရာတော်သည် ပျံလွန်တော်မူချိန်တွင် သက်တော် (၈၀) ၊ ဝါတော် (၃၈) ရှိပြီ ဖြစ်ကြောင်း သိရသည်။

အရှင်ဇယန္တဗောဓိ(ခေါ်) ဆရာတော်ပန်းအောင်သည် ၄င်း၏ စာပေဘဝ သက်တမ်း ၆၃ နှစ်အတွင်း ရခိုင်သမိုင်းဆိုင်ရာစာတမ်းများ၊ စာပေဝေဖန်ရေး  စာတမ်းများ၊ ပျောက်ကွယ်လုဖြစ်နေသော ရိုးရာဓလေ့ဒြပ်မဲ့ယဥ်ကျေးမှုများကို အစဥ်တစိုက်ပြုစုရေးသားခဲ့ပြီး ရခိုင်အမျိုးသားရေးအတွက် အကျိုးပြုခဲ့သည့် ပုဂ္ဂိုလ်မြတ်တစ်ဦးဖြစ်ကြောင်း သိရသည်။

ဆရာတော်ကို မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးမရမီ ၁၉၄၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်တွင် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ဘုန်းကြွယ် တိုက်နယ်၊ တန်းပျင်းကြီးကျေးရွာတွင် ဖခင် ဦးသာပန်းအောင်နှင့် မိခင်ဒေါ်သာမဖြူတို့က မွေးဖွားခဲ့ပြီး မွေးချင်းသုံးယောက်အနက် အငယ်ဆုံး ဖြစ်သည်။

၁၉၄၉ ခုနှစ်တွင် တန်းပျင်းကြီးဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဘန္ဒန္တ ယဿိန္ဒ၏ သွန်သင်မှုအရိပ်အောက်ခိုလှုံပြီး သင်ပုန်းကြီးဖတ်စာသင်ယူခဲ့သည်။

၁၉၅၆ ခုနှစ်တွင် တန်းမြင့်ကြီးဆရာတော်ကို ဥပဇ္စျာယ်ပြု၍ သာသနာ့ ဘောင်ဝင်ရောက်လာခဲ့ပြီး ငယ်ဘွဲ့နာမည်မှာ ဉာဏန္ဒိ ဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင် အဖိုးတော်သူ စစ်တွေမြို့မှ ယတြာဆရာတော်ကြီး ဘဒ္ဒန္တစန္ဒ ထံ ပရိယတ္တိအခြေခံများကို သင်ယူခဲ့သည်။

၁၉၆၁ ခုနှစ်တွင် ရုပ်ရှင်သစ်မဂ္ဂဇင်းတွင် သန္တာမြေမင်းစောနိုင် ကလောင်ဖြင့် “ပြန်ဆင်းခြင်း”ကဗျာကိုဖော်ပြခံရခဲ့ပြီး စာပေလောကထဲ ခြေချခဲ့သည်။

၁၉၆၂ ခုနှစ်၊ ဧပြီလ၌ နဝဒေးမဂ္ဂဇင်းတွင် “ဘဝဖန်သည့် ညဥ့်ရိုင်းကြမ္မာ” အမည်ရှိ အတိုဆိုးဝတ္ထုတိုကို ဆုရအတိုဆုံးဝတ္ထုတိုအဖြစ်ရွေးချယ်ခံခဲ့ရသည်။ ၁၉၆၅ ခုနှစ်တွင် အနုပညာညနေအချိန်ပိုင်း ကျောင်းသားဘဝမှ နေ့ကျောင်းသား ဘဝသို့ကူးပြောင်းခဲ့ပြီး သင့်ဘဝမဂ္ဂဇင်းတွင် ” အနုပညာ စွမ်းရည်” အမည်ရှိ သုံးကြောင်းကဗျာကို မောင်ပန်းအောင်ကလောင် အမည်ဖြင့် ဖော်ပြခြင်းခံခဲ့ရသည်။

၁၉၇၄ ခုနှစ်တွင် တန်းပျင်းကြီးကျေးရွာ စာကြည့်တိုင်ရန်ပုံငွေအတွက် “စုံလီ” ကဗျာစာအုပ်ကို စစ်တွေ သိန်းနောင်၊ ဗဂျီးကျော်(စစ်တွေ)၊ အောင်ကျော်ညွန့်၊ မင်းသိဏ်းထွဏ်းစသည့် စာပေ လောကသားများ၏ အကူညီဖြင့်ထုတ်ဝေခဲ့ပြီး “စုံလီ”ကဗျာစာအုပ်ဖြင့် ရခိုင်စာပေလောကတွင် မှတ်တိုင်တခုစိုက်ထူခဲ့သည်။

၁၉၈၄ ၊ ဧပြီတွင် မိုးဝေမဂ္ဂဇင်းမှာ စာရေးဆရာကြီးနတ်နွယ်၊ မောင်သွေးသစ်  တို့က ဆရာတော် ၏သဘောဆန္ဒကိုယူပြီး ပန်းအောင်ကလောင်အမည် ပြောင်းခဲ့ပြီး “ရင်တွင်းတိုက်ပွဲ” ဝတ္ထုတိုကို ဖော်ပြခဲ့သည်။

