By DMG / 2023 December 1

တရုတ်သည် ၂၀၁၆ ခုနှစ်တွင် အာဖရိကနိုင်ငံများအတွက် စရန်ငွေ အမေရိကန်ဒေါ်လာ ၂၈.၅ ဘီလျံ ထုတ်ပေးခဲ့သည်။ အများဆုံးထုတ်ပေးခဲ့သည့် ပမာဏဖြစ်ကာ အများစုမှာ အန်ဂိုလာနိုင်ငံသို့ ပေးခြင်းဖြစ်သည်။ ၎င်းနောက်ပိုင်း၌ အာဖရိကအတွက် တရုတ်ထုတ်ချေးငွေသည် လျော့နည်းလာခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် ဒေါ်လာ ၉၉၄.၅ သန်းသာရှိခဲ့သည်ဟု ဘော်စတွန်တက္ကသိုလ်က ပြုစုထားသည့် အာဖရိကအတွက် တရုတ်ချေးငွေ အချက်အလက်များအရ သိရသည်။
သို့သော်လည်း ဤအချက်ကိုကြည့်ပြီး ပြည်ပစီမံကိန်းများအတွက် တရုတ်က ဘဏ္ဍာငွေ ထောက်ပံ့မှု ရပ်ဆိုင်းတော့မည်ဟု ပြောရန်တော့ မဖြစ်နိုင်ပေ။
“စီမံကိန်းတော်တော်များများကို လျော့ချလိုက်တယ် ဆိုတာလောက်ပဲ မြင်ရမယ်ထင်ပါတယ်” ဟု မင်ဒီရာဘာဝင်ဒင်းက ဆိုသည်။ အထူးသဖြင့် ရပ်ဝန်းနှင့်လမ်း စီမံကိန်းများကို ကိုယ်စားပြုမည့် ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိသည့် အခြေခံအဆောက်အဦကြီးများအတွက် ဘဏ္ဍာငွေ ထောက်ပံ့မှုပိုင်းတွင် ဖြစ်သည်။
ရပ်ဝန်းနှင့်လမ်း စီမံကိန်းသည် သမ္မတရှီကျင့်ဖျင်၏ နိုင်ငံခြားရေးမူဝါဒစီမံကိန်း အမှတ်တံဆိပ်လို ဖြစ်နေပြီး အခြေခံဥပဒေတွင်ပါ ထည့်သွင်းထားသည့် အဆင့်အထိ ရောက်နေရာ ရှီကျင့်ဖျင်ရှိသရွေ့ ဤစီမံကိန်းလည်း ရှိနေဦးမည်ဟု လေ့လာသူများက ယူဆကြသည်။
တောင်အာဖရိက၏ စတယ်လင်ဘော့ရှ် တက္ကသိုလ်ရှိ အပြည်ပြည်ဆိုင်ရာနှင့် ခေတ်ပြိုင်နိုင်ငံရေးဌာနမှ သုတေသီတစ်ဦးဖြစ်သူ Tim Zajontz ကတော့ ဘေဂျင်းသည် ရပ်ဝန်းနှင့်လမ်း စီမံကိန်းအား ပြောင်းလဲနေသည့် စီးပွားရေးဆိုင်ရာ အရှိတရားများနှင့်သာမက ပထဝီနိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ လိုက်လျောညီထွေဖြစ်အောင် ဆက်ညှိဖို့ကြိုးစားဦးမည်ဟု ယူဆသည်။
“ကြွေးမြီဆုံးရှုံးတာနဲ့ နိုင်ငံရေးအရ တန်ပြန်ရိုက်ခတ်မှုတွေကို ရှောင်နိုင်အောင်လို့ (ရပ်ဝန်းနှင့်လမ်း) ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ချေးငွေတွေကို ပိုပိုပြီး စိစစ်ဆောင်ရွက်လာနေတယ်” ဟု သူကဆိုသည်။
