ရခိုင်တိုက်ပွဲနှင့် ပတ်သက်၍ စစ်ကောင်စီက စဉ်ဆက်မပြတ် လိမ်လည်နေ

By Western News / 2023 December     1

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲများအပါအဝင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်ဆုံးရှုံးမှုများကို အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ရာတွင် စဉ်ဆက်မပြတ် လိမ်လည်ထုတ်ပြန်နေသည်ကို တွေ့နေရသည်။

အရပ်သားနေအိမ်များ၊ ဘာသာရေးအဆောက်အဦများနှင့် အရပ်ဘက်အဆောက်အဦတို့တွင် တပ်စွဲနေရာယူခြင်း၊ ပစ်ခတ်ခြင်းများ မပြုလုပ်ကြောင်း ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ သတင်းထုတ်ပြန်ရာတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက လိမ်လည်ပြောဆိုလိုက်သည်။

အရပ်သားနေအိမ်များနှင့် အရပ်ဘက်အဆောက်အဦနေရာများမှ အကာအကွယ်ယူ၍ AA က စပြီး မပစ်ခတ်သရွေ့ တပ်မတော်ဖက်ကလည်း ပစ်ခတ်မည်မဟုတ်ကြောင်းနှင့် AA က စတင်ပစ်ခတ်သောကြောင့် ယင်းနေရာကို စစ်ဘက်ဆိုင်ရာ အဆောက်အဦအဖြစ်သတ်မှတ်၍ ပြန်လည်ပစ်ခတ်ရခြင်းဖြစ်ကြောင်း စစ်ကောင်စီက အကြောင်းပြသည်။

ယမန်နေ့က ပေါက်တောမြို့ အထက်တန်းကျောင်းအနီးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အထက်တန်းကျောင်းနှင့် ပြည်သူပိုင်အဆောက်အဦဖြစ်သည့် ကျန်းမာရေးအဆောက်အဦများမှ အကာအကွယ်ယူကာ AA သည် တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

အရပ်ဘက်အဆောက်အဦ၊ ပြည်သူပိုင်အဆောက်အဦများမှ နေ၍ AA မှ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပေါက်တောအထက်တန်းကျောင်းကို တပ်မတော်ဘက်က ပြန်လည်ပစ်ခတ်ခဲ့ခြင်းသာဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗြောင်လိမ်ပြောဆိုခဲ့သည်။

စစ်ကောင်စီတပ်များသည် ပြည်သူပိုင်အဆောက်အဦများနှင့် ဘုရားပုထိုးစေတီများကို အကာအကွယ်ယူ၍ တိုက်ခိုက်နေသည်မှာ ပေါက်တောမြို့ လောကထိပ်ပန်ဘုရားရင်ပြင်၌ တပ်စွဲခဲ့သည်က သက်သေဟု ပေါက်တောဒေသခံတစ်ဦးက ပြောသည်။

“လောကထိပ်ပန်ဘုရားရင်ပြင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို AA က ရှင်းလင်းပြီး စစ်ကောင်စီတပ်သားတွေ သေဆုံးနေတဲ့ AA ထုတ်ပြန်တဲ့ ဗီဒီယိုင်က သက်သေပါပဲ။ စစ်ကောင်စီဟာ ဘယ်လောက်ပဲ ပြည်သူတွေကို လိမ်လိမ် ပြည်သူတွေကတော့ စစ်ကောင်စီတပ်သားတွေဟာ ဘယ်လိုမျိုးဆိုတာ သိကြပါတယ်။ အထက်က ခေါင်းဆောင်တွေက ဘယ်လောက်ပဲ ငြင်းငြင်း အောက်က တပ်သားတွေကတော့ ပြည်သူတွေရဲ့ နေအိမ်တွေကို ပစ်ခတ်နေတာပဲ။ မီးရှို့နေတာပဲ။ ဘုရားပုထိုးနဲ့ အရပ်သားအဆောက်အဦတွေကို အကာအကာအကွယ်ယူနေတာပါပဲ” ဟု ပြောသည်။

စစ်ကောင်စီ၏ နေဗီများ၊ အမြောက်တပ်များနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ပေါက်တောမြို့၏ ၇၀ ရာခိုင်နှုန်းမှာ မီးလောင်ပြာကျသွားပြီဖြစ်ပြီး မြို့မဈေးလည်း မီးလောင်ဆုံးရှုံးသွားပြီဟု မျက်မြင်ဒေသခံများက ပြောဆိုထားကြသည်။

မျက်မြင်တစ်ဦးက ” စစ်ကောင်စီရဲ့ ခေါင်းဆောင်တွေက ပြည်သူပိုင် အဆောက်အဦနဲ့ ပြည်သူတွေကို မပစ်ခတ် မတိုက်ခိုက်ဘူးပြောတာဟာ လူ့အသိစိတ်ကင်းမဲ့စွာနဲ့ လိမ်လည်နေတာပါပဲ။ ဒီနေ့မှာလည်း ပေါက်တောမြို့ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်။ ပြီးတော့ စစ်ရေဟတ်ယာဉ်နဲ့ နံနက် ၁၁ နာရီလောက်နေ ၁၂ နာရီကျော်လောက်အထိ စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာ။ ဒါက လိမ်လို့မရဘူး။ ကျနော်တို့က မြင်နေရတာ” ဟု ပြောသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်အင်အား ၁၈၀ ခန့်က လာရောက်တပ်စွဲခဲ့ပြီး ယင်းနေ့မှာပင် ပေါက်တောပြည်သူ ဒါဇင်နှင့်ချီကို သတ်ဖြတ်ခဲ့ပြီး သံဃာ တစ်ပါးအပါအဝင် အရပ်သား ၄ ဦး အလောင်းကို မိသားစုဝင်များမပါဘဲ တပ်မတော်သားများက သင်္ဂြိုဟ်ခဲ့သည်ကို ပေါက်တော ပြည်သူများက မြင်တွေ့လိုက်ရသည်။

