တိုက်ပွဲပြင်းထန်နေသည့်ရက္ခိုင်တွင် ရာသီပေါ်သီးနှံများထွက်ရှိသော်လည်း အခြေခံစားသောက်ကုန်စျေးနှုန်းများမှာ ဆက်လက်မြင့်နေဆဲ

By Arakan Bay News / 2023 December      30

တိုက်ပွဲပြင်းထန်နေသည့် ရက္ခိုင်တွင် လက်ရှိအချိန်၌ ရာသီပေါ် ဆောင်းသီးနှံများ ထွက်ရှိနေပြီဖြစ် သော်လည်း အခြေခံစားသောက်ကုန်များ၊ ရာသီပေါ်ဟင်းသီး၊ ဟင်းရွက်များ၏ စျေးနှုန်းများမှာ ဆက်လက်မြင့်တက်လျှက်ရှိသည်။

အ​ခြေခံစား​သောက်ကုန်များ​ဖြစ်သည့် ငရုတ်သီး၊ ငပိ၊ ဆား၊ ဟင်းချိုမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ဂျင်း၊ ငရုတ်ကောင်း၊ ဆီ စသော ကုန်စျေးနှုန်းများသည် လက်ရှိတွင် ၅ ဆ၊ ၆ ဆခန့်တိုးမြင့်တက်လျှက်ရှိကြောင်း AB News မှစုံစမ်းသိရှိရသည်။

ကုန်စျေးနှုန်းများမှာ အဆမတန်ထိုးတက်သွားသောကြောင့် ဝယ်ယူစားသောက်ရန်ခက်ခဲနေသည့်အပြင် အချို့ကုန်စည်များမှာလည်း ပြတ်လပ်လျှက်ရှိသည် ဟု ဒေသခံ ၁ဦးကပြောသည်။

“ကုန်စျေးနှုန်းတွေက တစ်နေ့ထက်တစ်နေ့ မြင့်လာတယ်။ ဒီနေ့ စျေးနဲ့ မနက်ဖြန်စျေးက မတူဘူး။ ဆီ ၁လီတာ အရင်က ၈၅၀၀ ကနေ ခုဆို ၂၅၀၀၀ ဖြစ်သွားပြီး။ စားတောင်မစားနိုင်တော့ဘူး။ ကြက်သွန်နီတွေဆို ရှာလို့တောင်မရတော့ဘူး” ဟု ဆိုသည်။

ရာသီပေါ်သီးနှံများ ထွက်ရှိချိန်ဖြစ်သော်လည်း ရက္ခိုင်ပြည်၏ နေရာအနှံအပြားတွင် စစ်ကောင်စီ၏ လက်နက်ကြီးအန္တရာယ်ကို ကြောက်လှန့်၍ ဟင်းခင်းများမစိုက်ပျိုးနိုင် ဖြစ်နေကြရသည်ဟု သိရသည်။

ရပ်ရွာများတွင် စိုက်ပျိုးလျှက်ရှိသော ရာသီပေါ် ဟင်းသီးဟင်းရွက်များမှာလည်း လုံလောက်မှုမရှိခြင်း၊ ဝယ်လိုအားများပြားခြင်းတို့ကြောင့် စျေးနှုန်းများမှာ မြင့်တက်လျှက်ရှိသည်။

ရပ်ရွာများတွင်လည်း စစ်ဘေးရှောင်များ ရှိသဖြင့် လူဦးရေများပြားသောကြောင့် ပုံမှန်လည်ပတ်မှုထက် ကုန်စည်များမှာ ရှားပါးလျှက်ရှိသည်ဟု ဒေသခံဆိုင်သည် ၁ဦးကပြောသည်။