တရုတ်သည် အာဖရိကဒေသတွင် အကြီးစား အခြေခံအဆောက်အဦ စီမံကိန်းများကို လျှော့ချကာ နည်းပညာ အနည်းအကျဉ်းသာ လိုအပ်သည့် ကုန်ထုတ်လုပ်မှုနှင့် စွန့်ဦးလုပ်ငန်းများတွင် ပိုမိုရင်းနှီးမြှုပ်နှံလာမည်ဟု ယူဆရကြောင်းလည်း Zajontz ကပြောကြားသည်။
ရပ်ဝန်းနှင့်လမ်း စီမံကိန်းသည် အာဖရိကဒေသတစ်ဝန်း၌ ယဉ်ကျေးမှု၊ ပညာရေးနှင့် ဒီဂျစ်တယ်ကဏ္ဍများတွင် တရုတ်၏ လွှမ်းမိုးမှုကို မြှင့်တင်ရန်အတွက် စီးပွားရေးပြင်ပ နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုများလည်း ရှိလာမည်ဟု သူကယူဆသည်။
နိုင်ငံတကာစီမံကိန်း ဘဏ္ဍာရေးရှေ့နေ ဖြစ်သလို ပင်ဆင့်မေဆန် ဥပဒေကုမ္ပဏီ (Pinsent Mason) ၏ တရုတ်ရုံးများအကြီးအကဲဖြစ်သူ ကင်ယိလွေကလည်း ရပ်ဝန်းနှင့်လမ်း စီမံကိန်းသည် နှစ်ဘက်အပြန်အလှန် အကျိုးစီးပွားကို အခြေခံသည့် မိတ်ဘက်အစီအစဉ်ဟု ယူဆသည်။ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ဘဏ္ဍာရေးထောက်ပံ့မှုများသည် အိမ်ရှင်အစိုးရနှင့် ဒေသခံအခြေအနေများ၏ လိုအပ်ချက်ကို စိစစ်ပြီး တုံ့ပြန်ဆောင်ရွက်ခြင်း ဖြစ်သည်ဟုလည်း သူဆိုသည်။
ရလဒ်အနေဖြင့် ရပ်ဝန်းနှင့်လမ်း စီမံကိန်း၏ အချက်အချာ လုပ်ငန်းများသည် ကမ္ဘာတစ်ဝန်းအထိ ရောက်လာမည်ဟုလည်း သူကပြောသည်။
အချို့ဒေသများတွင် အခက်အခဲကြုံလာရလျှင် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုများအပေါ် စိတ်ဝင်စားမှု နည်းလာလျှင် တရုတ်၏ အလေးထားမှုသည် အခြားဒေသများသို့ ရွေ့သွားမည်ဟုလည်း သူကဆိုသည်။ လက်ရှိတွင် လုပ်ငန်းများ အကြီးအကျယ် တိုးချဲ့လျက်ရှိသည့် အရှေ့အလယ်ပိုင်းဒေသကို သူက ထောက်ပြသည်။
“ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အာဖရိကနဲ့ လက်တင်အမေရိကတို့ ပါဝင်တဲ့ အရွေ့တွေ အနည်းဆုံး နှစ်ခုအထိ မြင်ခဲ့ရပြီးပါပြီ။ ကမ္ဘာ့တောင်ပိုင်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တောင်းဆိုမှုတွေက အားကောင်းနေဆဲပါပဲ” ဟု သူကပြောသည်။
စီမံကိန်း၏ ပထမဆယ်စုနှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများ၌ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးကဲ့သို့ အခြေခံကျသည့် အဆောက်အဦများအား အင်တိုက်အားတိုက် ဆောင်ရွက်မှုရှိခဲ့သည်ဟု လွေက ပြောသည်။
