By Western News / 2023 December 9
စစ်ကောင်စီမှ လမ်းကြောင်းပိတ်ဆို့ထားသည့် ရခိုင်ဖက် ဆေးရုံဆေးခန်းများတွင် ဆေးဝါး ပြတ်လပ်လာမှုအခြေနေမှာ စိုးရိမ်ရသည့်အနေအထားတွင် ရှိနေပြီဖြစ်ကြောင်း ဆေးဖက်ဆိုင်ရာဝန်ထမ်းများမှ တစ်ဆင့် သိရသည်။
နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ပိတ်ဆို့ခံလိုက်ရသည့် လမ်းကြောင်းအခြေနေကြောင့် ရခိုင်ပြည်တွင်း ကုန်စည်စီးဆင်းမှုမှာရပ်တန့်ခဲ့ပြီး ဆေးဝါးအပါအဝင် စားသောက်ကုန်များ ပြတ်လပ်သည့် အနေထားဖြင့် ကြုံတွေ့လာနေရပြီဖြစ်သည်။
ထိုအထဲမှ အသက်ရှင်သန်မှုအတွက် လိုအပ်ချက်ဖြစ်သည့် ဆေးဝါးမှာလည်း ပြတ်လပ်မှုပိုလာပြီး ဆေးရုံဆေးခန်းများတွင် လက်ကျန်ဆေးဝါးများဖြင့်သာ လည်ပတ်လျှက်ရှိနေကြရသည်ဟု ကျောက်ဖြူမှ သူနာပြုတစ်ဦးကပြောသည်။
“ဆေးဝါး အဝင်မရှိပါဘူး။ လက်ကျန်ဆေးတွေနဲ့ပဲလည်ပတ်နေကြရတယ်။ ဒီဇင်ဘာလကုန်ရင်တော့ ဆေးတွေ အကုန်ပြတ်သွားနိုင်တဲ့အနေအထားမျိုးတောင်ဖြစ်နေတယ် ” ဟုပြောသည်။
ကျောက်ဖြူမြို့နယ်မှာ ကျေးလက်နှင့် မြို့ပေါ်ရပ်ကွက်များသို့ဆက်သွယ်သည့် ရေလမ်း၊ ကုန်လမ်းများကိုပါ ပိတ်ဆို့ခံထားရသည့် မြို့နယ်တစ်ခုဖြစ်သည့်အတွက် ကျန်းမာရေးနှင့်ပတ်သက်၍ များစွာအခက်တွေ့နေကြရပြီး မြို့ပေါ်ဆေးရုံသို့ လာရောက်ခွင့်မရသည့် ကျေးလက်မှပြည်သူများမှာ အသက်ဆုံးရှုံးရသည့်ဖြစ်စဉ်များလည်း ရှိနေကြောင်း မြို့နေလူထုမှ တစ်ဆင့်သိရသည်။
ရန်ကုန်နှင့် လေကြောင်းအဆက်သွယ်ရနေသည့် စစ်တွေမြို့တွင်ပင်လည်း ဆေးဝါးပြတ်လပ်မှုများရှိလာပြီး ဆေးဝါးကုမ္ပဏီများမှ မှာယူ၍ မရတော့သည့် ဆေးဝါးများလည်းရှိလာသည်ဟု စစ်တွေမှ ဆေးဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။
“ဆေးတွေကပြတ်နေတာပိုများလာတယ်။ ဆေးကုမ္ပဏီတွေကလည်း လက်ကျန်ဆေးတွေနည်းတော့ မှာမရတာတွေ များတယ်။ ပြီးတော့ သယ်ယူစရိတ်အရမ်းကြီးသွားတယ်။ အရင်က ၁ ကီလို ၃၀၀၀ နဲ့သယ်လို့ရပေမယ့် အခု ၁၀၀၀၀ ဖြစ်နေတော့ ရတဲ့ဆေးတွေလည်း စျေးမြင့်တယ် ” ဟုပြောသည်။
