ပလက်ဝ နှုံးဘူးတွင် ထိတွေ့တိုက်ပွဲအနည်းငယ်သာရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောသော်လည်း လက်ရှိမြေပြင်တွင် လေယာဉ်နှင့်ပါ တိုက်ခိုက်နေရပြီး စခန်းမကျရန် ခုခံကာကွယ်နေရ 

By Narinjara / 2023 December     9

ဓာတ်ပုံ- နှုံးဘူးဗျုဟာကုန်း

ရက္ခိုင့်တပ်တော် (AA)က စခန်းသိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ပလက်ဝမြို့နယ်မှ “နှုံးဘူး” ဗျူဟာကုန်းစခန်းတွင် ထိတွေ့တိုက်ပွဲအနည်းငယ်သာ ရှိသည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသော်လည်း လက်တွေ့ မြေပြင်တွင် စခန်းမကျရန် လေယာဉ်များအသုံးပြုပြီး ခုခံကာကွယ်နေရသလို လက်နက်ကြီးများဖြင့်လည်း ပစ်ကူပေးနေရသည်ဟု ဒေသသတင်းရင်း မြစ်များက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

“ တိုက်ပွဲက ထိတွေ့တိုက်ပွဲဖြစ်နေမဟုတ်ပါဘူး။ အရမ်း ပြင်းထန်နေပါတယ်။  ဗုံးချသံတွေ၊ လက်နက်ကြီးပစ်ခတ်သံတွေကို ပလက်၀ကနေ ဆက်တိုက် ကြားနေရပါတယ်။  အေအေက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက် နေပါတယ်။ ပလက်၀နေ အသံတွေ ကြားနေရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ တာမိုးညဲနှင့် ပလက်ဝနှုံးဘူးတို့တွင် ထိတွေ့တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “နှုံးဘူး” ဗျူဟာကုန်းစခန်းတွင် ထိတွေ့တိုက်ပွဲအနည်းငယ်သာရှိသည်ဟု  ပြောဆိုချက်ကို စစ်ကောင်စီပိုင် မြန်မာအလင်းသတင်းစာက ယနေ့ဒီဇင်ဘာလ ၉ ရက်တွင်ဖော်ပြသည်။

“ထိတွေ့တိုက်ပွဲများအနေနဲ့ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နမ့်ခမ်းနဲ့တာ မိုးညဲမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။ နမ့်ခမ်းကိုတော့ ရန်သူအနေနဲ့ နမ့်ခမ်းစခန်းကိုတိုက်ခိုက်နေတာ တစ်လကျော်လောက်ရှိနေပြီဖြစ်ပါတယ်။ စစ်တွေ ရခိုင်ပြည်နယ်ဘက်မှာတော့ နှုံးဘူးဘက်မှာ ထိတွေ့တိုက်ပွဲ အနည်းငယ်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိတွေ့တိုက်ပွဲအနည်းငယ်သာ ရှိသည်ဟု ပြောဆိုသည့် “နှုံးဘူး”ဗျူဟာကုန်းစခန်းကြီးကို AA က နိုဝင်ဘာလ ၁၄ ရက်မနက်ပိုင်းကစတင်ပြီး စခန်းသိမ်းပိုက်နိုင်ရေး အစွမ်းကုန်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။ 

AA က အဆိုပါနှုံးဘူးဗျူဟာကုန်းစခန်းနှင့် တရွန်အိုင်ဗျူဟာကုန်းစခန်းတို့ကို တချိန်တည်း စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ ၂၁ ရက်အကြာ ဒီဇင်ဘာလ ၅ ရက်၊ နေ့လယ်တစ်နာရီကျော်တွင် “တရွန်အိုင်” ဗျူဟာကုန်း စခန်းကြီးအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

ပလက်ဝမြို့နယ်မှ အဆိုပါဗျူဟာကုန်းစခန်းကြီးတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ ဂျက်လေယာဥ်များ၊ ဓာတုဓာတ်ငွေ့ပါသည့် ဗုံးများဖြင့် စခန်းကျဆုံးမသွားရေး ခုခံနေရကြောင်း AA က သတင်းထုတ်ပြန်ထားသည်။

“တရွန်အိုင်” ဗျူဟာကုန်းစခန်းကြီးကို သိမ်းပိုက်ပြီးနောက် ကျန်ရှိနေသည့် နှုံးဘူးဗျူဟာကုန်းအား ရန်သူ၏ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြင့် ခုခံနေသည့်ကြားမှ AA က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒီဇင်ဘာလ ၆ ရက်က ထုတ်ပြန်ခဲ့သည်။

ပလက်ဝမြို့နယ်၊ တရွန်အိုင်ဒေသခံတစ်ဦးက “နှုံးဘူးစခန်းကို ၄ ပုံ ၃ ပုံလောက်ရထားပြီလို့ သိရပါတယ်။ မနေ့ညက မိုးရွာတော့ မတိုက်ဖြစ်ဘူး ထင်တယ်။ ဒီနေ့မနက်မှာတော့ ပြန်တိုက်နေတယ်လို့ ပြောသံကြားပါတယ်။ ဒီနေ့ သိမ်းမယ်လို့လည်းကြားရပါတယ်” ဟု ပြောသည်။

အဆိုပါ”နှုံးဘူး” ဗျူဟာကုန်းကိုလည်း ဒီဇင်ဘာလ ၇ ရက်မွန်းလွဲပိုင်းတွင် AA က သိမ်းပိုက်ထားပြီဟု ဒေသတွင်းသတင်းထွက်ပေါ်နေသော်လည်း AA ဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးသလို နိရဥ္စရာအနေဖြင့်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ (NN-23)

https://www.facebook.com/narinjara.info/posts/754386803395118

Leave a Reply

Your email address will not be published.