“ဒေသတွင်းမှာထွက်တဲ့ ဟင်းသီးဟင်းရွက် ပမာဏထက် စားသုံးသူပမာဏက ပိုများနေတော့ အစားအသောက်ကရှားပါးတာပေါ့။ အရင်ကဆို ဒေသထွက်ဟင်းသီးဟင်းရွက်တွေက ပိုလျှံတယ်။ စျေးတန်တန်နဲ့ ဝယ်ယူရောင်းချရတယ်။ ခုတော့ ရှားပါးတော့ စျေးကြီးကြီးနန့် ဝယ်ယူရောင်းချရတယ်” ဟုဆိုသည်။

ရက္ခိုင်တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီ အဖွဲ့မှ ဖြတ် ၄ဖြတ် လမ်းစဥ်များကို ကျင့်သုံးလျှက်ရှိသည်။ ကုန်းလမ်း၊ ရေလမ်း ဖြတ်တောက်လိုက်ခြင်း စက်သုံးဆီ များရှားပါးခြင်းတို့ကြောင့် ကုန်စည်များ သယ်ယူပို့ဆောင်ရာတွင် စျေးအဆမတန်ကြီးခြင်း အခက်အခဲများလည်း ရှိသည်။

ဟင်းသီးဟင်းရွက်များကို ဝယ်ယူ ရောင်းချသည့်အခါတွင်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ သယ်ယူပို့ဆောင်စရိတ် အဆမတန် ကြီးခြင်းများရှိသည် ဟု ဟင်းသီးဟင်းရွက်များ ရောင်းချသူ ၁ဦးက AB News သို့ပြောသည်။

“ရွာမှာက ဟင်းသီးဟင်းရွက်တွေ ရှားတော့ တစ်ဖက်ရွာတွေက သွားယူပြီး ရောင်းတယ်။ ဟင်းသီးဟင်းရွက်စျေးထက် လမ်းခရီးစရိတ်က ကြီးတော့ ပြန်ရောင်းတဲ့အခါ အဆင်မပြေတော့ဘူး။ ခရမ်းသီး ၁ပိဿာကို ၃၀၀၀ နဲ့ဝယ်တယ် ၂ မိုင်ခရီးကို ၂သောင်းပေးရတယ်။ စရိတ်ကြီးတော့ ပြန်ရောင်းတဲ့အခါ ဝယ်စားမဲ့သူမရှိတော့ဘူး။ ဆိုင်တောင်ပိတ်ထားရတယ်” ဟုဆိုသည်။

လက်ရှိတွင် ရက္ခိုင်ပြည်သူများမှာ စစ်ကောင်စီ၏ ရက်စက်မှုဒဏ်၊ ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်၊ လမ်းခရီးဖြတ်တောက်ပိတ်ဆို့မှုဒဏ်များကို အလူးအလဲ အံကြိတ်၍ ခံစားနေရသည်ဟု ဒေသခံများက ပြောသည်။

“စစ်ခွေးတွေ (စကစ) တွေရက္ခိုင်မှာ မရှိမှ အေးမှာ။ သူတို့တွေရှိနေလို့ အခုလို့ဖြစ်တာ။ ငါတို့လည်း အံ့ကြိတ်ပြီးခံထားမယ်။ သူတို့ (စကစ) လက်အောက်ကလွတ်ရင်ပြီးရော့” ဟု အသက် ၅၀ ကျော် ဈေးသည်တစ်ဦးက ပြောသည်။

ထို့အပြင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း များဖြတ်တောက်ခံရမှုများကြောင့်လည်း ပြည်တွင်း/ ပြည်ပ ငွေလွှဲငွေထုတ်လုပ်ငန်းများ အခက်အခဲ ရှိသည့်အပြင် ဆေးဝါးပြတ်လပ်မှု များကြောင့်လည်း ကျန်းမာရေး အခက်အခဲများနှင့် ရင်ဆိုင်နေရလျှက်ရှိသည်။

#ABN#Arakan#BasicNeedCrisisInArakan@Everyone

https://www.facebook.com/ArakanBayNewsMedia/posts/336201112599480

Leave a Reply

Your email address will not be published.