 ၁၉၈၈ ဇူလိုင် ၂၇ ရက်တွင် ဗာရာဏသီဆရာတော် ဘဒ္ဒန္တနန္ဒိယ (သံဃရာဇာနိကာယ ၊ လက်ထောက်ဂိုဏ်းအုပ်၊ ) ဆရာတော်၏ တာဝန်ပေးချက်အရ မြောက်ဦးမြို့နယ်၊ လေညှင်းတောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းထိုင်အဖြစ်ရောက်ရှိခဲ့ကြောင်းသိရသည်။

၁၉၉၃ တွင် နောင်အေး(အနောက်)၏ ရခိုင်ကဗျာဝေဖန်ရေးစာတမ်းကို “ချိန်ခါမဲ့မိုး” အမည်ရှိ တုံ့ပြန်ဝေဖန်ရေးစာတမ်းရေးသားခဲ့ပြီး ရခိုင်အရေးအသား ရှင်ပြန်ထမြောက်ရေး စတင် ခြေလှမ်းပြင်ဆင်ခဲ့သည်။

၁၉၉၄ ခုနှစ် ဘီဘီစီ မြန်မာပိုင်းကပြုလုပ်သည့် ဝတ္ထုတိုပြိုင်ပွဲတွင် “အားလုံးကိုကျော်ဖြတ်ရမည် ” ဝတ္ထုတိုဖြင့်အထူးဆုရရှိခဲ့သည်။

ဆရာတော်ပန်းအောင်စီစဥ်ထုတ်ဝေပြီး တပည့်ပဉ္ဇင်းကဗျာဆရာများ ရေးသားထားသည့် “ဂရုဏာဥယျာဥ်မှ ပန်းရနံ့များ” ကဗျာစာအုပ်ထဲမှ “သတင်းပို့ပါသည် ဘီဘီစီ” အမည်ရှိကဗျာမှာလည်း ဘီဘီစီမြန်မာပိုင်းမှ ဆုရရှိခဲ့ကြောင်းသိရသည်။

ဆရာတော်သည် ၁၉၉၈ ခုနှစ်တွင် “စုံလီ” ကဗျာစာအုပ်ကို စစ်ကြောသည့် စစ်တမ်းကိုရေးသားခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ဆဌမအကြိမ်မြောက် စာရေးဆရာမ မိုးမိုး(အင်းလျား)အမှတ်တရဝတ္ထုတိုပြိုင်ပွဲတွင် “ကြိုးထုံး” ဝတ္ထုတိုဖြင့်အထူးဆုရရှိခဲ့သည်။

 ၂၀၀၀ ပြည့်နှစ်တွင် စာရေးဆရာ မောင်းပြူး(သံတွဲ)၏ ဗုဒ္ဓလမ်းစဥ် စာတမ်းကို တုံ့ပြန်သည့်စာတမ်း ရေးသားပြီး စစ်တွေမြို့တွင်စာတမ်းဖတ်ကြားခဲ့သည်။

 ၂၀၀၁ ခုနှစ်တွင် စာရေးဆရာကြီး သခင်ဘသောင်း(၁၉၀၀- ၂၀၀၁) ရာပြည့်အထိမ်းအမှတ် တတိယအကြိမ် ဝါမိုးအောင် ဝတ္ထုတိုပြိုင်ပွဲတွင် “လှေတွဲစီး ခရီးသည်” ဝတ္ထုတိုဖြင့် အထူးဆုရရှိခဲ့သည်။

ဆရာတော်သည် ၂၀၀၅ ခုနှစ် ဇွန်လမှစတင်ပြီး ဆင်းရဲနွမ်းပါး၍ ပညာသင်ကြားနိုင်ခြင်းမရှိသည့် ဒေသခံကလေးသူငယ်များ အတန်းပညာ သင်ကြားတတ်မြောက်စေရန် ” ဂရုဏာဥယျာဥ် ပညာဒါန” ကျောင်းကို တည်ထောင်ခဲ့သည်။

အဆိုပါကျောင်းတွင်၂၀၁၃ ခုနှစ်ကစပြီး ကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ယင်းနှစ်အောက်တိုဘာလ ၇ ရက်တွင် “ဂရုဏာဥယျာဥ်ပညာဒါန” ကျောင်းမှာ ဘုန်းတော်ကြီး ပညာသင်ကျောင်း (ဘက)ကျောင်းအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

ဆရာတော်ပန်းအောင်သည် ရခိုင်သမိုင်းဆိုင်ရာနှင့် ပျောက်ကွယ်လု  ဖြစ်နေသည့် ရိုးရာဓလေ့ ဒြပ်မဲ့ယဥ်ကျေးမှုများကို အစဥ်တစိုက် ရေးသား ပြုစုခဲ့သလို စာပေသက်တမ်းတလျှောက် ကလောင်အမည်ခွဲ အနည်းဆုံး ၃၀ ကျော်လောက်ဖြင့် စာပေဝေဖန်ရေးစာတမ်းများကို ရေးသားပြုစုခဲ့ပြီး ရခိုင်စာပေလောကနှင့် အမျိုးသားရေးအခန်းကဏ္ဍများကို အကျိုးကျေးဇူးပြုခဲ့သည့် ပုဂ္ဂိုလ်ဖြစ်၍ ဆရာတော်ပျံလွန်တော် မူသွားခြင်းမှာ အဖိုးမဖြတ်နိုင်သည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ကြောင်း ရခိုင်စာပေလောကသားများက ပြောသည်။

https://www.facebook.com/narinjara.info/posts/772997474867384

Leave a Reply

Your email address will not be published.