By Narinjara / 2024 January 13
ရခိုင်ပြည်၊ ကျောက်တော်မြို့၏ အရှေ့ဘက် (၁၉) မိုင်ခန့်အကွာ ဗဟိုပြု၍ ယနေ့ ညနေ ၉ နာရီ ၅၅ မိနစ်ခန့်က အင်အား ရစ်(ခ်)တာစကေး (၄ ဒသမ ၂) အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ကြောင်း မြန်မာမိုးဇလက သတင်း ထုတ်ပြန်သည်။
၎င်းငလျင် လှုပ်မှုမှာ အချိန်အများကြီး မကြာခဲ့သော်လည်း ရခိုင်က မြို့နယ်အချို့တွင် တွေ့ထိ ခံစားခဲ့ကြရသည်ဟုဆိုသည်။
စစ်တွေမြို့တွင် ယနေ့ဇန်နဝါရီ ည ၉ နာရီ ၅၅ မိနစ်တွင် ပြင်းအား အနည်းငယ် ရှိသည့် ငလျင်လှုပ်ခတ်ခဲ့သည်ကို သိရှိလိုက်သည်ဟု စစ်တွေ ဒေသခံအမျိုးသမီး တစ်ဦးက နိရဉ္စရာကို ပြောသည်။
” ငလျင်လှုပ်တာ အရမ်းကြီးတော့မကြာခဲ့ဘူး။ခေါင်းတွေပါမူးသွားတယ်” ဟုပြောသည်။
အလားတူ ဘူးသီးတောင်မြို့နယ်တွင်လည်း တစ်ချိန်ထဲတွင် ငလျင် လှုပ်ခတ်ခဲ့သည်ဟု ဘူးသီးတောင် မြို့ခံတစ်ဦးက နိရဉ္စရာကိုပြောသည်။
” မိုင်းတွေပေါက်ကွဲကျလို့မြေထိန့်တယ်ထင်တာမဟုတ်ဘူး။ ငလျင်တကယ် လှုပ်ခဲ့တာ ပြင်းတယ်လို့ပြောလို့ရတယ်” ဟုပြောသည်။
အလားတူ ရသေ့တောင်၊ကျောက်ဖြူတို့တွင်လှုပ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁) နာရီ၊ (၅၄) မိနစ်၊ (၂၄) စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကျောက်တော်မြို့၏ အရှေ့ဘက် (၁၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၈၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၃၉) ဒီဂရီ၊ အနက် (၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်ဟု မိုးဇလကလည်း သတင်းထုတ်ပြန်ထားသည်။(NN-11)
https://www.facebook.com/narinjara.info/posts/775136617986803