ရခိုင်စစ်ရေး အလွန်ပြင်းထန်နေချိန်တွင် စစ်တပ် ကျော့ထောက်နောက်ခံပြု YMBA ရခိုင်သို့ ရောက်ရှိလာ

(ရခိုင်နှင့် မွတ်ဆလင်ကြား ပဋိပက္ခကြီးအောင် မဘသ လှုံ့ဆော်ခဲ့သလို YMBA ကိုလည်း ဒေသခံများ စိုးရိမ်နေ)

By Western News / 2023 December     30

ပုံစာ- ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က စစ်တွေမြို့ ရွှေစေတီဘုန်းတော်ကြီးကျောင်းတွင် YMBA ရခိုင်၏ ဩဝါဒခံယူတွေ့ဆုံမိတ်ဆက်ပွဲကို ပြုလုပ်ခဲ့စဉ်။ (ဓါတ်ပုံ – Shwe Zeddy facebook)

ရခိုင်တွင် စစ်ရေးအလွန်ပြင်းထန်နေချိန် မြန်မာစစ်တပ် (စစ်ကောင်စီ) ကျော့ထောက်နောက်ခံပြုထားသည့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA ရခိုင်ပြည်သို့ ရောက်ရှိလာကြောင်း သိရသည်။

ယမန်နေ့ဒီဇင်ဘာလ ၂၉ ရက်နေ့က စစ်တွေမြို့ ရွှေစေတီဘုန်းတော်ကြီးကျောင်းတွင် YMBA ရခိုင်၏ ဩဝါဒခံယူတွေ့ဆုံမိတ်ဆက်ပွဲကို ပြုလုပ်ခဲ့ကြောင်း ရွှေစေတီကျောင်းထိုင်ဆရာတော်က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်အတွင်း အမျိုး ဘာသာ သာသနာ ပညာ လုပ်ငန်းစဥ်များကို တတ်နိုင်သည့်ဖက်က ဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA (ရခိုင်ပြည်) ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ရွှေစေတီကျောင်းထိုင်ဆရာတော် ဒေါက်တာဘဒ္ဒန္တအရိယဝံသ က မိန့်ထားသည်။

YMBA (ရခိုင်ပြည်) ကို ပြီးခဲ့သည့် ၁၀ နှစ်ခန့်က စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၈ ခုနှစ်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် အသင်းလှုပ်ရှားများ ရပ်တန့်ထားခဲ့ရကြောင်းနှင့် ရန်ပုံငွေများ ပြန်လည်စုစည်းရန် လက်ရှိပြန်လည် လှုပ်ရှားလာခြင်းဖြစ်ကြောင်း ရွှေစေတီဆရာတော်က မိန့်ကြားသည်။

ရခိုင်ပြည်အတွင်း စစ်ရေးအရှိန်မြင့်နေသည့်အချိန် စစ်ကောင်စီကလည်း ဘူးသီးတောင်၊ မောင်တောဒေသတွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်ပွားစေရန် သွေးထိုးလှုံ့ဆော်မှုများရှိနေ၍ YMBA ၏ ပြန်လည်လှုပ်ရှား ဆောင်ရွက်လာခြင်းကို ဒေသခံများက သံသယရှိနေကြခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သည့် YMBA (ရခိုင်ပြည်) ၏ ဩဝါဒခံယူ တွေ့ဆုံမိတ်ဆက်ပွဲတွင် ပြည်နယ်သံဃနာယက ဥက္ကဌ ဖြစ်သည့် တောင်းရွှေရွာကျောင်း ဆရာတော်ကြီး၊ မြိုနယ်သြဝါဒစရိယ ဖြစ်သည့် ပညာလက်ာရကျောင်း ဆရာတော်ကြီး၊ နိုင်ငံတော်ဗဟိုဝန်သံဃဝန်ဆောင် ဖြစ်သည့် ပညာမဏ္ဍိုင်ကျောင်း ဆရာတော်ကြီး၊ ပြည်နယ်ဘုန်းတော်ကြီးကျောင်းပညာသင်ကြးမှု ပြည်နယ်အတွင်းရေးမှူး ဖြစ်သည့် ရွှေစေတီကျောင်း ဆရာတော်ကြီးနှင့် အဖွဲ၊ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ကော်မတီဝင်များထဲတွင် ဦးမောင်သိန်းခိုင် (အတွင်းရေးမှူး)၊ ဦးဇော်ထွန်း (ခိုင်မော်ကွန်း) စသည့် လူပုဂ္ဂိုလ် ၂၀ ဦးခန့်ပါဝင်ပြီး ဩဝါဒခံယူပွဲသို့ တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်သို့ စားသုံးဆီ တင်သွင်း ရောင်းချနေသည့် စီးပွားရေးလုပ်ငန်းရှင် ဦးကျော်အေးမောင်က YMBA (ရခိုင်ပြည်) အသင်း ရန်ပုံငွေအတွက် ငွေကျပ် ၅ သိန်း မတည်လှူဒါန်းထားကြောင်းလည်း သိရသည်။

