(အေးဂျင့်အယောင်ဆောင်၍ လက်မှတ်လိမ်ရောင်းပြီး ငွေညစ်နေသူများလည်းရှိနေ)
By Western News / 2024 January 29
ရခိုင်ပြည် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ လေယာဉ်လက်မှတ်တစ်စောင်ကို ကျပ် ၂ သိန်းဝန်းကျင်ကနေ ကျပ် ၁၀ သိန်းဝန်းကျင်အထိ ဈေးမြင့်တက်နေပြီး ဝယ်သူများ၍ အေးဂျင့်အယောင်ဆောင်ကာ လက်မှတ်လိမ်ရောင်းသူများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။
ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော် AAနှင့် စစ်ကောင်စီတို့ စစ်ရေးအလွန်ပြင်းထန်နေ၍ ပြည်မဘက်မှ လာရောက်အလုပ်လုပ်နေသူများနှင့် ရခိုင်ပြည်သူအချို့မှာ ရန်ကုန်ဘက်သို့ စစ်ရှောင်ရန်ထွက်ခွာမှု များပြားလျှက်ရှိသည်။
ယင်ကဲ့သို့ ထွက်ခွာမှုများပြားနေ၍ လေယာဉ်မှတ်အရောင်းဌာနများမှာ လေကြောင်းကုမ္ပဏီများနှင့် ပူးပေါင်းကာ ဈေးမြှင့်ထားခြင်းကြောင့် ကျပ် ၁၀ သိန်းဝန်းကျင်အထိ မြင့်တက်နေရခြင်းဖြစ်သည်။
ရန်ကုန်သွားမည့် စစ်ရှောင်ရခိုင်တစ်ဦးက “လက်မှတ်တွေ ဈေးအရမ်းကြီးလို့ ကျနော်တို့ မိသားစု ၅ ယောက်သွားဖို့ တော်တော်လေး အခက်အခဲဖြစ်နေကြတာ။ လက်မှတ်တွေကလည်း မတ်လ ဒုတိယအပတ်လောက်မှ ရတယ်။ ကျနော်တို့က ဖေဖော်ဝါရီလထဲမှာ သွားချင်တာ။ လက်မှတ်က မရှိတော့ဘူး။ ရတဲ့လက်မှတ်ကလည်း တစ်စောင်ကို ကျပ် ၆ သိန်းအထက်မှာရှိနေကြတယ်။ ဒါဆို ကျနော်တို့ မိသားစုအတွက်က မတတ်နိုင်တော့ဘူးလေ” ဟု ပြောသည်။
တစ်ဖက်မှာလည်း ဖေဖော်ဝါရီလနှင့် မတ်လအတွက်ဟုဆိုကာ ဒီဇင်ဘာလကနေ လက်မှတ်ဖြတ်ထားသူများမှာ အလုအယက်ဝယ်ယူနေသော စစ်ရှောင်များနှင့် နေရပ်ပြန် အခြားတိုင်းရင်းသားများကို ကျပ် ၁၀ သိန်းအထိ တောင်ယူ ရောင်းချနေကြကြောင်း ဝယ်ယူရသူများထံမှ သိရသည်။
ရခိုင်ပြည်အတွင်း နိုင်ငံခြားအဖွဲ့အစည်းတစ်ခုတွင် အလုပ်လုပ်နေသူ ရှမ်းတိုင်းရင်းသူ အမျိုးသမီးတစ်ဦးမှာ အရေးပေါ်နေရာပြောင်းရွှေ့ရမည်ဖြစ်၍ ရန်ကုန်မြို့သွားရောက်ရန် လေယာဉ်လက်မှတ်တစ်စောင်ကို ကျပ် ၈ သိန်းကျော်ပေးပြီး ဝယ်ခဲ့ရကြောင်း ပြောသည်။
