By Narinjara / 2024 January 31
စစ်ကောင်စီသည် ရခိုင်တွင် ဖုန်းနှင့် အင်တာနက်များကို ပိတ်ထားပြီး တစ်ခြားတစ်ဖက်တွင် ကျေးရွာများကို မီးရှို့နေသည်ဟု သတင်းရရှိသည်။
ယနေ့နံနက်က ပုဏ္ဏားကျွန်းမြို့နယ် ဆားကုန်ပုတ်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးရှို့ခဲ့သလို မင်းပြားမြို့နယ် ကျားရဲပြင်ကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့သည်ဟု သတင်းရရှိသည်။
ဆားကုန်ပုတ်ရွာ ဒေသခံတစ်ဦးက ” ကျနော်တို့သိရတာက စစ်သားတွေက ရွာထဲကို အလိုလို ဝင်ပြီး မီးရှို့သွားတာ။ ရွာသားတွေက တစ်ယောက်မှ ရွာမှာ မရှိတော့ဘူး။ အခြေနေမကောင်းတော့ စစ်သားတွေ လှုပ်ရှားတာ တွေ့လို ကြိုတင်ပြေးသွားကြပြီ။ အိမ်ဘယ်နှစ်ဆောင်လောင်လဲဆိုတာ မသိရသေးဘူး။ နေဗီကလည်း လက်နက်ကြီးတွေနဲ့ ပစ်တယ်” ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။
၎င်းဆားကုန်ပုတ်ကျေးရွာသည် ပုဏ္ဏားကျွန်းမြို့နယ် တောင်ဘက်ပိုင်း၊ စစ်တွေရွှေမင်းဂံဆိပ်ကမ်း တစ်ဖက်ကမ်းတွင် တည်ရှိပြီး ၎င်းကျေးရွာ အနီးအနားကို ရွှေမင်းဂံနေဗီနှင့် ရဲတပ်ရင်း(၁၂) မှလက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသည်ဟု ၎င်းကျေးရွာသားကနိရဉ္စရာကိုပြောသည်။
” အခုလက်ရှိ နေ့လယ် ၁၂နာရီခွဲခန့်ထိ လက်နက်ကြီးနဲ့ နေဗီနဲ့ ရဲတပ်ရင်းက ဆက်တိုက်ပစ်နေတာ လက်နက်ကြီးကျည် အလုံး ၁၀၀လောက်ရှိပြီ။ ဆားကုန်ပုတ် အိုင်ဒင်နဲ့ တန်ခိုး အဲ့ဒီရွာဖက် တွေမှာ လက်နက်ကြီးကျည်တွေ ကျတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် လများအတွင်းကလည်း ဆားကုန်ပုတ်ရွာ၏ အနီးအနားတွင် တည်ရှိသည့် ရဲရိုးပြင်ကျေးရွာကိုလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေအိမ်များကိုဝင်ရောက် မီးရှို့ခဲ့သဖြင့် တစ်ရွာလုံးနီးပါးပြာကျခဲ့ရသေးသည်။
အလားတူ မင်းပြားမြို့နယ် ကျားရဲပြင်ကျေးရွာကိုလည်း နေဗီကတက်လာသော စစ်သားများက တစ်ရွာလုံး မီးရှို့သွားခဲ့ကြောင်း သိရှိရပြီး မီးရှို့၍ ပျက်စီးသွားသည့် နေအိမ်များကို ရိုက်ကူးထားသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသည်။ အဆိုပါကျေးရွာသို့လည်း ဖုန်းလိုင်းမရသဖြင့် ဆက်သွယ် မေးမြန်းနိုင်ခြင်းမရှိသေးပါ။
၎င်းပြင် စစ်တွေမြို့နယ် ညိုရောင်ချောင်းကျေးရွာတွင် လက်နက်ကြီးကျည်ကျ၍ ကလေးငယ် ၄ ဦး အပါအဝင် ၇ ဦးသေဆုံးကြောင်း သတင်းများထွက်ပေါ်နေပြီး နိရဉ္စရာသတင်းဌာနအနေဖြင့် ဖုန်းဆက်သွယ်၍ မရသဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။
အကြမ်းဖက်စစ်ကောင်စီ၏ နေအိမ်မီးရှို့မှု၊လက်နက်ကြီးကျည်များ ပစ်ခတ်သည့် လုပ်ရပ်များကြောင့် ရခိုင်က ပေါက်တော၊ ရမ်းဗြဲ၊ မြောက်ဦး အပါအဝင် မြို့နယ်အများအပြားတွင် နေအိမ်များမီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံပြည်သူ သုံးသိန်းနီးပါး နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်အဖြစ်သို့ ရောက်ရှိနေကြရသည်။(NN-11)
https://www.facebook.com/narinjara.info/posts/786744893492642