ဗုဒ္ဓဘာသာကလျာဏယု၀အသင်း (YMBA) ၏ သမိုင်းအနှစ်ချုပ်မှာ ၁၉၀၆ ခုနှစ်၊ မေလ ၁၀ ရက်နေ့က ရန်ကုန်ကောလိပ် ကျောင်းသား မျိုးချစ်လူငယ်တစုကနေ စတင် တည်ထောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မူလရည်ရွယ်ချက်မှာ အမျိုး၊ ဘာသာ၊ သာသနာနှင့် ပညာ မြှင့်တင်ခြင်းဖြစ်သည်။

သို့သော်လည်း YMBA အသင်းသည် ပထမပိုင်းတွင် သာသနာရေး ပညာရေးနှင့် လူမှုရေးလုပ်ငန်းများကို ဇောင်းပေး လုပ်ဆောင်ခဲ့ရာမှ တဖြည်းဖြည်းနှင့် ဗြိတိသျှ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး လုပ်ငန်းများထံသို့ ဦးတည်ရှေးရှုလုပ်ဆောင်လာကာ မြန်မာစစ်တပ်၏ အမျိုးသားရေးလှုပ်ရှားမှုများတွင် ပူးပေါင်းဆောင်ရွက်လာသည်။

လက်ရှိအချိန်အထိလည်း YMBA သည် မြန်မာစစ်တပ်၏ အမျိုးသားရေး၊ နိုင်ငံရေးလှုပ်ရှားများတွင် ရပ်တည်ဆောင်ရွက်ကာ မြန်မာစစ်တပ်ဖက်ကလည်း ကျော့ထောက်နောက်ခံပြုထားသည်ကို တွေ့ရသည်။

YMBA ကို လူပုဂ္ဂိုလ်သီးသန့်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော်လည်း နောက်ပိုင်းတွင် သံဃာတော်များပါ ဦးဆောင်သူထဲတွင် ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်လာကာ လက်ရှိ လူဂ္ဂိုလ်၊ သံဃာတော်များ ပူးပေါင်းဖွဲ့စည်းထားသည်ကိုလည်း တွေ့ရသည်။

၂၀၁၂ ခုနှစ်က ဘာသာရေးကို အခြေခံပြီး စတင်ခဲ့သည့် ရခိုင်ပြည်အတွင်း လူမျိုးရေးအဓိကရုဏ်းများမှာ မျိုးချစ်ပုဂ္ဂိုလ်များ၊ သံဃာတော်များနှင့် မြန်မာစစ်တပ်၊ ကြံ့ခိုင်ရေးပါတီတို့၏ လှုံ့ဆော်မှုကြောင့် ပဋိပက္ခ ပိုမိုကြီးထွားခဲ့ရသည်။

ယင်းနောက် ၂၀၁၇ ခုနှစ်တွင် ထပ်မံ၍ ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောဒေသတွင် လူမျိုးရေး၊ ဘာသာရေး ပြန်လည် စတင်လာရာ ပဋိပက္ခ ပိုမိုကြီးထွားစေရန် မြန်မာစစ်တပ် ကျော့ထောက်နောက်ခံပြုထားသည့် အမျိုးသား ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) က ရခိုင်ပြည်သူများအား စည်းရုံးသွေးထိုးလှုံ့ဆော်ခဲ့သည်။

ရခိုင်ပြည်ထဲက အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက်အဖွဲ့အစည်းအချို့မှ ခေါင်းဆောင်များ၊ ရခိုင်သံဃာတော်ကြီးများ၊ မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဒေသခံ ရခိုင်ခေါင်းဆောင်အချို့က မဘသ ခေါင်းဆောင်တစ်ဦးဖြစ်သည့် အစွန်းရောက်ဦးဝီရသူနှင့် ပူးပေါင်းကာ ရခိုင်နှင့် မွတ်ဆလင်တို့ကြား ချစ်ခင်စည်းလုံးမှု ပျက်ပြားစေရန် သွေးထိုးလုပ်ဆောင်ခဲ့ကြသည်။