“ရခိုင်ပြည်အတွင်း စစ်ရေးမြင့်လာတာကြောင့် နိုင်ငံခြားအဖွဲ့အစည်း တော်တော်များက Relocation လုပ်ကြတယ်။ အင်တာနက်နဲ့ ဖုန်းလိုင်းမရတာလဲ ပါတာပေါ့နော်။ ဖေဖော်ဝါရီလအတွင်းမှာ ထွက်ခွာရမယ်လို့ပြောတယ်။ အဲဒီတော့ ဇာတိပြန်သူကပြန်၊ ရန်ကုန်ကို ခေတ္တပြောင်းသူကပြောင်း ချက်ချင်းသွားရမှာဆိုတော့ ကျပ် ၈ သိန်းကျော်ပေးပြီး ဝယ်လိုက်ရတာ။ ကျမ အသိတွေဆိုရင် ကျပ် ၁၅ သိန်းပေးရပေးရ အခုရရင်အခုဝယ်မယ်။ အခုသွားကြဖို့ လုပ်နေကြတာ ” ဟု ပြောသည်။
လေယာဉ်လက်မှတ်မှာ ဖေဖော်ဝါရီလနှင့် မတ်လ ဒုတိယအပတ်အထိကို ကျပ် ၃ သိန်းကနေ ကျပ် ၅ သိန်းဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း လက်မှတ်အရောင်းဌာနမှ ပြောပြချက်အရ သိရသည်။
စစ်တွေမြို့နေ ရခိုင်လူမျိုးများမှာလည်း ရန်ကုန်ဘက်သို့ ထွက်ခွာမှုများနေပြီး စစ်တွေမြို့လည်း ပေါက်တောမြို့ကဲ့ မကြာခင်ဖြစ်လာမည်ကို စိုးရိမ်၍ အလုအယက်ထွက်ခွာနေကြသည်။
ရန်ကုန်မြို့ စစ်ရှောင်မည့် စစ်တွေရှောင်တစ်ဦးက ” ဖေဖော်ဝါရီလနဲ့ မတ်လအတွင်းမှာ စစ်တွေမြို့လည်း ပေါက်တောမြို့ကဲ့ ဖြစ်လာမယ်လို့ ခန့်မှန်းနေကြတယ်။ ပိုက်ဆံရှိတဲ့သူတွေကတော့ ရန်ကုန်ဘက်ကို ဒီလကနေ သွားနေကြပြီ။ လက်မှတ်က မတ်လ ဒုတိယအပတ်အထိကို ပြည့်နေတာ။ အသက်က အရေးကြီးတယ်လေနော်။ ဘေးကင်းဖို့ထင်တဲ့နေရာကို သွားရတာပေါ့။ ရခိုင်ပြည်ထဲမှာ ကားလမ်းလဲမဖွင့်ဆိုတော့ ဘယ်ကိုမှ သွားလို့မရဘူး။ ရန်ကုန်တစ်ခုပဲရှိတယ် အခုသွားစရာနေရာက ” ဟု ပြောသည်။
ရက္ခိုင့်တပ်တော် AA ကလည်း ရခိုင်ပြည်က စစ်ကောင်စီကို နှင်ထုတ်နိုင်ရန် စစ်ကောင်စီ တပ်ရင်းတစ်ခုပြီးတစ်ခု တစ်မြို့ပြီးတစ်မြို့ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး လက်ရှိ ရခိုင်တစ်ပြည်လုံးတွင် နှစ်ဖက်တိုက်ပွဲက ပြင်းထန်နေကာ မြို့နယ် ၁၀ ခုထက်မနည်းမှာ AA နှင့် စစ်ကောင်စီသည် တိုက်ပွဲပြင်းထန်လျှက်ရှိနေသည်။
