ကျောက်တော်နဲ့ မင်းပြားက စစ်ကောင်စီစခန်းတချို့ AA သိမ်းပိုက်

By VOA / 2024 January   31

ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျောက်တော် မြောက်ဦး မင်းပြား ရသေ့တောင်နဲ့ ဘူးသီး တောင်မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာပါ။ AAရက္ခိုင့်တပ်တော်အနေနဲ့သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး မနေ့ကဆိုရင်လည်း  စကစ(၉)လက်အောက်ခံ ကျောက်တော်အခြေစိုက် ခမရ(၃၇၄)တပ်ရင်းတခုလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မင်းပြားမြို့နယ် ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေထဲက တခုဖြစ်တဲ့ စကစ(၉)လက်အောက်ခံ ခမရ(၃၈၀)တပ်ရင်းကိုဒီရက်ပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ AAရက္ခိုင့်တပ်တော်ရဲ့မနေ့က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ လက်ရှိမှာလည်း အဲဒီမြို့နယ်တွေမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြို့တွင်းနေအိမ်တွေ မီးလောင်တာတွေရှိနေတယ်လို့ မြောက်ဦးဒေသခံ စစ်ဘေးဒုက္ခသည်တဦးကပြောပါတယ်။

“ ဒီရက်ပိုင်းမှာ ဆိုလို့ရှိရင် မြောက်ဦးတို့ မင်းပြားတို့ဘက်မှာ တိုက်ပွဲ အရမ်းပြင်းထန် နေတယ် လို့သိရတယ်။ ဂျက်တိုက်လေယာဉ်တွေနဲ့ နေ့တိုင်းပစ်ခတ်နေတယ် မြို့တွင်းမှာဆိုရင်လည်း မီးလောင်တာတို့နေ့တိုင်းရှိနေတယ်လို့ ညီမတို့ တဆင့်ခံသိရတယ်။” 

လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ရခိုင်ပြည်နယ်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေတာပါ။ အထူးသဖြင့် တိုက်ပွဲ အကြီးအကျယ်ဖြစ်နေတဲ့ ကျောက်တော် မြောက်ဦး မင်းပြားနဲ့ ရသေ့တောင် မြို့နယ်တွေမှာ ဆက်သွယ်ရေးလိုင်းတွေ အားလုံးပြတ်တောက် နေပါတယ်။ အခုလို ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေတာကြောင့် အဲဒီဒေသမှာရှိနေတဲ့ ဒေသခံတွေ နဲ့လည်း အဆက်အသွယ်ပြတ်တောက်နေသလို ကျန်ခဲဲ့တဲ့ မိသားစုဝင်တွေနဲ့ ဒေသခံတွေ အတွက် ပိုပြီးတော့ စိုးရိမ်ရတယ်လို့ မြောက်ဦးမြို့နယ်ကနေ ထွက်ပြေးတိမ်း ရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တဦးကပြောပါတယ်။

“ ဒီလအစပိုင်းကစပြီးတော့ ဖုန်းလိုင်းအဆင်မပြေတာတွေဖြစ်တယ်၊ ဒီအတောအတွင်းမှာဆိုရင် လုံးဝ ပြတ်တောက်သွားတဲ့ အနေအထားပေါ့ အခုဆိုလို့ရှိရင် အခုဆိုရင် Mytel တခုပဲ ရတယ် အဲဒါတောင် ညီမတို့က တခြားတနေရာမှာမို့လို့ပေါ့နော်၊   မင်းပြားတို့ မြောက်ဦးတို့ဆိုလို့ရှိရင် ဖုန်းလိုင်းက တခုမှ မရတဲ့အနေအထားမှာရှိတယ်၊ ညီမမှာဆိုရင် ရွာမှာကျန်ခဲ့တဲ့ မိသာစုဝင်တွေနဲ့ အဆက်အသွယ် လုံးဝမရဘူး၊ ရက်ပေါင်း ၂ဝလောက်ရှိနေ ပါပြီ တခြားသူတွေမှာလည်း အဲလိုပါပဲ။ သူတို့ဘာဖြစ်နေလဲ ကိုယ်ဘာဖြစ်နေလဲဆိုတာလည်း သူတို့မသိရတော့ ပိုပြီးတော့ စိုးရိမ်ပါတယ်။ အဲမှာ လက်နက်ကြီးတွေ ဘာတွေကျပြီး အသက်သေဆုံးသွားပြီလား မိသားစုဝင် တယောက်ယောက်ဆုံးသွားပြီလား မသိရဘူး အရမ်းစိုးရိမ်မိတယ်။” 

https://www.facebook.com/VOABurmese/posts/787167520105272

Leave a Reply

Your email address will not be published.