စစ်ကောင်စီမှ သွားလာခွင့်ပိတ်ဆို့ခံထားရသည့် ကျောက်ဖြူမြို့နယ်မှ ကျေးရွာများ အငတ်ဘေးနှင့် ကြုံနေရ

By Western News / 2023 December     9

ပုံစာ- ပြီးခဲ့သည့် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ ယခင် တိုက်ပွဲဖြစ်အချိန်က ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ကျေးရွာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အားတွေ့ရစဉ်/ ဓါတ်ပုံ- CJ

အာဏာသိမ်း စစ်ကောင်စီမှ ရေကြောင်း ကုန်လမ်းကြောင်းများကို သွားလာခွင့်ပိတ်ဆို့ထားသည့် ရခိုင်ပြည် ကျောက်ဖြူမြို့နယ်မှ ကျေးရွာများမှာ အငတ်ဘေးနှင့် ရင်ဆိုင် ကြုံတွေ့ နေကြရပြီဖြစ်ကြောင်း ကျေးလက်ဒေသတွင်း နေထိုင်သူများက ပြောသည်။

ကျောက်ဖြူမြို့နယ်မှ ကျေးရွာများကို စစ်ကောင်စီမှ ကျောက်ဖြူမြို့သို့ သွားလာခွင့်အား ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့မှစ၍ ပိတ်ဆို့ခဲ့ပြီး ယင်းနောက် နိုဝင်ဘာ ၂၁ ရက်နေ့တွင် ရေကြောင်းသွားလာခွင့်၊ ငါးဖမ်းခြင်းနှင့် ကျေးရွာအနီးသွားလာခွင့်များကိုပါ စစ်ကောင်စီမှ ထပ်မံပိတ်ဆို့ခဲ့သည်။

ထို့ကဲ့သို့ တင်းကျပ်စွာပိတ်ဆို့ခံထားရသည့် ကျောက်ဖြူမှ ကျေးရွာများမှာ ရိက္ခာနှင့် ဆေးဝါးပြတ်လပ်မှုကို အဓိကရင်ဆိုင်နေရပြီ ဖြစ်သည်ဟု ကျောက်ဖြူ မလကျွန်းမှ ဒေသခံတစ်ဦးက ပြောသည်။

“တစ်ယောက်ကို တစ်ယောက်လည်းမကူနိုင်ပါဘူး။ အခုရေပဲသောက်နေရတဲ့သူတွေတောင်ရှိနေပြီ။ မြို့ကိုမသွား ရရင် လုပ်ကိုင်စားသောက်စရာ လည်းမရှိတော့ဘူး။ ကျေးရွာအနီးနားက ချောင်းမြောင်းတွေမှာတောင် ငါးပုဇွန် ရှာဖွေခွင့်လည်းမရပြန်ဘူး။ နေမကောင်းလို့ ဆေးလေးတစ်လုံးရှာတာတောင် မရတော့ဘူး။ ကျမတို့ ကျေးလက်ကလူတွေ ဘယ်လိုများအသက်ဆက်ရှင်ရမလဲမသိတော့ဘူး” ဟုပြောသည်။

ရိက္ခာပြတ်လပ်မှုအပြင် ဆေးဝါးပြတ်လပ်မှုမှာလည်းအဓိကပြဿနာတစ်ခုဖြစ်နေပြီး နာတာရှည်ရောဂါဝေဒနာ သည်များအနေဖြင့် ရောဂါဝေဒနာများပိုဆိုးရွားလျှက်ရှိနေကြသည်ဟုလည်း ဒေသခံများကဆိုသည်။

ကျောက်ဖြူမှ ကျေးလက်ဒေသတွင်းနေထိုင်သူအများစုမှာ ကျောက်ဖြူမြို့ကို အမှီပြု၍ဟင်းသီးဟင်းရွက်များ ရောင်းချခြင်း၊ ရေထွက်ပစ္စည်းများရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ လုပ်ကိုင်စားသောက်နေထိုင်ကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထိုသို့ပိတ်ဆို့ခံထားရမှုကြားမှ စားဝတ်နေရေးအတွက် နယ်ဖက်မှ ဟင်းသီးဟင်းရွက်စျေးသည့်အချို့မှာ မြို့ပေါ်သို့ သွာရောက်ရောင်းချခဲ့ကြရာ စစ်ကောင်စီမှ ဒေသန္တရအမိန့် ချိုးဖောက်မှုဖြင့် ဖမ်းဆီးမှုလည်းရှိခဲ့သည်။