ဆေးဆိုင်များအပြင် ဆေးရုံဆေးခန်းများတွင်လည်း ယခင်ကဲ့သို့ ဆေးဝါးဖူလုံမှုမရှိတော့ဘဲ ရသည့်ဆေးဝါးများဖြင့် အဆင်ပြေအောင်အသုံးပြုနေကြရကြောင်း စစ်တွေရှိ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် လုပ်ကိုင်နေသည့် သူနာပြုများက ဆိုသည်။
ဆေးဝါးပြတ်လပ်မှုများတွင် ရောဂါအမျိုးအစားပေါ်တည်၍ အစားထိုးအသုံးပြု၍ရသည်အခြေနေများရှိ သော်လည်း ဆေးဝါးတစ်မျိုးတည်း စွဲမြဲသောက်သုံးနေရသည့် ရောဂါဝေဒနာရှင်များအတွက်မူ ဆေးဝါးပြတ်လပ်မှုမှာ ပိုဆိုးရွားသည်ဟု မြောက်ဦးမှ ဆေးဖက်ဆိုင်ရာဝန်ထမ်းတစ်ဦးကပြောသည်။
“ပြတ်နေတဲ့ဆေးတွေကတော့အများကြီးပဲ။ ဒါပေမယ့် အစားထိုးအနေနဲ့ တစ်ချို့ဆေးတွေအသုံးပြုနေရတာ တွေရှိတယ်။ ဒါကရောဂါအပေါ်မူတည်ပြီးပေါ့နော်။ ဆေးအမျိုးအစား တစ်မျိုးတည်းပဲသုံးလို့ရတဲ့ ဥပမာ HIV တို့ Tb တို့လို ရောဂါဝေဒနာရှင်တွေဆိုရင် သူတို့အတွက် ဆေးဝါးပြတ်လပ်မှုက တော်တော်ဆိုးတယ် “ဟုပြောသည်။
ရခိုင်တွင် ပြီးခဲ့သည့် တကျော့ပြန်တိုက်ပွဲကာလအတွင်းကလည်း စစ်ကောင်စီမှ မြို့နယ်အလိုက် ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည့်အတွက် ပြည်နယ်တွင်း ဆေးရုံဆေးခန်းများတွင် တစ်ခါသုံးဆေးဝါးပစ္စည်းများ အပါအဝင် ဆေးဝါးအများအပြား ပြတ်လပ်မှုတို့ ရှိခဲ့သည်။
လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲကာလတွင်လည်း စစ်ကောင်စီ၏ ရခိုင်ဖက် လမ်းကြောင်းပိတ်ဆို့ထားမှုမှာ သီတင်းပတ် ၃ ပတ်ကျော်အထိ ကြာမြင့်လာပြီဖြစ်ပြီး ထိုကာလအတွင်း ရခိုင်ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့မှာ တစ်စတစ်စဆိုးရွား လာခဲ့ကာ သန်းနှင့်ချီသည့်ပြည်သူများ၏ လူ့အခွင့်ရေး ဆက်တိုက်ချိုးဖောက်ခံရလျှက် ရှိနေသည်။
လက်ရှိ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့၏ စစ်ရေးအရှိန်မှာ ဆက်လက်တင်းမာနေဆဲဖြစ်ပြီး ရခိုင်ဒေသအပြင် ချင်းပြည်နယ် ပလက်ဝတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျှက်ရှိနေသည်။
ထိုအခြေနေနောက်ဆက်တွဲ အနေဖြင့် စစ်ကောင်စီဖက်မှ ရခိုင်ပြည်တွင်း ပိတ်ဆို့ကန့်သတ်မှုများကိုလည်း ဖြေလျော့လာခြင်းမရှိသေးဘဲ ဆက်လက်တင်းကျပ်ထားဆဲပင်ဖြစ်သည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/795710962568332