NLD အစိုးရမှ တိုက်ဖျက်ခဲ့၍ လက်ရှိတွင် မဘသ အဖွဲ့အစည်း မရှိသော်လည်း YMBA က အမျိုးဘာသာ သာသနာ မြှင့်တင်ရေးကို အကြောင်းပြ၍ မြန်မာစစ်တပ် (စစ်ကောင်စီ) နှင့် ပူးပေါင်းကာ တော်လှန်ရေးအင်းအားစုများနှင့် ပြည်သူများကြား ဝင်ရောက်နှောက်ယှက်ပြီး ရခိုင်ပြည်အတွင်း ပြဿနာများ ဖန်တီးမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

ရခိုင်တွင် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်စေရန် လှုံ့ဆော်ခဲ့သော အဖွဲ့တစ်ခုဖြစ်သည့် မဘသ အဖွဲ့ကဲ့သို့ YMBA လည်း ရခိုင်နှင့် မွတ်ဆလင်တို့ကြား ပဋိပက္ခဖြစ်ပွားစေရန် လုပ်ဆောင်လာနိုင်ကြောင်း စစ်တွေဒေသခံ တစ်ဦးက ထောက်ပြသည်။

“YMBA ရခိုင်အသင်းမှာ ရခိုင်ပြည်နယ် သာသနာရေးဝန်ကြီးဌာန ပါလာတယ်။ ဒါကြောင့် စစ်တပ်က ကျော့ထောက်နောက်ခံပြုထားတယ်လို့ ယူဆရတယ်။ နဂိုကလည်း YMBA အဖွဲ့ဟာ တိုင်းပြည်မှာ ရုန်းရင်းဆန်ခတ် ဖြစ်ပြီဆိုရင် စစ်တပ်ဖက်က ထောက်ခံတတ်တယ်။ စစ်တပ်ကို ပံ့ပိုးပေးတတ်တယ်။ အခု ရခိုင်ပြည်မှာ ဒီလောက် စစ်ရှိန်ပြင်းနေတဲ့အချိန်မှာ ဒီလိုမျိုး ဖွဲ့စည်းလာတာက မဘသ လိုမျိုး YMBA က ရခိုင်မှာ ဘာသာရေးစစ်ပွဲဖြစ်ဖို့ တွန်းအားမပေးလာနိုင်ဘူးလို့ ပြောလို့မရဘူး။ အမှန်ဆို ဒီကာလမှာ ရခိုင်မှာ YMBA ဖွဲ့စရာမလိုဘူးလေ” ဟု ပြောသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ရခိုင်ပြည်အတွင်း AA ၏ ထိုးစစ်ကို ကြည်း၊ ရေ၊ လေ တပ်အင်အားအစုံအလင်ဖြင့် ပြင်းပြင်းထန်ထန် ခုခံနေရပြီး ရက္ခိုင့်တပ်တော် AA ကမူ စစ်ကောင်စီ၏ တပ်စခန်း တစ်ခုပြီးတစ်ခု သိမ်းပိုက်နေသည်။

စစ်ကောင်စီအနေဖြင့် AA ၏ ထိုးစစ်ကို ဆုံးရှုံးမှုများစွာ ခုခံနေရ၍ ဒေသခံပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်လာပြီးနောက် သေနတ်သံများကို အာရုံလွှဲရန် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖက်သို့ ဦးတည်လာနေသည်။

နိုဝင်ဘာလကုန်ပိုင်းကစ၍ ဘူးသီးတောင်၊ မောင်တောဒေသတွင် စစ်ကောင်စီတပ်သားများက မွတ်ဆလင်ဘာသာရေးခေါင်းဆောင်များ၏ အမည်များနှင့် မွတ်ဆလင်ဘာသာရေးကို ခုတုံးလုပ်၍ AA ၏ ထိုးစစ်များကို ကန့်ကွက်ရန် လက်ကမ်းစာစောင်များဖြန့်ဝေပြီး သွေးထိုးလှုံ့ဆော်နေသည်။

ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေးကို ရက္ခိုင့်တပ်တော် AA က ဖျက်ဆီးနေသည်ဟုဆိုပြီး ရခိုင်ပြည်အတွင်း နေထိုင်သော မွတ်ဆလင်ဘာသာဝင်များအနေဖြင့် ကန့်ကွက်ရှုတ်ကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လုပ်ကြံဇာတ်ခင်း၍ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခဖြစ်စေရန် လက်နက်အားကိုးဖြင့် နေ့စဉ်နှင့်အမျှ တွန်းအားပေးနေသည်။

မောင်တောမြို့ထဲက မွတ်ဆင်ဘာသာရေးခေါင်းဆောင်တစ်ဦးက “စစ်ကောင်စီက ဖြန့်ဝေနေတဲ့ စာစောင်တွေ၊ သွေးထိုးလှုံ့ဆော်မှုတွေကို ကျနော်တို့ မွတ်ဆလင်လူမျိုးတွေရဲ့ သဘာထားဆန္ဒတစ်စုံတစ်ရာ ပါဝင်ခြင်းမရှိပါဘူး။ အဲဒီလို စစ်ကောင်စီရဲ့ အကြံပတ်စက်တဲ့ လုပ်ရပ်တွေကို ကျနော်တို့ မွတ်ဆလင်လူမျိုးတစ်ခုလုံးက ကန့်ကွက်ရှုတ်ချပါတယ်” ဟု ပြောသည်။

မြန်မာစစ်တပ်သည် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်တို့က ထောင်ဂဏန်းခန့်ရှိသော မွတ်ဆလင် အမျိုးသား၊ အမျိုးသမီးများကို ၂၀၁၇ ခုနှစ်က သတ်ဖြတ်ခဲ့ပြီး မွတ်ဆလင်နေအိမ် အမြောက်အများကို မီးရှို့ဖျက်ဆီးကာ ၁၀ သိန်းခန့်ရှိသော မွတ်ဆလင်များကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှင်ထုတ်ခဲ့သည်။

၂၀၁၇ ခုနှစ်က မွတ်ဆလင်လူမျိုးများအပေါ် မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို မေ့ပျောက်၍ ရမည်မဟုတ်ကြောင်း မောင်တောဒေသမှ ဘာသာရေးခေါင်းဆောင်များက ပြောဆိုနေကြသည်။

ထိုကြောင့် ရခိုင်ပြည်အတွင်း စစ်ရေးအလွန်ပြင်းထန်နေချိန် YMBA ရောက်ရှိလာခြင်းမှာ သွေးရိုးသားရိုး မဟုတ်ကြောင်းနှင့် ချိန်ကိုက်ဗုံးတစ်လုံး ရောက်ရှိလာခြင်းနှင့်တူသည်ဟု ရခိုင့်နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်သည်။

“စစ်တပ်က လူမျိုးရေး၊ ဘာသာရေး ဖြစ်ဖို့ သွေးထိုးလှုံ့ဆော်နေတဲ့အချိန်မှာ YMBA ရောက်လာတာက သွေးရိုးသားရိုး မဟုတ်ဘူး။ YMBA ဆိုတာ စစ်တပ်က အပြည့်အဝ ထောက်ခံပေးထားတဲ့ အဖွဲ့ဖြစ်တယ်။ YMBA ထဲမှာ အမျိုးသားရေး၊ ဘာသာရေး အစွန်းရောက်တွေ များတယ်။ အခု ရခိုင်မှာလည်း ဖွဲ့ပြီဆိုတော့ YMBA နဲ့ စစ်တပ်ရဲ့ ထောင်ချောက်ထဲမှာ မဝင်မိစေဖို့ အကြံပြုလိုတယ်။ YMBA ဟာ မဘသ လိုမျိုး စစ်တပ်ရဲ့ ချိန်ကိုက်ဗုံးတစ်လုံးပဲ။ ဒီအချိန်မှာ လူမျိုးရေး၊ ဘာသာရေး ဖန်တီးတဲ့သူတွေဟာ ကိုယ့်သမိုင်းကိုယ် သတ်တာနဲ့ အတူတူပါပဲ ” ဟု ဆိုသည်။

