By Western News / 2023 December 20
ညီနောင်မဟာမိတ် ၃ ဖွဲ့ကို စစ်ကောင်စီသည် လက်ရည်တူမယှဉ်ပြိုင်နိုင်တော့ဘဲ လီဆယ်သတင်းတုများဖြင့်သာ တိုက်ခိုက်နေကြောင်း MNDAA, TNLA နှင့် AA တို့က ဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့က ရှမ်းမြောက်နှင့် ရခိုင်ပြည်အတွင်း စစ်ရေးအခြေအနေများကို သတင်းထုတ်ပြန်ရာတွင် ညီနောင်မဟာမိတ်တပ်ဖွဲ့က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီသည် လက်ရည်တူမယှဉ်ပြိုင်နိုင်သည့်အတွက် သတင်းတု၊ သတင်းမှားများဖြင့် ပြည်သူများအား ဖြန့်ဝေကာ နိုင်ငံရေးအောက်လုံးများဖြင့် တိုက်ခိုက်လာကြောင်း ညီနောင်မဟာမိတ်တပ်ဖွဲ့က ဆိုသည်။
” စစ်ရေးအရ လက်ရည်တူမယှဉ်ပြိုင်နိုင်သမျှ ကာလပတ်လုံး ၎င်း၏ (စစ်ကောင်စီ) ကျင့်သုံးနေကျ လီဆယ်သတင်းတု၊ သတင်းမှားများနှင့်အတူ နိုင်ငံရေးအောက်လုံးများဖြင့် ရည်ရွယ်ချက်ရှိရှိ ဦးတည် တိုက်ခိုက်လာသည်ကို ခပ်စိပ်စိပ်တွေ့မြင်လာနေရသည် ” ဟု ထုတ်ပြန်ထားသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ဆုံးရှုးမှုအမြောက်အမြားကို ကြုံတွေ့နေရသည့် စစ်ကောင်စီအနေဖြင့် အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ၊ မတရားဖမ်းဆီးခြင်းများကို နေရာအနှံ နေ့စဉ် လုပ်ဆောင်လာကြောင်းလည်း ညီနောင်အဖွဲ့က ပြောသည်။
ယင်းအပြင် စစ်ကောင်စီအခြေစိုက်တပ်စခန်းများမှ အရပ်သားပြည်သူများနေထိုင်ရာ မြို၊ ရပ်ရွာများအား လက်နက်ကြီး၊ ငယ်များအပြင် ရေကြောင်း၊ လေကြောင်းမှ အကြောင်းမဲ့ပစ်ခတ်ခြောက်လှန့်ကာ နေရပ်စွန့်ခွာစေပြီးမှ ၎င်း၏ တပ်ဖွဲဝင်များသည် အရပ်သားပြည်သူများ၏ အိုးအိမ်၊ ပိုင်ဆိုင်မှုပစ္စည်းများအား ခိုးယူ၊ ဖျက်ဆီးခြင်းများအား ဆက်တိုက်ကျူးလွန် နေကြသည်မှာ ပိုမိုအဖြစ်များလာလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီ (မြန်မာစစ်တပ်) သည် စစ်ရေးအရ မယှဉ်ပြိုင်နိုင်သည့် အချိန်တိုင်းတွင် သတင်းတု၊ သတင်းမှားများဖြင့် စွပ်စွဲပြစ်တင်ခြင်းများနှင့် နိုင်ငံရေးညစ်လုံးများကို သုံးကာ တိုက်ခိုက်လေ့ရှိကြောင်းလည်း ရက္ခိုင့်တပ်တော် AA မှ ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေက သီးသန့်ထုတ်ပြန်ထားသည်။
ရှမ်းပြည်နှင့် ရန်ကုန်တိုင်းဒေသတို့တွင် မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတစ်ခုကို ဖမ်းမိထားရာ၌ AA မှ ဗိုလ်မှူးကြီးအအဆင့်သူအပါအဝင် တပ်ဖွဲ့ဝင်အများအပြားကို ဖမ်းမိထားကြောင်း AA အား ထိုးနှက်ရန် စစ်ကောင်စီက သတင်းဖြန့်ဝေခဲ့သည်။
ထိုမူးယစ်ဆေးဝါးကိစ္စတွင် AA က ပတ်သတ်မှုမရှိကြောင်းထုတ်ပြန်ထားပြီး ပြည်သူများအား AA အပေါ် အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ စွပ်စွဲပြစ်တင်ခြင်းသာ ဖြစ်သည်ဟု AA အသိုင်းအဝိုင်းက ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှစ၍ နမ့်ဆန်မြို့ကို မဟာမိတ်အဖွဲ့မှ ပိတ်ဆို့တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့် စစ်ကူ လာရောက်ချပေးခဲ့သည့် အမှတ် ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ်မင်းမင်းထွန်းနှင့်အဖွဲ့သည် ဗျူဟာစခန်းကုန်းကို စွန့်ခွာထွက်ပြေးသွားပြီးနောက် တပ်မမှူးဗိုလ်မှူးချုပ်မင်းမင်းထွန်းတို့အဖွဲ့ကို TNLA က ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ညီနောင်မဟာမိတ်တပ်ဖွဲ့၏ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်နှင့် ရခိုင်ဒေသ၊ ပလက်ဝဒေသတို့တွင် ထောင်နှင့်ချီသော စစ်သည်များကို ဆုံးရှုံးထားသည့်အပြင် ရာနှင့်ချီသော စစ်စခန်းများကိုးလည်း လက်လွှတ်ဆုံးရှုံးရထားကြောင်းနှင့် လက်နက်ခဲယမ်းအမြောက်အများကို ဆုံးရှုံးနေရသည်။
အလားတူ ၁၀၂၇ စစ်ဆင်ရေးနှင့် ချိတ်ဆက်နေသော ကရင်နီဒေသက စစ်ဆင်ရေး၊ စစ်ကိုင်းတိုင်းအတွက်က PDF များ၏ စစ်ဆင်ရေးနှင့် ကရင်ဒေသတို့တွင် စစ်စခန်းများအား ထပ်မံရှုံးဆုံးထားခြင်းအပြင် မြို့များကိုလည်း လက်လွှတ်ဆုံးရှုံးဖြင့် ရင်ဆိုင်နေရသည်။
စစ်ကောင်စီသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်၍ မြန်မာနိုင်ငံအနှံ့တွင် စစ်စခန်းများ ကျဆုံးသွားခြင်းနှင့်အတူ အထိနာလျှက်ရှိနေ၍ တရုတ်အစိုးရ၏ အကူအညီဖြင့် ညီနောင်မဟာမိတ်တပ်ဖွဲ့ကို ငြိမ်းချမ်းရေးစကားဝိုင်းသို့ ဆွဲခေါ်နေသည်။
သို့သော်လည်း ညီနောင်မဟာမိတ်တပ်ဖွဲ့မှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမုန်းရေး စစ်ဆင်ရေးကို ဟန်မပျက်ဆက်လက်ဆင်နွှဲသွားမည်နှင့် မြန်မာပြည်သူလူထုဖြင့် ပူးပေါင်းတိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/802469478559147