စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်အတူရှိနေပါကြောင်း ညီနောင်သုံးဖွဲ့ ၁၀၂၇ စစ်ဆင်ရေး (၃) လပြည့်နေ့တွင်ထုတ်ပြန်

By Narinjara / 2024 January     28

မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသော စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်အတူရှိနေပါကြောင်း ညီနောင်မဟာမိတ်(၃) ဖွဲ့ မှ ဇန်နဝါရီ ၂၇ ရက် ၁၀၂၇ စစ်ဆင်ရေး (၃) လပြည့်နေ့တွင် ထုတ်ပြန်လိုက်သည်။

“ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်မှ ယနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက် အထိ စစ်ဆင်ရေးသုံးလတာပြည့်သည့်တိုင် မိမိတို့၏ စစ်ဆင်ရေး ရည်မှန်းချက်များမှာ ပွိုင့်ဇီးရိုးဇီးရိုးဝမ်း (.001) မျှပင် လျော့နည်းသွားခြင်းမရှိဘဲ မြန်မာပြည်သူ လူထုတစ်ရပ်လုံးလိုလားသော စစ်အာဏာရှင် စနစ်အမြစ်ပြတ်ရေးအတွက် မြန်မာပြည်သူ လူထုတစ်ရပ်လုံးနှင့်အတူရှိနေပါကြောင်း မိမိတို့ ညီနောင်မဟာမိတ်(၃) ဖွဲ့၏ မြန်မာပြည်သူ လူထုတစ်ရပ် လုံးအပေါ်ထားရှိသည့် မပြောင်းမလဲသော သဘောထားကို ထုတ်ပြန် ကြေညာအပ်ပါသည်” ဟု ပါရှိသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်တွင်လည်း “ စစ်အာဏာရှင်စနစ်ကိုအလိုမရှိသော ပြည်သူများအနေဖြင့်လည်း ယခုတစ်ကြိမ်သည် “နောက်ဆုံးအခွင့်အရေးနှင့် နောက်ဆုံးတိုက်ပွဲ” ဟူသော စိတ်ဓာတ်ခွန်အားဖြင့် ဆင်းရဲဒုက္ခမျိုးစုံကို ကြိတ်မှိတ်ခံစားရင်း စစ်အာဏာရှင်များကို ရရာ နည်းလမ်းဖြင့် တော်လှန် တိုက်ပွဲဝင်နေကြသည်မှာလည်း စစ်ကောင်စီမှ အာဏာစသိမ်းခဲ့သည့်အချိန်မှ ယနေ့အချိန်အထိ ပင်ဖြစ်ကြောင်း” ဖော်ပြထားသည်။

၎င်းပြင် စခန်းတစ်ခုပြီးတစ်ခုကို နေ့စဉ်ရက်ဆက် လက်လွှတ်ဆုံးရှုံးနေရသော စစ်ရှုံးစစ်ကောင်စီသည် ရှုံးမဲမဲပြီး အရပ်သား ပြည်သူလူထုများကိုသာ ဦးတည်ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် မြို့ရွာများကိုလေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများကိုသာ အဓိကထားပြုလုပ်လျက်ရှိသည်။
ဤကဲ့သို့သော စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ယုတ်မာသောလုပ်ရပ်မှာ မြန်မာနိုင်ငံအနှံ့ ဖြစ်ပျက်လျက်ရှိသည်။

မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ စိတ်ထဲတွင်လည်း ဤကဲ့သို့ ယုတ်မာအောက်တန်းကျသော ဖက်ဆစ်စစ်တပ်ကို အလိုမရှိတော့သည့်အပြင် ဤဖက်ဆစ်အကြမ်းဖက်တပ်ကို ဦးဆောင်နေသည့်သူများမရှိမှသာ ဤစစ်ဘေးဒုက္ခအန္တရာယ် မှ ကင်းလွတ်နိုင်မည်ဟု ကိုယ်တွေ့ကြုံနေရသော ပြည်သူလူထုတစ်ရပ်လုံးမှ အကြွင်းမဲ့ယုံကြည်လျက်ရှိကြသည်ဟု ဖော်ပြသည်။

၁၀၂၇ စစ်ဆင်ရေးမှ ထွက်ပေါ်လာသောရလဒ်၊ မြင်ကွင်းများသည် ယနေ့၊ ယခုအချိန်၌ အနစ်နာခံပေးဆပ်နေသော ပြည်သူများအတွက် ပေးဆပ်ရကျိုးနပ်သည်ကို သက်သေ ပြပေးနေခြင်းပင်ဖြစ်သည်။ တာဝန်ကျေသောပြည်သူများ၏ ပေးဆပ်မှု၊ အနစ်နာခံမှုများကို အသိအမှတ်ပြုသောအနေဖြင့် စစ်အာဏာရှင်စနစ်အား တော်လှန်နေကြသောသူများ အားလုံးအနေဖြင့် ယခုထက်ပိုမိုအားထုတ်ကြိုးစားကြရန် လိုအပ်နေသေးသည်။ ပိုမိုအားစိုက်ကြပါရန်လည်း ထပ်မံ တိုက်တွန်းလိုက်ပါသည်ဟု ပါရှိသည်။

https://www.facebook.com/narinjara.info/posts/784900613677070

Leave a Reply

Your email address will not be published.