စစ်ကောင်စီက ” ရခိုင့်ဖိတ်ခေါ်သံ” တေးဂီတဖျော်ဖြေပွဲ Live show ပြုလုပ်မည်

By Narinjara / 2024 January     17

အကြမ်းဖက်စစ်ကောင်စီက ရခိုင်ပြည်တွင် မြေပြင် အမြောက်တပ်များဖြင့် သာမက လေကြောင်း၊ ရေကြောင်း ပါမကျန် ဗုံးကြဲ တိုက်ခိုက်မှုများ နေ့စဥ် ပြုလုပ်၍ ပြည်သူများ သေကြေပြီး မြို့လုံးကျွတ်၊ ရွာလုံးကျွတ် ထွက်ပြေးနေရချိန်တွင် ” ရခိုင့်ဖိတ်ခေါ်သံ” တေးဂီတဖျော်ဖြေပွဲ Live show တစ်ခုကို ပြုလုပ်ပြီး စစ်ကောင်စီ MRTV မှ ထုတ်လွင့်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ မြန်မာ့အသံတေးဂီတမှ ဇန်နဝါရီလ ၁၉ ရက်၊ ည ၉ နာရီထုတ်လွှင့်မည့် (၇၇) နှစ် မြောက် ပြည်ထောင်စုနေ့ဂုဏ်ပြုအစီအစဥ်တွင် “ရခိုင့်ဖိတ်ခေါ်သံ” အမည်ရှိ တေးဂီဖျော်ဖြေပွဲကို ရခိုင်တေးသံရှင်တချို့က ဖျော်ဖြေသွားမည်ဟုသိရသည်။

 အဆိုပါ” ရခိုင့်ဖိတ်ခေါ်သံ” တေးဂီတဖျော်ဖြေပွဲတွင် ရခိုင်တေးသံရှင်များ ဖြစ်သော စန်းလွင်၊ ကျော်ဆန်းလွင်၊ ကျော်ကျော်နိုင်၊ ခေတ်မင်းပိုင်၊ မြတ်မင်းခေါင်၊ ပြည့်ဖြိုးအောင်၊ ကေသီနွယ်နှင့် စိုးယုနန္ဒာတို့က ပါဝင်ဖျော်ဖြေ တင်ဆက်သွားမည်ဟုသိရသည်။

ပြည်ထောင်စုစိတ်ဓာတ်အမှန်တကယ်မရှိဘဲ ပြည်သူများကို အကြမ်းဖက် သတ်ဖြတ်နေသည့် စစ်ကောင်စီ၏ အတုအယောင် ပြည်ထောင်စုနေ့တွင် တက်တက်ကြွကြွပါဝင်ခြင်းမှာ စစ်အာဏာရှင် စနစ်ကိုထောက်ခံခြင်းဖြစ်ပြီး ရခိုင်ပြည်သူတရပ်လုံးကို စော်ကားလိုက်ခြင်းဖြစ်ကြောင်း ပါဝင် ဖြေဖျော်ကြမည့်သူများနှင့် ပတ်သက်ပြီး ရခိုင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဝေဖန် ပြောဆိုလိုက်သည်။

 ” ဂီတသမားက ဂီတအလုပ်လုပ်တယ်ဆိုတာကတော့ မဆန်းဘူးလို့ ပြောကြလိမ့်မယ်။ ဒါပေမယ့် ပြည်ထောင်စုစိတ်ဓာတ်မရှိတဲ့ စစ်အာဏာရှင် အနေနဲ့ပြည်ထောင်စုနေ့ကိုပြုလုပ်တယ်ဆိုတာက အတုယောင် လုပ်ရပ်တွေလုပ်ခြင်းဖြစ်ပါတယ်။ ဒီလုပ်ရပ်ကိုအားပေးတယ်ဆိုရင် အာဏာရှင်ကို ထောက်ခံတာဖြစ်တယ်။ ဂီတသမားကဂီတ အလုပ်လုပ်တာ မဆန်းပေမယ့် ဒီလိုပွဲမျိုးမှာ တက်တက်ကြွကြွနဲ့ ပါဝင်တယ်ဆိုတာက စစ်တပ်ကိုထောက်ခံတာနဲ့အတူတူပဲ” ဟု သူကပြောသည်။

 ရခိုင်ပြည်တွင်း ပြည်သူများကို အကြမ်း ဖက်စစ်ကောင်စီက နေ့စဥ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် မတရားဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်၍ ပြည်သူများဒုက္ခပင်လယ်ဝေနေချိန် ရခိုင်တေးသံရှင်များ အနေဖြင့် စစ်တပ်နှင့်ပူးပေါင်းပါဝင်ခြင်းမှာ ပြည်သူကို သွယ်ဝိုက်၍ အကြမ်းဖက် သတ်ဖြတ်ခြင်းပင် ဖြစ်ကြောင်း သူကဆက်ပြောသည်။

 ” ဒီလောက်ပြည်သူတွေ အသက်အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးနေကြရတယ်။ ထိခိုက်သေဆုံးမှုတွေ ဖြစ်နေတဲ့အချိန်မှာ အာဏာရှင်နဲ့ ပူးပေါင်းတယ် ဆိုတာက ပြည်သူတွေကိုတိုက်ရိုက်မဟုတ်ပေမယ့် သွယ်ဝိုက်ပြီး အကြမ်းဖက် တာနဲ့အတူတူပါပဲ” ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလလယ်ပိုင်းမှစတင်ကာ ရခိုင် ပြည်နှင့် ချင်းပြည်အတွင်း ရက္ခိုင့်တပ်တော်က စစ်အာဏာရှင်အမြစ်ပြတ်တိုက်ပွဲဖော်ဆောင်နေပြီး စစ်ကောင်စီထိန်းချုပ်ခဲ့ရာဒေသတချို့နှင့် ဗျူဟာကုန်း၊ စစ်စခန်း အများအပြားကို သိမ်းပိုက်ထိန်းချုပ်နိုင်ထားခဲ့သည်။

 ထိန်းချုပ်နယ်မြေနှင့် စခန်းဗျူဟာကုန်းအများအပြား လက်လွှတ်လာရသည့် စစ်ကောင်စီမှာ တိုက်ပွဲများ အတွင်း ပြည်သူလူထုနေရာ မြို့နှင့်ကျေးရွာများကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ နေဗီမှပစ်ခတ်မှုတို့ကို အဓိကပြုလုပ်နေပြီး နေ့စဥ်ရခိုင်ပြည်သူများသေကြေမှုထိခိုက်မှုရှိနေသလို မြို့လုံးကျွတ်၊ရွာလုံးကျွတ်ထွက်ပြေးနေကြရသည်။

 ရခိုင်မှ မြောက်ဦး၊မင်းပြား၊ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရမ်းဗြဲမြို့တို့မှာ စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု၊ နေဗီမှလက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့ကြောင့် မြို့လုံးကျွတ် ထွက်ပြေးနေကြရဆဲ ဖြစ်သည်။(NN-23)

https://www.facebook.com/narinjara.info/posts/778257981008000

Leave a Reply

Your email address will not be published.