သို့သော်လည်း ဖွံ့ဖြိုးမှုအဆင့် အတူညီကြသည့် နိုင်ငံများ၏ လိုအပ်ချက်နှင့် စိန်ခေါ်ချက်များမှာ ခြားနားကြသည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသည့် ရပ်ဝန်းနှင့်လမ်းစီမံကိန်းဆိုင်ရာ တတိယအကြိမ် စာတမ်းဖတ်ပွဲတွင် “ငယ်သော်လှ၏” အိုင်ဒီယာကို သမ္မတရှီကျင့်ဖျင့် ထုတ်ဖော်ပြောကြားခဲ့သည့် အချိန်မှစ၍ ၎င်းစကားစုသည် အထူးရေပန်းစားလာခဲ့သည်။
တရုတ်သည် ယခုအခါ၌ သေးငယ်ပြီး ကာလတိုအတွင်း ပြန်ဆပ်မည့် ဘဏ္ဍာရေးစီမံကိန်းများကို တိုးချဲ့ဆောင်ရွက်လာနေသည်။ တောင်အာဖရိက နိုင်ငံတကာရေးရာ အင်စတီကျု (SAIIA) ၏ အဆိုအရ ၎င်းစီမံကိန်းများသည် များသောအားဖြင့် အသေးစားချေးငွေများအား ကာလတိုအပိုင်းအခြားများတွင်း ပြန်ဆပ်မည့်ပုံစံဖြင့် ငွေထုတ်ချေးခြင်းဟု ဆိုသည်။ ဤနည်းလမ်းအရ ဆောက်လုပ်ရေးစီမံကိန်းများအတွက် သဘောတူငွေချေသည့် ပမာဏသည့် ၂၀၂၁ ခုနှစ်တွက် ဒေါ်လာ ၅၅၈ သန်းရှိခဲ့ရာမှာ ၂၀၂၂ တွင် ၃၂၅ သန်းအထိ ကျဆင်းခဲ့သည်ကို တွေ့ရသည်။
လက်ရှိတွင် အရေးပါသည့် အခြေခံအဆောက်အဦများ ရှိထားပြီးသား ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ယခုထက်ပို အရှည်တည်တံ့မည့် ‘ငယ်၍လှသော’ စီမံကိန်းများအား ပိုမိုစိတ်ဝင်စားလာကြသည်ကို မြင်ရမည်ဟု လွေက ပြောသည်။ ဒေသခံများ၏ ကုန်ထုတ်စွမ်းအင်၊ စက်မှုပုံစံသို့ ကူးပြောင်းခြင်း၊ နိုင်ငံတကာကုန်သွယ်ရေးနှင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်မည့် စီမံကိန်းများ ဖြစ်သည်။
“ထပ်တိုးဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အခြေခံအဆောက်အဦတွေ မရှိသေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ရပ်ဝန်းနဲ့လမ်း စီမံကိန်းဟာ ကြီးမားတဲ့ အခန်းကဏ္ဍမှာ ရှိနေဦးမယ်လို့ ယူဆပါတယ်” ဟု လွေက ဆိုသည်။
ရပ်ဝန်းနှင့်လမ်း စီမံကိန်းများ၏ အနာဂတ်သည် ‘ငယ်၍လှသော’၊ ယခုထက်ပို စရိတ်သက်သာသောပုံစံမျိုး ဖြစ်လာမည်ဟု ဘာဝင်ဒင်းကလည်း သဘောတူသည်။ ဘဏ္ဍာရေးပိုင်းမှာလည်း အလျှော့ပေး လိုက်လျောရသည့် ချေးငွေ သို့မဟုတ် ထောက်ပံ့ငွေ ပုံစံမျိုးထက် စီပွားရေးဆန်ဆန် ချေးငွေမျိုး ပိုဖြစ်နိုင်သည်ဟု သူကယူဆသည်။