ဆက်လက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် မွေးကင်းစကလေးများအပါအဝင် ပေါက်တော ပြည်သူ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ စိုက်ပျိုးရေးရုံးတွင် ထမင်းငတ်ဟင်းငတ်ထားပြီး ကျန်အရပ်သားများကိုလည်း နေအိမ်နှင့် မြို့ပြင်သို့ မထွက်ရဘဲ လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ထားခဲ့သည်။

ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက “စစ်ကောင်စီဟာ ပြည်သူတွေကို အကာအကွယ်ပေးတယ်လို့ ထုတ်ပြန်တယ်။ တစ်ဖက်မှာ ဘာမှမဆိုင်တဲ့ ပြည်သူတွေကို ဖမ်းထားတယ်။ အကာအကွယ်ပေးတယ်ဆိုရင် ပြည်သူတွေကို ဘေးကင်းရာဆီကို ပို့ပေးရမှာပေါ့။ မပို့ပေးတဲ့အပြင် ဖမ်းဆီးထားတယ်။ သတ်ဖြတ်တာတွေ လုပ်တယ်။ ပြီးရင် AA ကို ထိုးချတယ်။ AA လိုက်ထုတ်လို့ ပေါက်တောက ပြည်သူ သောင်းနှင့်ချီ ထွက်ပြေးသွားပါတယ်ဆိုတဲ့ဟာမျိုး ပြောတယ်။ တကယ်တော့ အဲဒီ ၁၆ ရက်နေ့က စစ်ကောင်စီ နေဗီက လက်နက်ကြီးတွေနဲ့ တရပ်စပ်ပစ်ခတ်လို့ ပေါက်တောမြို့သူမြို့သားတွေဟာ ထွက်ပြေးရတာပါ” ဟု ပြောသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကုန်လားတန်မြစ်ကြောင်းတွင် သွားလာနေသည့် စစ်ကောင်စီ နေဗီက ပုဏ္ဏားကျွန်းမြို့မဈေးကို လက်နက်ကြီး လှမ်းပစ်ခြင်းကြောင့် ဈေးတစ်ခုလုံး မီးလောင်ပြာကျသွားခဲ့ရသည်။

ပုဏ္ဏားကျွန်းမြို့မဈေးမှာ တပ်မတော်သားများ၏ လက်ချက်မဟုတ်ကြောင်းနှင့် AA ၏ အချိန်ကိုက်မီးရှို့ခြင်းသာဖြစ်သည်ဟု စစ်ကောင်စီက ဗြောင်ဗြောင်တင်းတင်း လိမ်လည်ခဲ့သည်။

ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက ” ဦးရာဇ်တောင် မင်းကန်အနီးမှာရှိတဲ့ စစ်ကောင်စီ နေဗီက ပစ်ခတ်လိုက်တာပါ။ နှစ်ဖက်တိုက်ပွဲတွေမရှိဘဲ ရည်ရွယ်ချက်ချက်ရှိရှိနဲ့ မြို့မဈေးကို ပစ်ခတ်လိုက်တာပါ။ ပြည်သူတွေကို ဦးတည်ပစ်ခတ်နေတာပါ” ဟု ပြောသည်။

မီးလောင်မှုခြင်းတားဆီးရန် ပုဏ္ဏားကျွန်း မီးသတ်တပ်ဖွဲ့မှ မီးသတ်ကားလာရောက် မီးငြိမ်ရန် ပြင်ဆင်ခဲ့သော်လည်း ယင်းမြို့ရှိ စစ်ကောင်စီ၏ ၅၅၀ တပ်ရင်းမှ တားဆီးထားသောကြောင့် မီးသတ်ကားများမှာ အချိန်မီ မီးမငြိမ်းနိုင်ခဲ့ကြပေ။

နိုဝင်ဘာလ ၁၃ ရက်နေ့က ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာရှိ နယ်မြေရဲစခန်းမှာ AA ထံ စခန်းတစ်ခုလုံး လက်နက်နှင့်အတူ လက်နက်ချအလင်းဝင်သွားခြင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက AA မတိုက်ခိုက်ဘဲ အပေါက်ဝကျေးရွာကို နေဗီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီ နေဗီ၏ လက်နက်ကြီးကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့သည့် ရခိုင်ပြည်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီ၏ သတ်ဖြတ်မှု၊ လက်နက်ကြီးများကြောင့် အရပ်သားပြည်သူ ၃၀ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၀ ဦးထက်မနည်းရှိပြီဖြစ်သည်။

အသက်မပြည့်သေးသည့် ကျောင်းသားလူငယ်များအပါအဝင် ဖမ်းဆီးခံရသူ ၁၀၀ ကျော်ရှိပြီး အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ လူပေါင်း သိန်းနှင့်ချီ ရှိနေကြောင်း စုံစမ်းသိရသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/791209443018484

Leave a Reply

Your email address will not be published.