YMBA (ရခိုင်ပြည်) အသင်း၏ ပြန်လည်လှုပ်ရှားဆောင်ရွက်မှုများမှာ ပညာရေးအတွက်သာ ဖြစ်ပြီး နိုင်ငံရေးကိစ္စရပ်များတွင် ပါဝင်ပတ်သက်မည်မဟုတ်ကြောင်းနှင့် YMBA (ရခိုင်ပြည်) တွင်လည်း စစ်ကောင်စီနှင့် ပါဝင်ပတ်သက်ခြင်းများ မရှိကြောင်း ရွှေစေတီကျောင်းထိုင်ဆရာတော်က တုန့်ပြန်ထားသည်။

“ဆရာတော်တို့ YMBA (ရခိုင်ပြည်) က ပြီးခဲ့တဲ့ ၁၀ နှစ်ကနေ ပညာရေး၊ ဘာသာရေး ဖွံ့ဖြိုးတိုးတက်ရေးကိုသာ အဓိက လုပ်လာတာပါ။ အဓိက ဘုန်းကြီးသင်ပညာရေးကို မြှင့်တင်ပေးတယ်။ သံဃာတော်တွေရဲ့ ယာဉ်ကျေးမှုစာမေးပွဲတွေ လုပ်ပေးတယ်။ သံဃာတော်တွေကို ဘွဲ့တွေပေးတယ်။ အခုလည်း ပညာရေးကို မြှင့်တင်ဖို့ ပြန်လည်စုစည်းကြတာပါ။ အဓိက ဦးဆောင်တဲ့ အတွင်းရေးမှူးကွယ်လွန်ပြီးနောက်ပိုင်း အသင်းလှုပ်ရှားမှု ရပ်တန့်နေတာကို ပြန်လည်စုစည်းတာပါ။ ပညာရေးနဲ့ပတ်သက်ပြီး စာမေးပွဲတွေ ပြန်လုပ်ဖို့ ရန်ပုံငွေမရှိလို့ ရန်ပုံငွေ ပြန်ရှာဖို့ ပြန်လည်စုစည်းကြတာပါ။ နိုင်ငံရေးတွေမှာ ဆရာတော်တို့က ပါဝင်ပတ်သက်မှာ မဟုတ်ပါဘူး။ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင်လည်း လုပ်မှာ မဟုတ်ပါဘူး။ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်မှု လုံးဝ မရှိဘူးလို့ ပြောချင်ပါတယ်။ ပညာရေးကိုပဲ အဓိက လုပ်နေတဲ့ အသင်းဖြစ်ပါတယ်” ဟု ရွှေစေတီဆရာတော်က မိန့်ကြားသည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် ဩဝါဒခံယူပွဲတွင် စစ်ကောင်စီ လက်အောက်ခံ မြို့နယ်၊ ပြည်နယ် သံဃနာယက ဥက္ကဌများ တက်ရောက်ခဲ့ခြင်းမှာလည်း သံဃာတော်များ ယဉ်ကျေးမှုစာမေးပွဲ၌ ကြီးကြပ်ပေးနိုင်ရန် တက်ရောက်ခဲ့ခြင်းသာ ဖြစ်ကြောင်းလည်း ဆရာတော်က မိန့်ဆိုသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ဗဟို၏ လက်ရှိ ရပ်တည်ချက်သည် အာဏာသိမ်းစစ်ကောင်စီမှ ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးထောင်ချခြင်း၊ စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းကို ထောက်ခံအားပေးနေ၍ တော်လှန်ရေးအင်အားစုများဖြင့် ဆန့်ကျင်ဖက်ဖြစ်သည်။

မြန်မာစစ်တပ်၏ အကြမ်းဖက်ကျူးလွန်မှုများကို အားပေးထောက်ခံပြီး အမျိုးသားရေးလှုပ်ရှား ဆောင်ရွက်နေသော YMBA အဖွဲ့ဝင်များကို တော်လှန်ရေးအင်အားစုများမှ ရှင်းလင်းသုတ်သင်နေကြောင်းနှင့် ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့က ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှ YMBA မြို့နယ်ဥက္ကဋ္ဌ ဦးလှကြည် သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ် ရှိခဲ့သည်။

စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကို ထောက်ခံအားပေးပြီး ပူးပေါင်းဆောင်ရွက်မှုကြောင့် YMBA အဖွဲ့ဝင်များ သတ်ဖြတ်ခံရမှုမှာ အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ ၁၀ ဦးရှိပြီဟု YMBA ဗဟိုက ထုတ်ပြန်ထားသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/809002691239159

Leave a Reply

Your email address will not be published.