ကျောက်ဖြူမြို့တွင် လူလတ်ပိုင်းအမျိုးသားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွား

By Narinjara / 2023 December     9

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် လူလတ်ပိုင်း အမျိုးသားတစ်ဦးကို ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သံသယဖြင့် စစ်ကောင်စီက ယမန်နေ့ညက လာရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်မှ ကိုစောရန်နိုင် (၃၆)နှစ်ဖြစ်ကြောင်း သိရသည်။

၄င်းကို ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်၊ ည ၈ နာရီ ၄၅ မိနစ်တွင် စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ) ၆ ဦးက အိမ်စီးကားတစ်စီးဖြင့် နေအိမ်သို့လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း တစ်ရပ်ကွက်တည်းနေထိုင်သူများက နိရဥ္စရာသို့ပြောသည်။

“ဖမ်းဆီးဖို့လာတဲ့အချိန်မှာ စရဖအဖွဲ့ဝင် ၆ ယောက်ပါတယ်။ အိမ်စီးကား   တစ်စီးနဲ့တင်ပြီး ခေါ်သွားပါတယ်” ဟု အလယ်ပိုင်းရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။

ကိုစောရန်နိုင်ကို စစ်ကောင်စီက ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်မှု သံသယဖြင့် ဖမ်းဆီးသွားခြင်း ဖြစ်ပြီး လက်ရှိမည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရှိရကြောင်း သူက ဆက်ပြောသည်။

“အခုက AA နဲ့ဆက်စပ်တယ်ဆိုပြီး မတရားစွပ်စွဲပြီး ဖမ်းချင်တဲ့လူအကုန် လိုက်ဖမ်းနေတာ။ သူ့ကိုလည်း အဲဒီလိုခေါင်းစဥ်တပ်ပြီးဖမ်းတာပဲ။ သူ့ကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာတော့ မသိရပါဘူး” ဟု နိရဥ္စရာသို့ ပြောသည်။

ဒီဇင်ဘာလ ၄ ရက်၊ နံနက်ပိုင်းကလည်း ကျောက်ဖြူမြို့သို့ဟင်းသီးဟင်းရွက် ရောင်းချရန် လာရောက်သည့် ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို ဒီဇင်ဘာလ ၅ ရက်တွင် အာမခံဖြင့်ပြန်လွှတ်ပေးခဲ့သည်။

ရခိုင်တွင် စစ်ကောင်စီက အရပ်သားများကို ဖမ်းဆီးမှုများဆက်တိုက်လုပ်နေပြီး နိုဝင်ဘာလ ၁၃ ရက်မှစ၍ ဖမ်းဆီးခံရသည့်အရပ်သား ၁၀၀ ဦးထက် မနည်းရှိနေကြောင်း သိရသည်။ (

https://www.facebook.com/narinjara.info/posts/754321170068348

Leave a Reply

Your email address will not be published.