လက်ရှိကျေးရွာအချို့တွင် ပိတ်ဆို့ခံထားရမှုအခြေနေမှ အနည်းငယ်ဖြေလျော့နိုင်ရန် စစ်ကောင်စီတပ်နှင့် ညှိနှိုင်း၍ တစ်ရွာမှ တစ်ဦးခန့်မြို့သို့ သွားလာခွင့်ရရန် စီစဉ်ခဲ့သော်လည်း အဆင်မပြေမှုများရှိနေဆဲဖြစ်သည်ဟု ဂုံးချွိန်ကျေးရွာမှ ဒေသခံတစ်ဦးကဆိုသည်။

“ရွာက ဥက္ကဋ္ဌက စစ်တပ်နဲ့ နီးစပ်တယ်။ ရွာကလူတွေဘာပဲလုပ်လုပ် စစ်တပ်ကိုတင်ပြတယ်။ ဟိုတလောက စစ်တပ်ကနေ သူ့ကိုအစည်းဝေးခေါ်တယ်။ သူ့တင်ပြချက်အတိုင်း ရွာက ၆ ယောက်မြို့ကိုသွာလာခွင့် ပေးထားတယ်။ အဲ့ထဲမှာ ဥက္ကဋ္ဌရဲ့ မိသားစုဝင် တွေချည်းပဲ။ ဥက္ကဋ္ဌ ယောက္ခမက ကုန်စုံဆိုင်ရောင်းတယ်။ ရွာသူရွာသားတွေ မြို့ကပစ္စည်းတွေမှာရင် မဝယ်လာပေးဘူး။ ဆေးစွဲမြဲသောက်နေရတဲ့ ဆီးချိုသွေးတိုးသမားတွေဆို ငိုယိုပြီးပြော‌တာတောင် မရဘူး ” ဟုပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ကျေးလက်ကျေးရွာအုပ်စုပေါင်း ၅၀ ကျော်ရှိပြီး အုပ်စုတစ်ခုတွင် အိမ်ထောင်စု ၁၀၀ မှ ၃၀၀ ကြားရှိတတ်ပြီး လက်ရှိ အဆိုပါကျေးရွာအုပ်စု အားလုံးမှာ သွားလာခွင့်ပိတ်ဆို့ကန့် သတ်ခံထားကြရ ခြင်းဖြစ်သည်။

စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ရခိုင်တောင်ပိုင်းရှိ ကျောက်ဖြူမြို့နယ်အား ယခုကဲ့သို့ပိတ်ဆို့ထားခြင်းမှာ လက်နက်အားကိုးဖြင့် ပြည်သူများအား အနိုင်ကျင့်နေခြင်းသာဖြစ်သည်ဟု ကျောက်ဖြူမှ ရပ်မိရပ်ဖတစ်ဦးက ပြောဆိုထားသည်။

“ဒီလိုနယ်နဲ့ မြို့ ဆက်သွယ်ရေးလမ်းတွေပိတ်လိုက်တာက နှစ်ဖက်လုံးကို အခက်တွေ့စေတယ်။ နှစ်ဖက်လက်နက်ကိုင်တွေဖြစ်ကြတဲ့ကိစ္စက ပြည်သူတွေနဲ့ဘာမှမဆိုင်ဘူး။ ပြီးတော့ တိုက်ပွဲဖြစ်တဲ့ဒေသလည်း မဟုတ်ဘူး။ ခုလိုလုပ်တာက လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာမျိုးပဲ ” ဟုပြောသည်။

ရခိုင်တွင် စစ်ကောင်စီတပ်မှ လက်ရှိကျောက်ဖြူမြို့နယ်အပြင် ဒေသတွင်းရှိ မြိုနယ့်ချင်းဆက် ရေလမ်းကုန်လမ်းနှင့် ဒေသတွင်း ကုန်စည်စီးဆင်းရာလမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားမှုရှိပြီး ထိုသို့ပိတ်ဆို့ထားမှုမှာ ၁ လနီးပါးခန့်ရှိလာပြီဖြစ်သည်။

ထိုအခြေနေကြောင့် ရခိုင်ပြည်တွင်းတွင် ဆေးဝါးအပါအဝင် စားသောက်ကုန်လူသုံးကုန်များ ပြတ်လပ်မှုပိုလာပြီး လက်ကျန်ကုန်များ၏ စျေးမှာလည်း မူလစျေးထက် ၄ ဆနီးပါးခန့်မြင့်တက်နေပြီး ဝယ်ယူရခက်ခဲလျှက် ရှိနေသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/795915395881222

Leave a Reply

Your email address will not be published.