ပွင့်လင်းရာသီတွင် ဇာတ်မကနိုင်သဖြင့် ရခိုင်ဇာတ်သဘင်များ အခက်တွေ့နေ

By DMG / 2023 December         2

ပုံစာ – ရခိုင်ဒေသအတွင်း ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲနှင့် အလှူအတန်းပွဲအချို့တွင် ဇာတ်ပွဲကို ထည့်သွင်းကျင်းပကြပြီး တချို့ကျေးရွာများတွင် နှစ်စဉ်ကျင်းပလေ့ရှိသည်။ (ဓာတ်ပုံ – ရတနာသန်းအောင်သဘင်)

ရခိုင်ပြည်အတွင်း တိုက်ပွဲများ ပြင်းထန်နေမှုနှင့်အတူ စစ်ကောင်စီက ခရီးသွားလာခွင့် ပိတ်ပင်ထားမှုကြောင့် ဇာတ်သဘင်အဖွဲ့သားများမှာ မျှော်လင့်ချက်ကင်းမဲ့နေရကြောင်း သဘင်လောကသားများက ပြောသည်။

လက်ရှိပွင့်လင်းရာသီသည် ကပြဖျော်ဖြေရမည့် အချိန်ဖြစ်သော်လည်း စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှု၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်နေမှုတို့ကြောင့် ဇာတ်သဘင်များကို ရပ်နားထားကြရသည်။

“ဒီအခြေနေထိ ဖြစ်လာမယ်လို့ မမျှော်လင့်ခဲ့ဘူး။ သဘင်သည်တွေက မျှော်လင့်ချက် အများကြီးထားခဲ့ကြတာ။ အခုချိန်ဆိုရင် မနားမနေဇာတ်ကရမယ့်အချိန် ရောက်နေပြီ။ ဒါပေမယ့် အခုက ဇာတ်သဘင်တွေအကုန်လုံး ရောက်တဲ့နေရာမှာပဲ ရပ်နားနေရတယ်” ဟု ရခိုင်ဇာတ်သဘင်အစည်းအရုံးမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

ရခိုင်တွင် ၂၀၂၂ ခုနှစ်က ဇာတ်သဘင်အဖွဲ့ ၁၃ ခုသာရှိခဲ့ပြီး ယခုနှစ် ပွင့်လင်းရာသီတွင် ဒေသတည်ငြိမ်မည်ဟု ယူဆချက်ဖြင့် ဇာတ်အဖွဲ့စုစုပေါင်း ၂၀ အထိ ရှိလာကြောင်း ဇာတ်သဘင်အစည်းအရုံးမှ သိရသည်။

သို့သော်လည်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား တိုက်ပွဲများသည် နိုဝင်ဘာ ၁၃ ရက်တွင် ပြန်လည်စတင်လာသဖြင့် ဇာတ်သဘင်များ ကပြဖျော်ဖြေမှုကို ရပ်နားထားရခြင်းဖြစ်သည်။ ယခင်ကဆိုလျှင် တိုက်ပွဲကာလအတွင်း နယ်မြေဒေသတည်ငြိမ်သည့် နေရာများတွင် ကပြဖျော်ဖြေခွင့် အနည်းငယ်ရရှိခဲ့သော်လည်း လက်ရှိတွင် သွားလာခွင့်ပိတ်ဆို့ခံထားရ၍ ဇာတ်သဘင်အဖွဲ့များမှာ လက်ရှိရောက်နေသောနေရာတွင် ပိတ်မိနေကြသည်။

လက်ရှိတွင် ဇာတ်သဘင်အဖွဲ့ ၂၀ လုံး ရပ်နားထား၍ သဘင်အဖွဲ့သား ၁,၀၀၀ ခန့်မှာ  အလုပ်လက်မဲ့ဖြစ်နေကြပြီး ဇာတ်ပိုင်ရှင်များမှာလည်း နစ်နာမှုများစွာ ဖြစ်ပေါ်နေသည်။

“ပိုက်ဆံရမယ့်အချိန်မှာ ရပ်နားထားရတော့ နစ်နာမှုအပိုင်းကို ပြောစရာမလိုတော့ဘူး။ လူပေါင်း ၇၀ လောက်ကို တစ်မိုးလုံးကျွေးမွေးပြီး ဇာတ်တိုက်ထားရတာ။ အလုပ်မလုပ်ရတော့ ငွေအင်အားအရကော၊ အချိန်ကော အကုန်လုံး နစ်နာရတယ်”  ဟု ရခိုင်မှ ဇာတ်သဘင်အဖွဲ့ ပိုင်ရှင်တစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် ဇာတ်အဖွဲ့ ၂၀ ရှိသည့်အနက် တစ်ဖွဲ့လျှင် မင်းသား၊ မင်းသမီးအပါအဝင် အဖွဲ့သားဦးရေ ၇၀ ခန့်ရှိပြီး တစ်နှစ်ငှားရမ်းခမှာ သိန်းထောင်ချီရှိကြောင်း သိရသည်။

ဇာတ်သဘင်အဖွဲ့တချို့မှာ တိုက်ပွဲမဖြစ်မီက ပွဲအနည်းအကျည်း ကပြဖျော်ဖြေခွင့်ရရှိခဲ့ပြီး အများစုမှာ လုံးဝ ကပြခွင့်မရခဲ့ကြသလို လက်ခံထားသည့် ဇာတ်ပွဲများကိုလည်း ဖျက်သိမ်းလိုက်ရသည်။

“တိုက်ပွဲက ဘယ်အချိန်မှရပ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး။ ဆိုတော့ ကျနော်တို့ သဘင်သည်တွေလည်း ကပြခွင့်ရပါအုံးမလားဆိုပြီး စိတ်ပူနေရတယ်။ လုံးဝ ကပြခွင့်မရတော့ဘူးဆိုရင် ဇာတ်အဖွဲ့သားတွေအတွက် ဘယ်လိုဖြေရှင်းရမလဲတောင် မသိတော့ဘူး” ဟု အာရီယာန်မိုးချစ်ဇာတ်သဘင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရခိုင်က ဇာတ်သဘင်အဖွဲ့များမှာ ပထမအကြိမ် တိုက်ပွဲပြင်းထန်ခဲ့သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ၃ နှစ်တာ ရပ်နားခဲ့ရပြီး ၂၀၂၂ ခုနှစ်တွင် အနည်းငယ်ကပြခွင့်ရရှိခဲ့ကြောင်း သဘင်အဖွဲ့သားများထံမှ သိရသည်။

https://www.facebook.com/dmgnewsagency/posts/742201174620148

Leave a Reply

Your email address will not be published.