“တရုတ်ဟာ စီမံကိန်းရဲ့ အလားအလာနဲ့ ဖြစ်နိုင်ခြေကို ပိုမိုဂရုစိုက် လေ့လာတဲ့ပုံစံ ဖြစ်လာနိုင်ခြေများပါတယ်။ ပြည်ပမှာ သူတို့ ဒီထက်ပိုပြီး ငွေမဆုံးရှုံးနိုင်တော့ဘူး” ဟု ဘာဝင်ဒင်းက ဆိုသည်။
ဘေဂျင်းအခြေစိုက် Development Reimagined အဖွဲ့၏ မူဝါဒရေးရာသုတေသီ Ovigwe Eguegu က တရုတ်၏ စီးပွားရေးဆိုင်ရာလုံခြုံရေးနှင့် မဟာဗျူဟာရှုထောင့်တို့ အများစု ပေါင်းဆုံသည့်နေရာများတွင် ရပ်ဝန်းနှင့်လမ်း စီမံကိန်းသည် ဆက်လက်ဖြစ်ထွန်းနေဦးမည်ဟု ယူဆသည်။ ဤစီမံကိန်းသည် ဧရာမစီမံကိန်းကြီး မဟုတ်သော်လည်း အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး ဆိုသော ခေါင်းစဉ်အောက်တွင် အထိုက်အလျောက် ရှိနေသာ ဗဟိုချုပ်ကိုင်မှု လျှော့ချထားသည့် သဘောတူညီချက်များနှင့် စီမံကိန်းများ ဖြစ်နေသည်ဟု သူက ရှင်းပြသည်။
အချို့စီမံကိန်းများသည် ပထဝီမဟာဗျူဟာပိုင်းအရ တရုတ်အတွက် အထူးလျော်ကန်သည်ဟု သူက ပြောသည်။ ဥပမာအားဖြင့် လာအို-တရုတ် အမြန်ရထားလမ်း စီမံကိန်း၊ တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြ ံ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြ ံတို့ဖြစ်သည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြ ံဆိုလျှင် တရုတ်ပြည် ယူနန်ခရိုင်အား အိန္ဒိယသမုဒ္ဒရာရှိ လောင်စာဆီကုန်သွယ်ရေး လမ်းကြောင်းအထိ ဆက်သွယ်ပေးမည်ဖြစ်ရာ တရုတ်၏ လောင်စာဆီ ထောက်ပံ့ရေးအားနည်းချက်များကို ဗျူဟာမြောက် ဖြေရှင်းပြီး ဖြစ်သည်။ မလက္ကာရေလက်ကြားတွင် အမေရိကန်၊ အိန္ဒိယတို့နှင့် ယှဉ်ပြိုင်နေရခြင်းအတွက်လည်း ဖြေရှင်းချက်တစ်ရပ် ဖြစ်သည်။
‘ငယ်၍လှသော’ က အချက်ပြလိုက်သည်မှာ စီမံကိန်းများ၏ အရွယ်အစား ပြောင်းလဲမှု ဖြစ်ကာ စီမံကိန်းများအတွက် ဘဏ္ဍာငွေ ထောက်ပံ့မှုကို လုံးလုံး ရပ်ပစ်လိုက်ခြင်းမဟုတ်ဟု Eguegu က ထောက်ပြသည်။
“ဘေကျင်းဟာ တရုတ်အတွက် တိုက်ရိုက် မဟာဗျူဟာတန်ဖိုးရှိတဲ့ ဒါမှမဟုတ် လက်ခံနိုင်ငံအတွက် မဟာဗျူဟာအရ ဆက်စပ်ဆီလျော်တဲ့ စီမံကိန်းတွေကို ထပ်ပြီး ဦးစားပေးလာဦးမှာပါ” ဟု သူကဆိုသည်။
South China Morning Post တွင် ဖော်ပြထားသည့် Is China’s Belt and Road Initiative running out of steam? ကို ကောက်နုတ်ဘာသာပြန်ပါသည်။
https://www.facebook.com/dmgnewsagency/posts/741613161345616