ထိုကဲ့သို့ တိုက်ပွဲပြင်းထန်နေခြင်းကြောင့် ရခိုင်ပြည်သို့ လာရောက်အလုပ်လုပ်နေသူ အခြားတိုင်းရင်းသားများနှင့် ရခိုင်ပြည်သူအချို့မှာ လေကြောင်းကနေ နေ့စဉ်မျှ ထွက်ခွာနေပြီး တစ်ရက်မှာ အနည်းဆုံး ၅၀၀ နှင့်မထက် ရှိကြောင်း လေဆိပ်ဝန်ထမ်းများထံမှ သိရသည်။
စစ်တွေ-ရန်ကုန် လေကြောင်းမှာ မြန်မာ့လေကြောင်း၊ မန်းရတနာပုံနှင့် Air KBZ တို့ရှိပြီး တစ်ရက်မှာ အနည်းဆုံး စုစုပေါင်း ၆ ကြိမ်ထက်မနည်း ရှိကြောင်း အဆိုပါ လေဆိပ်ဝန်းထမ်းက ဆိုသည်။
စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာမှု များပြားနေခြင်းကြောင့် တရားဝင်ရောင်းချနေသည့် လေယာဉ်လက်မှတ် အရောင်းဌာနအား အမည်ခံ၍ အယောင်ဆောင်အေးဂျင့်များမှ လိမ်လည်မှုများရှိကြောင်း လိမ်လည်ခံရသူများထံမှ သိရသည်။
လက်မှတ် လိမ်လည်ခံရသူတစ်ဦးက “ရွှေလူငယ် တံဆိပ်နဲ့ လေယာဉ်လက်မှတ် လိမ်ရောင်းတာ။ မတ်လက ပထမအပတ်အတွင်း ဝယ်တာ။ လက်မှတ်တစ်စောင် ကျပ် ၃ သိန်းကျော်နဲ့ဝယ်တာ။ ၄ စောင်။ အလိမ်ခံလိုက်ရတယ်။ လက်မှတ်က အတုဖြစ်နေတယ်။ ရောင်းသူကို ဆက်သွယ်လို့လဲ မရတော့ဘူး။ နောက်တစ်ယောက်ဆိုရင် မိသာစုအတွက် ၉ စောင်ဖြတ်တာ။ ရန်ကုန်ဘက်က အေးဂျင့် တစ်ယောက်ဆီမှာ ငွေကြိုလွှဲဆိုပြီး တစ်စောင်ကို ၃၃၀၀၀၀ ကျော်နဲ့ ၉ စောင်အတွက် လွှဲလိုက်တာ။ ငွေလွှဲပြီး နာရီပိုင်းမှာ ပြန်ဆက်သွယ်လို့ မရတော့ဘူး။ နောက်ထပ်လည်း အဲလို လိမ်လည်ခံသူတွေရှိနေတယ်” ဟု ပြောသည်။
Western News ၏ စုံစမ်းချက်အရ စစ်တွေ-ရန်ကုန်အတွက် လေယာဉ်လက်မှတ် လိမ်လည်ခံရသူ အနည်းဆုံး ၂၀ ကျော်ရှိပြီး လိမ်လည်သူများမှာ စစ်တွေမြို့ရှိ တရားဝင်ရောင်းချသူများ အမည်ကိုအသုံးပြု၍ လိမ်လည်သူများရှိသလို ရန်ကုန်ဘက်က လေယာဉ်လက်မှတ် အေးဂျင့်များလည်း လိမ်လည်မှုရှိနေကြောင်း သိရသည်။
လေယာဉ်လက်မှတ်များကို စိတ်ချယုံကြည်ရသည့် အေးဂျင့်များနှင့် အရောင်းဌာနများတွင် သေချာမေးမြန်း စိစစ်ပြီးမှ ဝယ်ယူကြရန် လိမ်လည်ခံရသူများက တိုက်တွန်းထားကြပြီး ဈေးနှုန်းအဆမတန် ရောင်းချသူများကို အရေးယူပေးဖို့လိုကြောင်း ဒေသခံများက ပြောဆိုကြသည်။
https://www.facebook.com/westernnewsagency/posts/827498872722874